Showing posts with label နံနက်ခင်းသြဝါဒများ. Show all posts
Showing posts with label နံနက်ခင်းသြဝါဒများ. Show all posts

Sunday, September 1, 2013

"အမွေလား အမွှေလား သတိထားဖို့ "


"မေတ္တာအစေးတွေ ပြယ်ကြရသတဲ့"

“မနေ့တုန်းက ဥပုသ်နေ့လည်း ဖြစ်တော့ အားလပ်ကြလို့ မန္တလေးက ဒကာ-ဒကာမတစ်စု လာကန်တော့ကြတယ်၊ ... ဘုန်းကြီးကို ဟိုစဉ်တုန်းကအတိုင်း ကြည်ညိုရင်းစွဲ ရှိကြတဲ့ သူတွေပါပဲ၊ အဲ..သူတို့ ပြောကြ, လျှောက်ကြတဲ့အထဲမှာ... သူတို့မယ် ... တဲ့၊
ညီအစ်ကို မောင်နှမ ၇-ယောက် ရှိတာ, ဟိုတုန်းက တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတယ်...တဲ့၊ အခု အရင်လို မဟုတ်ကြတော့ဘူး...တဲ့။

“ဟဲ့...ဘယ်လိုဖြစ်ကြတာလဲ””လို့ မေးတော့ “အမွေကိစ္စ တွေပေါ့ဘုရား”တဲ့၊ 
အမေတို့ အဖေတို့က အိုကုန်ပြီ ဖြစ်လို့ ရသင့် ရထိုက်တာလေးတွေ သားသမီးတွေကို ဝေပေးတော့ “သူနည်းတယ်, ငါများတယ်”နဲ့က စတာပဲ၊ အမေတို့, အဖေတို့ အပေါ်လည်း မကျေနပ်ကြဘူး၊ ညီအစ်ကို မောင်နှမချင်းလည်း နည်းနည်းစီ စကားများကြရာက စတာပဲ...တဲ့။

Thursday, January 3, 2013

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၂၆} (နတ်ပြည်ကို မလိုက်ချင်၊ ဘုရားသာသနာမှာ သက်သာစွာ မနေကြနဲ့ )



နတ်ပြည်ကို မလိုက်ချင်

ဘုရားသာသနာမှာ သက်သာစွာ မနေကြနဲ့

မြတ်စွာဘုရားက ကမ္ဘာပေါင်းများစွာ သူတစ်ပါးအကျိုးကို ဆောင်ခဲ့တယ်၊ သာသနာတော်က အလုပ် လုပ်နေမှ၊ အလုပ်မရှိရင် အပြစ်နဲ့ချည်းပဲ၊ ကောင်းကောင်းနေရင် အပြစ် မရှိဘူး၊ သက်သက်သာသာ နေခဲ့ရဲ့လား၊ မနေခဲ့ပါဘူး၊ သတ္တဝါတွေအပေါ် သနားခဲ့တယ်၊ ပရိနိဗ္ဗာန်စံခါနီးကျတော့ “သင်တို့ မေးစရာရှိရင် မေးထားကြ”လို့ နောက်ဆုံးထိအောင် အများအကျိုး သယ်ဆောင်သွားတယ်၊ သက်သာရဲ့လား၊ မသက်သာပါဘူး၊ သာသနာမှာ သက်သာစွာ မနေကြနဲ့။

          ဘုရားအမိန့်တော်က ၂၅၀ဝ ကျော်ခဲ့ပြီ၊ မြတ်စွာဘုရားရဲ့ တရားတော်ကို လိုက်စားသူတွေဟာ စိတ်ချမ်းသာရတယ်၊ ဘုရားကို မြင်သူတွေကလဲ ကြည်ညိုလို့ မြတ်စွာဘုရားက အခု ဟောလိုက်တယ်ဆိုရင် အများကြီး ကိစ္စပြီးခဲ့တယ်၊ ဘုရား သာသနာကို စောင့်ရှောက်ရတာက ကျေးဇူးများပါတယ်၊ ဘုရားတရားတော်ကို လိုက်နာနေရင် ဘုရားစကား နားထောင် နေတာပါပဲ၊ ဘုန်းကြီးတွေက လောဘတွေ များရင် သာသနာ ကွယ်သွားမယ်၊ ဒီကျောင်းတိုက်ကြီး စည်ကားအောင်ဘုန်းကြီး တစ်ပါးတည်း မဖြစ်ပါဘူး၊

ငွေအား, လူအား, ဉာဏ်အားနဲ့ ပြည့်စုံနေမှ ဖြစ်တာ၊ တချို့က ကျောင်းကြီးတွေ ဆောက်ထား ဘုန်းကြီးက မရှိ၊ ဘုန်းကြီးတွေက ကိုရင်တွေ ခိုင်းကြတယ်၊ ကိုယ့်ချစ်မယားက မွေးတာဆိုရင် ခိုင်းရက်မှာ မဟုတ်ဘူး၊ ယောကျာ်းက ကလေးခိုင်းတာကို မိန်းမက မကြိုက်ဘူး၊ မကြိုက်တော့ ဘာပြောသလဲ၊ “ကိုယ်မွေးရတာ မဟုတ်တိုင်း ခိုင်းနေတာကိုး”တဲ့၊ ကိုယ်တော်တို့လဲ ကိုယ်မွေးရတာ မဟုတ်တိုင်း မခိုင်းကြနဲ့။

အလိမ္မာစာမှာရှိ

ရဟန်းဆိုတာ တရားနဲ့နေပြီး ဒကာ ဒကာမတွေ လာတယ်ဆိုရင် တရားစကားပြောပေး ရတယ်၊ တွေ့ကရာတွေ လျှောက်ပြောမနေရဘူး၊ ဘုန်းကြီး ဆိုတာ ခေါင်းတုံးပဲ ရှိတယ်၊ အဝတ်ကလဲ တစ်ရောင်တည်း ဝတ်ရတာ၊ ဘာမှ မလှဘူး၊ ဘုန်းကြီးဖြစ်လာရင် အလှမပြရ တော့ဘူး၊ သူများပေးတာ စားပြီး နှာခေါင်း မရှုံ့ကြနဲ့၊ စကား တွေကို ဗရပွ ပြောမနေနဲ့၊ သာသနာက ကောင်းကောင်းနေမှ အရသာ ရှိတယ်၊ ဘုရားစီမံထားတဲ့ သာသနာက အနေ ကောင်းရင် တကယ် အကျိုးရှိပါတယ်။

Wednesday, December 19, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၂၅} (အကြည့်ခံနိုင်အောင် ကြိုးစား)


 အကြည့်ခံနိုင်အောင် ကြိုးစား

သူ့အလိုလို တက်လာပါစေ

          တရားထိုင်ရတာ ဝတ်ကျေတမ်းကျေ မလုပ်ကြပါနဲ့၊ ခုဒီကျောင်းတိုက် ဘုန်းကြီး တစ်သက်တာ မဟုတ်၊ နောင်လဲ ကောင်းပါစေ၊ သွားတဲ့အခါ အသိတရားနဲ့ သွားပါ၊ ဘုန်းကြီးတွေက “ခု ချဉ်ပေါင်ဟင်း စားနေရပေမယ့် နောင်ဝက်သားဟင်း ဖြစ်မှာပါ”ဆိုတဲ့ အနေမျိုးနဲ့ တပည့်တွေ မြှောက်ပေးမနေကြနဲ့၊ ဒီလို မြှောက်ပေးရင် နောက်ကျတော့ ပျက်ကုန်ရော၊ အားမပေးကြ ပါနဲ့၊ အလိုလို တက်လာပါစေ။

          ဒီကျောင်းမှာ ဟိုတုန်းက ကိုယ်တော်တွေက ဣနြေ္ဒ ရှိကြတယ်၊ ခုကိုယ်တော်တွေက စပ်ဖြဲဖြဲနဲ့၊ ကိုယ်တော်တို့ ဘာဝနာ မပါရင် စိတ်မငြိမ်ပါဘူး၊ စိတ်ငြိမ်အောင် ဘာဝနာပွားကြ၊ ကိုယ်တော်တို့က ဘုန်းကြီးကိုလေ မောလိုက်တာလို့ အောက်မေ့ နေမယ်၊ ဘုန်းကြီးကတော့ ဝတ္တရားအတိုင်း နာရီကြည့်ပြီး ပြောရမှာပဲ၊ ဒီကျောင်းမှာ စာတတ်သက်သက် ခွင့်မပေးဘူး၊ ကိုယ်တော်တို့ ဂုဏ်မမက်ကြနဲ့၊

ဘုန်းကြီးက ငြိမ်သက်တဲ့ မျက်နှာကို လိုချင်တယ်၊ တရားကိုလဲ ဆင်ခြင်,  စာကိုလဲ ကြည့်၊ တောကျောင်းဘုန်းကြီး ပျင်းတော့ ရေခပ်လမ်းက ဈေးပြန်လာတဲ့ အပျိုတွေကို လိုက်ကြည့်နေတယ်၊ ထိုင်နေရာက အားမရတော့ ကျောင်းပေါက်အထိ လိုက်သွားကြည့်တယ်၊ ခု ဒီမှာ ဒကာ ဒကာမတွေ လာတယ်၊ လိုက်မကြည့်ကြပါနဲ့၊ ဣနြ္ဒိယသံဝရသီလ ထိန်းသိမ်းပေးကြပါ၊ ဘာဝနာ သီလရှိရင် ဝမ်းမြောက်ရတယ်၊ ကျန်းမာချမ်းသာတယ်၊ ဒီကျောင်းတိုက်က ဘယ်အချိန် လာကြည့်ကြည့် အကြည့်ခံနိုင်ပါစေ။
 
စည်းကမ်းကို ရှေ့သို့တိုး

တောင်မြို့က ဘာဖြစ်ဖြစ် များများစားစား လှူခဲတယ်၊ ဒါပေမယ့် ဆွမ်းလောင်းနေရတဲ့ နေ့စဉ်တာဝန်ကြီးဟာ နည်းတာ မဟုတ်ဘူး၊ ဒါတွေကို ထောက်ပြီး မေတ္တာများများ ပွားပေးကြပါ၊ ကိုယ်တော်တို့ စာတတ်ဖို့ချည်း မမျှော်ကြပါနဲ့၊ ကောင်းကောင်းသာ နေကြပါ၊ ဘုန်းကြီးက သံသရာပါ တာဝန်ခံပေးမယ်၊ ဘုန်းကြီး သာသနာ့သမိုင်းကို လေ့လာနေတယ်၊ မိမိကို ဘေးက ကြည်ညိုရုံတင် မဟုတ်ဘဲ ကိုယ့်ကိုယ်လဲ ကြည်ညိုနိုင်အောင် လုပ်ပါ၊ မူမပျက်ကြပါနဲ့၊ ရရှိတဲ့ စည်းကမ်းကို နောက်မဆုတ်နဲ့၊ ရှေ့တိုးပါ။

   

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၂၄} (ဘုရားအဆုံးအမအတိုင်း လိုက်နာကြ)



ဘုရားအဆုံးအမအတိုင်း လိုက်နာကြ

ဆုံးမပဲ့ပြင်

လောကမှာ  ဘယ်သူမှ  စိတ်မချရဘူး၊ ကိုယ်တော်တို့ ဆွမ်းခံသွားရင် ရင်ပေါင်တန်း မသွား ရဘူး၊ ကျောင်းက နောက်ပိုင်းမှာ နာမည် ပျံ့နေတယ်၊ ခု သာသနာရဲ့ ထုံးတမ်း နားလည်အောင်လို့ ဒုလ္လဘဝတ်ပါစေလို့ ပြောထားတယ်၊ ဘုန်းကြီးက လာမယ့်သာသနာကို တစ်ချိန်မှာ ပြုသင့် ပြုရမှာလားလို့ ကြိုးစားနေတာ၊ ဘယ်သူမှ ဒီကျောင်း လာနေဖို့ မတိုက်တွန်းပါဘူး၊ သွေးဆောင်လဲ မခေါ်ပါဘူး၊ စေတနာရှိမှ နေကြ၊ နောင်သာသနာကို နမူနာအဖြစ် ထားခဲ့ ချင်တယ်၊

သူများလုပ်စာ စားပြီး ကောင်းကောင်းနေကြ၊ ဒါမှ လှူရသူတွေ ကုသိုလ်ရမယ်၊ ဒုလ္လဘတွေ ဆွမ်းခံရင် သတိ ပေးထား၊ ဣနြ္ဒိယသံဝရသီလက ခက်တယ်၊ ခုခေတ်က စိတ်က ရိုးနေရင် ဂရုမစိုက်ကြဘူး၊ မကြည်ညိုကြဘူး၊ ဘုန်းကြီးက ရှေးဆန်ဆန်နေမှ စောင့်ရှောက်ချင် တယ်၊ သာသနာက တဖြည်းဖြည်းလျော့လာတော့ လူတွေကအထင်သေးကြတယ်၊ သာသနာတွင်း ဝင်သူကို အတင်းနေရမယ်လို့ မတိုက်တွန်း ရဘူး၊ ခေတ်အလိုက် မစဉ်းစားကြနဲ့၊ သာသနာတော်မှာ ဘုရားအဆုံးအမအတိုင်းလိုက်နာရမှာပါ၊ ဘုန်းကြီးတို့ရဲ့တာဝန်တွေက အများကြီးရှိတယ်၊ ဘုန်းကြီးတို့က တက်တက်ကြွကြွလုပ်မှ နိုင်ငံ သာသနာကောင်းမှာပါ၊ ခုခေတ်ကလေးတွေဆိုရင် မိဘတွေက အလုပ်များနေတော့ အဆုံးအမနည်းပြီး မလိမ္မာကြ တော့ဘူး၊ ဘုန်းကြီးတို့က ဆုံးမနိုင်မှ ပြန်ကောင်းမယ်။

Monday, December 17, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၂၃} (တစ်နေ့တစ်လံ နိဗ္ဗာန်ဘယ်ပြေးမလဲ)



တစ်နေ့တစ်လံ နိဗ္ဗာန်ဘယ်ပြေးမလဲ

သာသနာပမှာ မလွယ်

          လူတွေက တရား အားထုတ်ချင်ကြတယ်၊ သူတို့က  သားသမီးတွေ  တတွဲတွဲနဲ့၊  ငါးပါး သီလနဲ့နေကြဖို့ ပြောရတယ်၊သူတို့အားထုတ် တာက မဂ်ပေါက် ဖိုလ်ပေါက် ဟုတ်ချင်မှ ဟုတ်မှာ၊ လူတွေက အကွက် မသိကြဘူး၊ ခု ကိုယ်ကျင့်သီလ မကောင်းကြလို့ ဘာဖြစ်နေသလဲ၊ ကိုယ်ကျင့်သီလကို အထူးကောင်းအောင် ကြိုးစားကြရမယ်၊ သာသနာအတွင်းမှာ အလုပ် လုပ်စရာတွေက အများကြီးပဲ၊ လုပ်ချင်ရာ လုပ်လို့ရတယ်၊ သာသနာပမှာ ကျတော့ မလွယ်ဘူး၊ နောက်ဘဝက ဒီဘဝ ပြန်ရောက်ရင် ဆရာမိဘကောင်းနဲ့ တွေ့ချင်မှ တွေ့မှာ၊ ဒါကြောင့် ခု ရဟန်း ဘဝနဲ့ နေရတာဟာ နိဗ္ဗာန်ရောက်ကြောင်းလမ်းက ဖြောင့် တယ်၊ ဝမ်းမြောက်ဝမ်းသာ နေထိုင်ကြ။

ဘုန်းကြီးဆိုတာ ဟန်မဆောင်ရ

ဘာလုပ် လုပ် ဆရာ တင်ရတယ်၊ လွဲသွားတော့ သူ့ကိုသာ လွှဲလိုက်ရုံပဲ၊ အပြစ်တင်ရင် သူသာ ခံရမှာ၊ ကိုယ်တော်တို့ စကားပြော, တရားဟော, စာရေး စာဖြေတာဟာ အလေ့အကျင့် ရတယ်၊ လူတွေ စကားပြောတာက စည်းကမ်းနဲ့ စကားပြောတာ မဟုတ်ဘူး၊ ပါးစပ်ကြီး ဟဟပြီး အလွဲချည်း လျှောက်လျှောက် ပြောနေတာပဲ၊ တို့ သာသနာမှာက ဘာဖြစ်ဖြစ် စည်းကမ်းကျ တယ်၊ ဘုန်းကြီးလုပ် နေပြီး ဟန်မဆောင်ကြနဲ့၊ ဘုန်းကြီးဆိုတာ ဟန်မဆောင်ရဘူး။
                   “ ရဟန်းကိစ္စ, နှစ်ဓုရ၌, လုံ့လအားသည်း, 
                     ဟိတ်ဟန်နည်း၍,  ပစ္စည်း မသို, စိတ်မတို,  
                     ခင်ပျို ကြီးပွားကြောင်း၊ ခင်အိုလဲ ကြီးပွားကြောင်း။”

Sunday, December 16, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၂၂} (ချွေတာစုဆောင်း သူဌေးလောင်း)



ချွေတာစုဆောင်း သူဌေးလောင်း

သေခြင်းတရားကို စောစောက တွေးထားပါ

လူတစ်ယောက် အလုပ် လုပ်တဲ့အခါ အချောင်နေရင် ကောင်းတော့ ကောင်းတယ်၊ ဒါပေမယ့် အကျိုးပေးတဲ့အခါကျတော့လဲ ချောင်နေတတ်တယ်၊ ဘုန်းကြီးစိတ်ကတော့ အချောင်မနေချင်တဲ့ စိတ်ပဲ၊ ဘုန်းကြီး အလုပ်က သူများလုပ်လို့ကို မဖြစ်ဘူး၊

 ဘုန်းကြီးသေရင်လဲ အမြန်သေတာ ကောင်းတယ်၊ ဝေဒနာတော့ မခံချင်ဘူး၊ သေတော့လဲ နီးစပ်တဲ့ ပရိသတ်တွေကြားထဲ မသေချင်ဘူး၊ ချုံကြားထဲ သွား သေချင်တယ်၊ သေမှာ ဆိုတာ စောစောက တွေးထားရတယ်၊ ဒါမှ ကြောက်တာ၊ တရားနဲ့ ဆင်ခြင်တယ်၊ လူ့လောက ရောက်လာရင် အို နာ သေရေးကို မလွန်ဆန်နိုင်ကြဘူး။

          ဒီကျောင်းမှာ ခုတလော လူဝင် လူထွက်တွေ များနေတယ်၊ လူတွေ ဒါလောက် များလာတာကို သတိထားရမယ်၊ ဘုန်းကြီးက အလုပ်တစ်ခု  တိုးတက်လာရင် သတိထား လုပ်တယ်၊ မကောင်းမှု ပြုသူဟာ ကိုယ်က မမြင်တော့ ရှက်စရာ မကောင်းဘူး၊ ဆွမ်းခံရင်း သပိတ်ခေါင်းစွပ်ပြီး နောက်ဖေးသွားတဲ့ ကိုယ်တော် မရှက်ပါဘူး၊ ဒီကျောင်းမှာလဲ မကောင်းတာတွေ ရှိနေတာပဲ၊ သတိထားကြ။

နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတာ

          ပုဂ္ဂိုလ်တစ်ယောက်  ကောင်းတယ်ဆိုတာ အထက်  ဆရာ,  မိဘက  ဆင်းသက်လို့ ကောင်းလာသူသာ နောင်လဲ အရှည်သဖြင့် ကောင်းတာပါ၊ လူတစ်ယောက်မှာ လက်က လွတ်ရင် ခြေမြဲ ဆိုတဲ့ အကျင့် ရှိရတယ်၊ စိတ်ကူးကတစ်မျိုး, အလုပ်ကတစ်မျိုး ဆိုရင် မတိုးတက်ပါဘူး၊ “ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ”တဲ့ သီလရှိတဲ့လူဟာ လိုရာကို ပြီးစေတတ်တယ်၊ စိတ်ကိုသာ စင်ကြယ်စွာနဲ့နေ၊ လောက စကား ရှိသားပဲ၊ ဥစ္စာလိုချင်ရင် ဥစ္စာနဲ့ ရင်းယူမှ၊ သီလ သမာဓိ ပညာလိုချင်ရင်လဲ ထို့အတူပဲ၊

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၂၁} (သာသနာတော်ကို စောင့်ရှောက်ပါ)




သာသနာတော်ကို စောင့်ရှောက်ပါ

အစစ်ကိုမှန်းပြီး ကြည်ညိုတာ

          လူ့လောက,နတ်လောကအားလုံးမှာ ရှိကြတဲ့ ရတနာတွေထက်  မြတ်စွာဘုရား ရတနာက အသာဆုံး၊ လောကီရတနာတွေက အဖိုး ဖြတ်လို့ ရတယ်၊ ဗုဒ္ဓရတနာက အဖိုးဖြတ်လို့ မရဘူး၊ ခုခေတ် ဒက္ခိဏသာခါထုသူတွေက ဒက္ခိဏသာခါဆိုရင် ကလေးငို ရပ်ရမယ်တဲ့၊ မဟုတ်တာတွေ လျှောက်လုပ်နေကြတယ်၊

 ပိုက်ဆံရှိတိုင်း ဘုရားတွေ တည်မနေကြနဲ့၊ ဘုရားတည်ပြီး တော့လဲ ဘယ်သူမှ သိပ်ရိုသေကြတာမဟုတ်ဘူး၊ ဘုန်းကြီးက ဘုရားကို မရိုသေလို့ မဟုတ်ဘူး၊ မကြည်ညိုလို့လဲ မဟုတ်ဘူး၊ ဘုန်းကြီးကြည်ညိုတာက အစစ်ကို မှန်းပြီး ကြည်ညိုတာ၊ ဘုရားပွင့်စဉ်ကလဲ ရှေးကံပါရမီတွေကမပါကြတော့ ဘုရားကို မဖူးကြရဘူး၊ ဉာဏ်မပါတော့လဲ မကြည်ညိုတတ်ကြဘူး၊ ခုခေတ်လူတွေ ပိုဆိုးတာပေါ့။

          သီလ စသည်တွေဟာ အဖိုးတန်တွေပါ၊ လောကီရတနာ ကြည်ညိုရတာနဲ့ ဘုရားရတနာ ကြည်ညိုရတာ ဘုရားရတနာ က ကောင်းတယ်၊ လောကီရတနာတွေက ကြည့်လေ တဏှာ လောဘဖြစ်လေ၊ ဘုရားရတနာက ကြည့်လေ ကောင်းလေ၊ မကြည့်ချင်သူ မရှိဘူး၊ လောကီရတနာတွေကို သာယာနေရင် ငရဲ, တိရစ္ဆာန်ကို ရောက်မှာ၊ ဗုဒ္ဓရတနာကို အာရုံပြုနေသူက ကောင်းရာသုဂတိကို ရောက်မှာ အမှန်ပါ၊ ဗုဒ္ဓပွင့်လာတာကြွကားချင်လို့ မဟုတ်ပါဘူး၊ သတ္တဝါတွေ ချမ်းသာစေချင်လို့ပါ၊ ကိုယ့်အကျိုးသာဆိုရင် အိပ်နေမှာပေါ့။

Saturday, December 15, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၂၀} (ဆုတောင်းမနေနဲ့)



ဆုတောင်းမနေနဲ့

မျှော်လင့်ချက်က သာသနာပြုဖို့

ဘုန်းကြီးက ဒကာ ဒကာမတွေကိုလဲ ငဲ့ပါတယ်၊ ဒါပေမယ့် ဘုန်းကြီးရဲ့ ကျန်းမာရေးက အရေးကြီးတယ်၊ ဒါကြောင့် ဘယ်က ပင့်ပင့် အရေးမကြီးဘူးဆိုရင် မလိုက်ပါဘူး၊ ပင့်တိုင်း လျှောက် လိုက်နေမယ်ဆိုရင် ဘုန်းကြီး ကျမ်းစာအုပ်တွေလဲ ပြီးမှာ မဟုတ်ဘူး၊ ဒါကြောင့် တချို့ ပင့်တဲ့ ဒကာ ဒကာမတွေကို သည်းခံကြပါလို့ ပြောလိုက်ရတယ်၊

ဘုန်းကြီးကျမ်းစာတွေက အရေးကြီးတယ်၊ မသေခင် ပြီးနိုင်သမျှ ပြီးအောင် ရေးသွား ရမယ်၊ ကိုရင်တို့ ဦးပဉ္စင်းတို့ ကောင်းကောင်းနေကြပါ၊ နောက် ရဟန်းသစ်ကလေးတွေက ကြိုးစားကြ၊ လောကဂုဏ်တွေ ဆိုတာ နောက်ဘဝ မပါဘူး၊ နာမည်ကြီးတယ်ဆိုတာလဲ ဒီဘဝသာ နာမည်ကြီးတာပါ၊ နာမည်တွေ ကြီးနေပေမယ့် အို နာကတော့ နှိပ်စက်နေတာပဲ။

   

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၉} (ကြိုတင်ပြုလုပ်သည့်အလေ့အထ)



ကြိုတင်ပြုလုပ်သည့်အလေ့အထ

အပေးနဲ့အယူ  

တို့ ဘုန်းကြီးတွေက အလှူခံဘက်ကချည်း မနေကြနဲ့၊ ဘဝသံသရာမှာ အလှူခံဘဝနဲ့အထုံ ပါသွားတတ်တယ်၊ ပေးတာနဲ့ ယူတာနဲ့ ဘယ်ဟာက လက်ရဲ လို့ မျက်နှာကြည်သလဲ၊ ဘုန်းကြီးကတော့  ပေးတဲ့ဘက်က နေချင်တယ်၊ မတတ်သာလို့ အလှူခံဘက်က နေရတာ။

          ဒီကျောင်းတိုက်မှာ ကောင်းကောင်းနေချင်နေ၊ မနေရင်တော့ တောင်ဝှေးနဲ့ ကပ္ပိလိုက်၊ ခေမံ-ဘေးမရှိဘူး၊(ရယ်ကြသည်၊) ရဟန်းသစ်တွေဆိုရင် တစ်ဝါလောက် တိစီဝရိတ် ဆောင်ထား ပြီး သူတော်ကောင်းဘက် လိုက်နာကြပါ၊ တစ်ခါက တောက ဘုန်းကြီးတွေ မန္တလေးရောက်တော့ ငရုတ်သီး ကပ္ပိစားရတယ်တဲ့၊ ဒီမှာတော့ ဘာပဲဖြစ်ဖြစ် ကပ္ပိစားကြပါ၊ ဘုန်းကြီးက စပျစ်သီး ကပ္ပိမလို့ မြင်းခြံသား ကိုရင်တစ်ပါး ကပ္ပိခိုင်းတယ်၊ မကပ္ပိတတ်ဘူး၊ နောက်မြင်းခြံသားတစ်ပါးကို ခေါ်ပြီး ကပ္ပိမှ ပြီးတယ်၊

ဒါနဲ့ ဘုန်းကြီးက ဒီကိုရင်ကို လက်သီးနဲ့ ထိုးရဲ သလား မေးတော့ မြင်းခြံသားချင်းမို့ မကပ္ပိကြဘူး၊(ရယ်ကြ သည်၊) ဒါတွေကို နားလည်အောင် ပြုပြင်ပေးကြပါ၊ ကလေး ကတည်းက မိဘများက မပြုပြင်တော့ သူတို့ အသံတွေက ညောင်နာနာ ဖြစ်နေကြတယ်၊ မိဘတွေကို ပြောကြ၊ နောက် ဆိုရင် ဘယ်နေရာကမှ မချွတ်ယွင်းရအောင် မွေးပေးကြလို့ ပြောလိုက်ကြ။

မေတ္တာနဲ့ ဗုဒ္ဓါနုဿတိ

လူတစ်ယောက်ရဲ့ အလေ့အထဆိုတာ မိဘ ဆွေမျိုးက လာတာ များတယ်၊  စာပဋ္ဌာန်း, ငါပဋ္ဌာန်းçရွာပဋ္ဌာန်းလို့ ပဋ္ဌာန်းသုံးမျိုးရှိတယ်၊ ကိုယ်တော်တို့မှာတော့ စာပဋ္ဌာန်းဖြစ်နေတယ်၊ ဒါကြောင့် မိဘ ဆွေမျိုးကောင်းမှ ကောင်းမယ်၊ ဘုန်းကြီးကတော့ အလုပ် တစ်ခုမှာတင် ကြိုလုပ်တဲ့ အလေ့အထက အမြဲတမ်းရှိနေတာပဲ၊

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၈} (အကြည်ညိုခံနိုင်ရေး)



အကြည်ညိုခံနိုင်ရေး

ဘာ့ကြောင့် ဘုန်းကြီးဝတ်

ကံတွေကို ကျေနပ်ကြရဲ့လား၊ ကျေနပ်စရာကောင်းတာက မိဘ, ဆရာ, ဘိုးဘွား, ဆွေမျိုး      တွေနဲ့ ကောင်းကောင်းတွေ့ရမှ ကျေနပ်စရာ ကောင်းတာ၊ ကိုယ်တော်တို့ကတော့ ဘာမှ မတွေးကြဘူး၊ ကိုယ့်ကိုယ်ကိုလဲ တွေးပေးရတယ်၊ ဘုန်းကြီးဝတ်နေတာက ဝတ်လို့ကောင်းလို့ မဟုတ်ဘူး၊ တကယ့်ကို ပါရမီတွေ ဖြည့်ချင်လို့, ကုသိုလ်တွေ ရချင်လို့, မဂ်ဖိုလ်နိဗ္ဗာန် ရအောင်လို့, သူများထက် ထူးပြီး ဘုန်းကြီးဝတ်နေတာ၊

ရှေးကံ မကောင်းတာတွေ တွေ့ရတယ်၊ ခန္ဓာကိုယ်က ကိုယ်လုပ်ချင်သလို လိုက်လုပ်တာ မဟုတ်ဘူး၊ ကံဆိုတာ ကိုယ်တစ်ယောက်တည်းနေတော့ မသိသာဘူး၊ အဟုတ် အများနဲ့ အလုပ် လုပ်တော့ သိသာတယ်။

          သင်္ကန်းတွေကို တန်းပေါ်က ဆွဲမချကြနဲ့၊ ရှေးက မဟာဂန္ဓာရုံဆရာတော်က မျက်စိ မမြင်ပေမယ့် သင်္ကန်း, သပိတ်တွေ နေပူထဲ မထားကြရန် ခဏ ခဏ အမိန့်ရှိလေ့ ရှိတယ်၊ ကြောင့်ကြ ရှိတော်မူတယ်၊

ဘုရားရှင်ကို အရှင်သာရိပုတ္တရာကသိက္ခာ ပုဒ်တွေ ပညတ်ရန် အစောကြီး လျှောက်ထားတယ်၊ ဘုရားရှင် က အကြောင်းရှိမှ ပညတ်တော်မူမယ်လို့ အမိန့်ရှိတော်မူတယ်၊ ဒါကြောင့် သာသနာစင်ကြယ်ဖို့က သိက္ခာပုဒ်တွေပါပဲ။

Friday, December 14, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၇} (ကျေးဇူးကမ္ဘာနှင့်အချိန်တန်ဖိုး)



ကျေးဇူးကမ္ဘာနှင့်အချိန်တန်ဖိုး

ရွှေအိုးကို တွေ့ရသလို

ပုဂ္ဂိုလ်  တစ်ဦး တစ်ယောက်မှာ          သာယာမှု လောဘနဲ့ ကင်းမနေ နိုင်ဘူး၊ ဒါပေမယ့် သာယာမှု လောဘကို ဣနြေ္ဒလုပ်ပြီး ရှောင် နိုင်ရင် တော်တယ်လို့ ဆိုရမှာပဲ၊ ဒီသံသရာအဆက်ဆက်က ပါလာတဲ့ လောဘကို တရားနဲ့မှ မထိန်းရင် ပိုသည်ထက် ပိုသာ ဆိုးလာစရာ ရှိတယ်၊ လောဘအလိုကို မလိုက်ကြနဲ့၊ လောဘအလိုကို လိုက်ရင် သံသရာမှာ မသက်သာဘူး၊ ကိုရင် တို့ကို ဘုန်းကြီးက ဆုံးမနေတာ တက်သုတ်ရိုက် ဆုံးမနေခြင်း ဖြစ်တယ်။

          အပြစ်ကိုပြ ပြောဆိုဆုံးမတတ်တဲ့ မိဘ, ဆရာသမား, မိတ်ဆွေများနဲ့ တွေ့ရတာဟာ ရွှေအိုးကို တွေ့ရတာနဲ့ တူတယ်၊ ဒီပုဂ္ဂိုလ်တွေဟာ မိမိအတွက် ရွှေအိုးကို လက်ညှိုးထိုးပြ နေခြင်း ဖြစ်တယ်၊ ဒီလိုနေ, ဒီလိုသွား, ဒီလိုလာ, ဒီလိုစား စသည်ဖြင့် ပြောဆိုဆုံးမနေတာကို လိုက်နာတဲ့ သူများမှာ သူ့အတွက် တစ်သက်တာ စားလို့ မကုန်နိုင်တဲ့ မသိုးထမင်း မသိုးဟင်း ဖြစ်တယ်၊ ဒီ ပစ္စုပ္ပန် တစ်သက်တာတွင်မက ဘဝသံသရာ အဆက်ဆက် စားလို့ မကုန်တော့ဘူး။

လက်ပိုက် ကြည့်မနေကြနဲ့

          ခုခေတ်လူတွေက ကိုယ့်သားသမီးကို မြှောက်ပေးနေကြတယ်၊ လှလှပပ ပြင်ဆင်ပေးကြတယ်၊ ကလေးက ပြုံးတာကို မနောခွေ့ သဘောတွေ့နေကြတယ်၊ ဒီလိုသာ အမြဲလုပ်ပေးနေရင် ဒီ ကလေးဟာ သာယာတဲ့ လောကကို ရှာဖွေမလာပေဘူးလား၊ သာယာမှု လောကမှာ နစ်မြုတ်လေလေ, ပျက်စီးခြင်းမက ပျက်စီးလေလေ ဖြစ်ရတာပဲ၊ ဒီလို ပျက်စီးလာတဲ့အခါကျတော့မှ မျက်ရေခံ တောင်းပန်ရတဲ့ဘဝ ရောက်ရတာပဲ။

          တပည့် သား သမီးတွေဟာ သူတို့ဘဝကို သာယာတဲ့ လောကထဲမှာ မြှုပ်နှံချင်ကြတယ်၊ ဒါကို ဆရာမိဘ လုပ်သူ တွေက လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး၊ အိုးလုပ်သူဟာ မိမိ အိုးများ ကောင်းရန်အတွက် ကျနစွာ ထုခတ်ပေးရသလို ဆရာ မိဘများဟာလဲ မိမိတို့ တပည့် သား သမီးများ ကောင်းစားရေး အတွက် ကျနစွာ အပြစ်ကိုပြ ဆုံးမကြရမယ်၊ ငါပြောဆို ငေါက်ငမ်း ဆုံးမလိုက်တဲ့အတွက်  သူတို့ စိတ်တွေများ ညစ် သွားလေမလားဆိုပြီး မဆုံးမပဲ မနေပါနဲ့၊ ကိုယ့်သားသမီးကို တကယ်ချစ်တယ်ဆိုရင် ဆုံးမကြရမယ်၊

Thursday, December 13, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၆} (နောက်ဆုံးသွားရာလမ်း)



နောက်ဆုံးသွားရာလမ်း

          သာသနာတော်ဟာ  အမြဲတမ်း  တည်တံ့  ခိုင်မြဲနေမှာ မဟုတ်ဘူး၊ နောက်ဆုံးကာလ ကွယ်ပျောက်မှာ မလွဲဘူး၊ သာသနာတော်ကြီး မကွယ်ပျောက်ခင် မိမိတို့ တစ်ဖက် တစ်လမ်း ကနေ စောင့်ထိန်းရမယ်၊ သာသနာတော်ကြီးဟာ ပြောင်းလဲနေတယ်၊  မတည်မြဲဘူး၊  တကယ့် ရဟန္တာများ လက်ထက်ကတောင် ပြောင်းလဲနေသေးတယ်၊ ခုခေတ်ပုဂ္ဂိုလ်များ လက်ထက်မှာ ပြောစရာ မလိုတော့ဘူး။

          မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံသွားပေမယ့် ဟောကြား ဆုံးမတော်မူတဲ့ တရားဒေသနာ တော်တွေ များစွာကျန်ခဲ့တယ်၊ အဲဒီ တရားတော်တွေအတိုင်း ပြောဆိုနေထိုင်သွားရင် နိဗ္ဗာန်နဲ့ မဝေးဘူး၊ နီးဖို့ရန်သာ အကြောင်းရှိပါတယ်၊ ဗုဒ္ဓတရားတော်တွေကို သိနေတဲ့သူဟာ သေရမှာကို မကြောက်ပါနဲ့၊ သေရမှာ ကြောက်သူဟာ တရားတော်ကို အထင်သေးရာ ရောက်နေပါတယ်၊ ဒါ့ကြောင့် မတည်မြဲနိုင်တဲ့ သာသနာတော်ကြီးမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းထားလိုက်ရမယ်။

Wednesday, December 12, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၅} (စွဲမြဲစိတ်သန် အဓိဋ္ဌာန်)



စွဲမြဲစိတ်သန် အဓိဋ္ဌာန်

အခုကောင်းမှ  အနှောင်းသေချာမည်

သတိဆိုတာ ဉာဏ်ရှိမှ အသုံးချလို့ရတယ်၊ ယခုခေတ် တချို့လူငယ်ပိုင်းတွေဟာ သတိလွတ်နေတဲ့အတွက် ကြောင့် လူလေလူလွင့်တွေ ဖြစ်နေကြတယ်၊ လူဆိုတာအကြား အမြင် များအောင်လဲ လုပ်ရတယ်၊ အကြားအမြင်များမှလဲ ကျန်းမာရေးလိုက်စားတတ်မယ်၊ ဒီဗဟုသုတအကြားအမြင် တွေဟာ ဘယ်သူ့ဆီက ရသလဲဆိုရင် ပုဂ္ဂိုလ်ဆီကရတယ်၊ ပုဂ္ဂိုလ်ဆိုတာလဲ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ သူတော်ကောင်း ပုဂ္ဂိုလ်ဖြစ်တယ်၊

ဒီသူတော်ကောင်းပုဂ္ဂိုလ်ရဲ့ အထံမှ သုတ အကြားအမြင်ကောင်းတွေကို ရနိုင်တယ်၊ ဒါမှလဲ အတ္တသမ္မာ ပဏိဓိဖြစ်မယ်၊ အတ္တသမ္မာပဏိဓိဆိုတာ မိမိစိတ် မိမိကိုယ်ကို ကောင်းကောင်းထားတာကို ဆိုတယ်၊ မိမိရဲ့ ကိုယ်, နှုတ်, စိတ် သုံးပါးလုံးကို ကောင်းတဲ့တရားတွေနဲ့ ထုံမွှန်းထားရင် အတ္တ သမ္မာပဏိဓိ ဖြစ်နေတာပဲ၊

ဒီကျောင်းတိုက်မှာ တချို့ ကိုယ် တော်တွေ ရောက်လာကြတယ်၊ ကံကောင်း ထောက်မလို့ ရောက်လာကြတာ၊ ရောက်လာပေမယ့် ဒီမှာ ဘုန်းကြီးပေးတဲ့ ဩဝါဒတွေ ဆုံးမနေတဲ့ တရားစကားတွေကို နာထောင်ကြ ရဲ့လား၊ နားမထောင်ဘူး၊ သူတော်ကောင်းတော့ မှီခိုရတာပဲ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကောင်းကောင်းမထားဘူး၊ ဒါဟာ ဘဝအဆက်ဆက်က ပဋိသန္ဓေဗီဇမျိုးစေ့ကိုက ညံ့ခဲ့လို့ပဲ။

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၄} (အတုမဲ့ ရတနာ)



အတုမဲ့ရတနာ

အတုမရှိတိုင်း ရတနာဆိုလျှင်

ရတနာဟာ လောကီရတနာ လောကုတ္တရာရတနာလို့ နှစ်မျိုးရှိပါတယ်၊ ရတနာဟာ ဥစ္စာရှင်တွေကို  နှစ်သက်စေပါတယ်၊ ဥစ္စာရှင် မဟုတ်သူတွေအတွက်တော့ အကုသိုလ် လောဘ ဖြစ်ကြရတယ်၊ လောကီရတနာတွေဟာ သတ္တဝါတို့ရဲ့စိတ်ကို ဆွဲဆောင်မှုအား ကောင်းတယ်၊

ဒီလောကီရတနာတွေက လူတို့ အတွက် ဆိုးကျိုး ကောင်းကျိုး နှစ်မျိုးကို ပေးတယ်၊ ရတနာရှင် တွေဟာ မိမိရတနာ မိမိကြည့်ပြီး နှစ်သက်မှု လောဘတွေ ဖြစ်နေရတယ်၊ ဒီလောဘနဲ့ သေသွားကြည့်ပါလား၊ ပြိတ္တာ ဖြစ်မှာတော့ ကျိန်းသေတယ်၊ ဒီရတနာတွေ အမှီပြုပြီး လောက မကောင်းကျိုးကိုလဲ ခံစားကြရတယ်၊ လောကီရတနာတွေဟာ တန်ဖိုးရှိပါတယ်၊ ဒါပေမယ့် ဗုဒ္ဓရတနာကို မတုနိုင်ပါဘူး၊ ဗုဒ္ဓရတနာကို တုနိုင်တဲ့ ရတနာဟာ နိုင်ငံမှာလဲ မရှိဘူး၊ ကမ္ဘာ မှာလဲ မရှိဘူး၊ အတုမရှိတိုင်းသာ ရတနာလို့ ဆိုရရင် ဗုဒ္ဓ ရတနာကို တုနိုင်တဲ့ ရတနာ ရှာမတွေ့သေးပါဘူး။

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၃} (ဒါနစွမ်းအား ဆွမ်းတရား)



ဒါနစွမ်းအား ဆွမ်းတရား

သာသနာတွင်း ကုသိုလ်

ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာပွင့်ထွန်းပေါ်ပေါက်လာတော့ ကုသိုလ်တွေ ပြုစရာ ပြည့်နေတာ ပဲ၊ အခု ဆွမ်းဒကာ ဆွမ်းအမများ စဉ်းစား ကြည့်ကြ၊ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ မတွေ့ရင် အခုလို သံဃိကဒါန ဆွမ်းကုသိုလ် ပြုဖို့ဆိုတာ မလွယ်ပါဘူး၊ သာသနာနဲ့တွေ့လို့ ဆွမ်းကုသိုလ် ပြုရတယ်၊ ကုသိုလ်တွေ ထဲမှာလဲ သာသနာတွင်းကုသိုလ်, သာသနာပကုသိုလ် နှစ်မျိုး ရှိတဲ့အနက်က  သာသနာတွင်းကုသိုလ်က  အကျိုးအား သန်တယ်၊

ဗုဒ္ဓမြတ်စွာနဲ့ တွေ့ရလို့ ယခုလို သံဃိကဒါန ကုသိုလ်တွေ ပြုရတယ်၊ သာသနာနဲ့တွေ့တော့ ဆွမ်းကုသိုလ် ပြုကြတယ်၊ သူများပြုတာမြင်တော့ ကိုယ်ကလဲ ပြုချင်လာ တယ်၊ ဘုန်းကြီးက အကုန်အကျ နည်းနည်းနဲ့ ကုသိုလ်ရတာ သဘောကျတယ်။

ဒါနသည် ဘာကို အကျိုးပေးသလဲ

တချို့  ပိုက်ဆံတွေ  အကုန်အကျခံပြီး ကုသိုလ်တွေ  ပြုကြတယ်၊  သိပ်ကုန်ပြီး အကျိုး မရတော့  အလကားပဲ၊  တချို့ ကုသိုလ်ပြုချင်ကြတယ်၊ ဒါပေမယ့် မတတ်နိုင်ကြဘူး၊ မပြုနိုင်  ကြဘူး၊ ဒါနဟာ  အကုန်သက်သာမှ  ကောင်းတယ်၊  ဆွမ်း ဒါယကာ ဒါယိကာမတွေ ဒါနဟာ ဘာကို အကျိုးပေးသလဲ တွေးကြည့်ပါ၊ ကိုယ်တိုင်ကိုယ်ကြပ် သဘောကျအောင် တွေး ကြည့်ပါ၊ သာမညလေးပဲလို့ သဘောမထားလိုက်ပါနဲ့၊

Tuesday, December 11, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၂} (စိတ်တန်ခိုး မြှင့်တင်ရေး)



စိတ်တန်ခိုး မြှင့်တင်ရေး

တဏှာကြောင့် ဒုက္ခရောက်    

ဒီ လေးလိုက်တဲ့  ခန္ဓာ ဝန်ထုပ် ဝန်ပိုးတွေ ဘာနဲ့ပဲ ဆက်သွယ်ကြည့်ကြည့်ဇာတိ, ဇရာ ဗျာဓိ, မရဏဆိုတဲ့  တရားတွေနဲ့ပဲ ဆက်သွယ်ကြည့်ရမယ်၊ တစ်လောက ကလေးတစ်ယောက် နှစ်လရှိပြီ၊ တစ်ယောက်က သန္ဓေသားအဖြစ်နဲ့ ကျန်နေတယ်၊ ကျန်နေတဲ့ ကလေးကို ခွဲထုတ်လိုက်တော့ သေရော၊

တဏှာ ချုပ်သွားရင် ဘာမှ ရှိမှာ မဟုတ်တော့ဘူး၊ ဒုက္ခတွေ ခံနေရတာ ဒီတဏှာကြောင့် ခံနေရတာ၊ ဒုက္ခသာ မရှိရင် တဏှာက သာယာပါဦးမလား၊ ဒုက္ခတွေ တော်တော် စိတ်ပျက်စရာ ကောင်းတယ်၊ မစဉ်းစားဘဲနေလို့ မဖြစ်ဘူး၊ ဒီခန္ဓာဝန်ကြီးဟာ အမိဝမ်းထဲမှ  စပြီး  သေတဲ့အထိ  ဒုက္ခတွေ  ခြံရံနေတယ်၊ ဒုက္ခတွေ ခံရတာ ဘယ်သူ့ကြောင့်လဲ၊ တဏှာကြောင့်၊ တဏှာ ကုန်ခန်းတဲ့ ရဟန္တာအရှင်မြတ်တွေဟာ နောက်ထပ် တဏှာ ဖြစ်စရာ လိုပါဦးတော့မလား၊ မလိုတော့ဘူး။
 
တဏှာလျှင် နှစ်ယောက်မြောက် အဖော်

“တဏှာ ဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါနသံသရံ”   တဏှာလျှင်  နှစ်ယောက်မြောက် အဖော် ရှိသော ယောကျာ်းသည် ရှည်လျားစွာသော နေ့ညဥ့်ပတ်လုံး ဆင်းရဲ ရမယ်၊ “ဣတ္ထဘာဝအညထာဘာဝ”ဆိုတဲ့အတိုင်း တဏှာက ပါနေတော့ မသာယာပေဘူးလား၊ သာယာတယ်၊ မသာယာ လို့ကော ဖြစ်ပါ့မလား၊

Monday, December 10, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၁} (တဏှာတွင်ကျယ် သူခြယ်လှယ်)


တဏှာတွင်ကျယ် သူခြယ်လှယ်

နေရာတိုင်းမှာ  ဤတဏှာ

ခွေးနှစ်ကောင် ကိုက်တာဟာ  ကိုက်တုန်းတော့ ဒေါသပဲ၊ အရင်းခံကဘာလဲ၊ တဏှာ၊ တဏှာကြောင့် ခွေးနှစ်ကောင် ကိုက်ကြတယ်၊ ကိုက်တော့ ဒေါသဖြစ်တယ်၊ လူနှစ်ယောက် ရိုက်ကြ တာလဲ ရိုက်တုန်းက ဒေါသ၊ အရင်းခံက တဏှာကြောင့် ရိုက်နှက်ကြတာတွေပဲ၊ တဏှာ လက်ထောက်ချနေတာ၊

ရှင်ဘုရင် နှစ်ဦး တိုင်းပြည်လုတာကလဲ တဏှာကြောင့်၊ တို့နိုင်ငံမှာ မြင်းကွန်းမင်းသား, ကနောင် အိမ်ရှေ့မင်းသား နှစ်ပါးရှိတယ်၊ မြင်းကွန်းမင်းသားက မင်းတုန်းမင်းရဲ့ သားအကြီး ဟုတ်ချင်မှ ဟုတ်မယ်၊ မင်းတုန်းမင်းကြီးရဲ့ ညီတော် ကနောင်မင်းသားက နန်းတွင်းမှာ ဩဇာလွှမ်း ခြယ်လှယ်နေတော့ မြင်းကွန်း မင်းသားဟာ သူ့ဘထွေး ကနောင်ကို လုပ်ကြံ သတ်ဖြတ် လိုက်တယ်၊ ဒါဟာ အရင်းခံက တဏှာပဲ။

အမိဝမ်းလဲဒီတဏှာ

မဟာဇနကဇာတ်မှာ မဟာဇနကရယ်, ပေါလဇနကရယ် ရှိတယ်၊ မဟာဇနကမင်းကို ဘေးက ကုန်းတိုက်ကြတော့ ညီတော် ပေါလဇနကကို ထောင်ချတယ်၊  ဒါဟာ  သူ့ရဲ့  နန်းစည်းစိမ်ကို  ယူမှာ ကြောက်လို့၊ ဒီလို ဖြစ်ရတာဟာလဲ တဏှာကြောင့်ပဲ၊ နောက် တော့ ညီတော်က ထောင်က ထွက်ပြေးပြီး စစ်သည်အင်အား စုရုံးတယ်၊ ထီးနန်းကို ပေးပါ၊ မပေးရင် စီးချင်းတိုက်မယ်လို့ ကြေညာတယ်၊ ဒါဟာလဲ သူတို့ အရင်းခံက တဏှာပဲ၊

Sunday, December 9, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁ဝ} (ဝိပဿနာမျက်လုံးနေ့စဉ်သုံး)


ဝိပဿနာဉာဏ်မျက်လုံး နေ့စဉ်သုံး

တဏှာနယ်ချဲ့                    

ခန္ဓာဝန်  မကောင်းမှန်း  တစ်ခါ တစ်ခါမှ သိရတယ်၊ အများက ဒီခန္ဓာဝန်ကို ကောင်း တယ်လို့ ထင်နေကြတယ်၊ အမှန်က ငရဲ တိရစ္ဆာန် ပြိတ္တာ တွေရဲ့ ခန္ဓာဝန်လဲ မကောင်းဘူး၊ လူ့ခန္ဓာ နတ်ခန္ဓာတွေလဲ မကောင်းဘူး၊ တစ်ခါတလေ မကောင်းမှန်းသိလျက်နဲ့ မလိုချင် ဘူးလား၊ လိုချင်တယ်၊ လိုချင်တာက ဘယ်သူလဲ၊ တဏှာပဲ၊ တဏှာက နယ်ချဲ့နေတာ၊ သံသရာနယ်ချဲ့တော့လဲ ဒီတဏှာပဲ၊ ဒီလောကကြီးတွေဟာ တဏှာကြောင့် ဒုက္ခရောက်ကြရတာပဲ၊ တဏှာကုန်ခမ်းတဲ့ ရဟန္တာအရှင်မြတ်ကြီးတွေ ဒုက္ခ ရှိပါဦး မလား၊ မရှိဘူး။

ရဟန္တာများနှင့် ဆီမီးငြိမ်းဥပမာ

တို့ ရဟန္တာအရှင်မြတ်ကြီးတွေ ကိလေသာအာသဝေါ ကုန်ခမ်းသွားတော့ တဏှာရှိပါဦးမလား၊ မရှိဘူး၊ ဥပမာပြောရမယ်ဆိုရင် ရေနံဆီရယ်, မီးစာရယ်, မီးတောက်ရယ်၊ ရေနံဆီက မီးတောက်ဖို့ရာ ကျေးဇူးပြုတယ်၊ မီးစာကတော့ အလောင်ခံပဲ၊ ရေနံဆီ ရှိပေမယ့် မီးစာ လောင်စာ မရှိရင် မတောက်နိုင်ဘူး၊ မီးစာ ရှိနေပေမယ့် ရေနံဆီ မရှိရင် မီးမတောက်နိုင်ဘူး၊ တစ်ခုနဲ့ တစ်ခု အညမညသဘောနဲ့ ကျေးဇူးပြုနေတယ်၊

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၉} (ကိလေသာပိုးတွေ အဝင်မခံကြနဲ့)



ကိလေသာပိုးတွေ အဝင်မခံကြနဲ့

 လက်သည်ကို ရှာပါ             

ဒီခန္ဓာဝန်ကြီးရတာ ဘာကြောင့် ရတာလဲ၊ ကံကြောင့်ရတာ၊ ရှေးကကုသိုလ်ကံတွေကို ပြုခဲ့ကြလို့ ဒီခန္ဓာဝန်ကြီးရလာတာ၊ အဲဒီ ကံက အဝိဇ္ဇာ တဏှာ အရင်းခံပဲ၊ ဒီခန္ဓာကိုယ်ကို ရတာက မှားတယ်၊ လူ့ခန္ဓာ နတ်ခန္ဓာ ရတာလဲ မှားတယ်၊ အဝိဇ္ဇာ တဏှာကြောင့် မတရားတဲ့ အကုသိုလ်ကံတွေ ပြုတယ်ဆို ပါတော့၊သူ့အသက်ကလေး သတ်လိုက်ရမှ ဘေးရန်ကင်းမယ်၊  သူ့ပစ္စည်း ခိုးလိုက်ရမှ ချမ်းသာမယ်၊ သူများ သားမယား ပြစ်မှားလိုက်ရမှ, လိမ်ပြောလိုက်ရမှ, သေရည်သေရက် သောက်လိုက်ရမှ ချမ်းသာမယ်၊ ဘေးရန်ကင်းမယ် ထင်တယ်၊ တို့ ဒီ ကံငါးပါး ပျက်တာလဲ အဝိဇ္ဇာ တဏှာကြောင့်ပဲ၊ လက်သည် ရှာလိုက်တော့ ဒီဟာပဲ၊ ဒီအကုသိုလ်ကံတွေက ငရဲမှာ ဖြစ်ရမယ်။

အနူ အယား မီးကင်တာလို                        

ဘုရားတရားတော်တွေက သိပ်ကောင်းတာပဲ၊ ဒီနေ့ မနက်ပဲ ဘုန်းကြီးတစ်ခု စဉ်းစား မိတယ်၊   ဘုန်းကြီးလက်က အဖုကလေးတွေ ယားလို့ ကုတ်နေရင်း အနူတွေကို သတိရတယ်၊ တို့ အနူတစ်ယောက် ဆိုပါတော့၊ သူ့နူနာတွေက တော်တော် ယားလာတယ်၊ ယား တော့ မီးကင်ချင်လာတယ်၊ မီးကင်တော့ အယား သက်သာ တယ်၊ နောက် ပိုးတွေက ရွလာတော့ မီးပြန်ကင်ချင်လာတယ်၊ သူ့အယားဟာ သက်သာပါ့မလား၊

Saturday, December 8, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၈} (လမ်းနှစ်သွယ်)



လမ်းနှစ်သွယ်

          လေးလှသည့် ခန္ဓာဝန်          

          ခန္ဓာဝန် သိပ်ပြီးလေးတယ်ဆိုတာ ကလေးရော လူကြီးပါ စဉ်းစားကြည့်၊ ကလေးတွေ က ခန္ဓာဝန်လေးတယ်လို့ ထင်ပါ့မလား၊ တစ်ခါတလေ သူတို့ မငိုရဘူးလား၊ ငိုရတယ်၊ အဲဒီ ငိုရတာ ဟာ ဘာလဲ၊ ဒေါသမူဒွေးပဲ၊ ခန္ဓာဆိုရင် ဝိညာဏက္ခန္ဓာ၊ ခန္ဓာကိုယ်ဝန်ဟာ သိပ်လေးပါတယ်၊ တရားတော်တွေက စဉ်းစားလေ ကောင်းလေပဲ၊ ကိုရင်တို့ ဦးပဉ္စင်းတို့ စဉ်းစားကြ၊ မစဉ်းစားလို့ မဖြစ်ဘူး။
         
          ခန္ဓာဝန် လေးတာကို သံဝေဂဉာဏ်ဖြစ်အောင် ကြည့်တတ် ရင် ကောင်းတယ်၊ သံဝေဂဉာဏ်ဖြစ်တော့ ဒီခန္ဓာဝန်အပေါ်မှာ တပ်မက်မှု စွဲလမ်းမှု တဏှာဟာ သိသိသာသာ လျော့သွား တယ်၊ ဒီခန္ဓာဝန်ကြီးကို နောက်ထပ် မလိုချင်အောင် လျော့သွားမှ ပိုကောင်းတယ်၊ ခန္ဓာဝန်ကို နောက်ထပ် မလိုချင်တဲ့ ပုဂ္ဂိုလ်များမှာတော့ တရား လက်မလွှတ်တော့ဘူး၊ သူ့မှာ တရားမြဲနေပြီ။

          ယောကျာ်းများ ထမ်းရသည့်   ခန္ဓာဝန်

          တို့ ယောကျာ်းများ ထမ်းရတဲ့ ခန္ဓာဝန်ကိုကြည့်ကြစမ်း၊ ကျေးတောသားတွေဆိုရင် နေပူ မိုးရွာ မရှောင် အလုပ်တွေ လုပ်ကြရတယ်၊ မိုးတွင်းကျပြန်တော့လဲ မိုးတွင်းမို့လို့ လုပ်ကြရ ကိုင်ကြရတယ်၊ ထယ်ထိုးရ,လယ်ထွန်ရ, စပါး ကြဲရ, ပျိုးနုတ်ရ, ကောက်လှိုင်းစည်းရ, သယ်ရ, စပါးနယ်ရ စသည်ဖြင့် လုပ်ကြရတာ ဘယ်လောက် တာဝန်လေးသလဲ။

          မြို့နေလူတန်းစားတွေကော တချို့ကုန်သည် ပွဲစားတွေ ဘယ်လောက် ပင်ပန်းသလဲ၊ စီးပွားရေးအတွက် သွားကြရ လာကြရ ရှာကြရ ဖွေကြရ၊ ရှာဖွေရင်းက ဘေးအန္တရာယ်တွေနဲ့ တွေ့ကြပြီး ပြင်းပြင်းထန်ထန် ဒုက္ခတွေ ရောက်ကြရတယ်၊ တချို့ဆို သေကြရတယ်၊

  
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ