Wednesday, December 12, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၄} (အတုမဲ့ ရတနာ)



အတုမဲ့ရတနာ

အတုမရှိတိုင်း ရတနာဆိုလျှင်

ရတနာဟာ လောကီရတနာ လောကုတ္တရာရတနာလို့ နှစ်မျိုးရှိပါတယ်၊ ရတနာဟာ ဥစ္စာရှင်တွေကို  နှစ်သက်စေပါတယ်၊ ဥစ္စာရှင် မဟုတ်သူတွေအတွက်တော့ အကုသိုလ် လောဘ ဖြစ်ကြရတယ်၊ လောကီရတနာတွေဟာ သတ္တဝါတို့ရဲ့စိတ်ကို ဆွဲဆောင်မှုအား ကောင်းတယ်၊

ဒီလောကီရတနာတွေက လူတို့ အတွက် ဆိုးကျိုး ကောင်းကျိုး နှစ်မျိုးကို ပေးတယ်၊ ရတနာရှင် တွေဟာ မိမိရတနာ မိမိကြည့်ပြီး နှစ်သက်မှု လောဘတွေ ဖြစ်နေရတယ်၊ ဒီလောဘနဲ့ သေသွားကြည့်ပါလား၊ ပြိတ္တာ ဖြစ်မှာတော့ ကျိန်းသေတယ်၊ ဒီရတနာတွေ အမှီပြုပြီး လောက မကောင်းကျိုးကိုလဲ ခံစားကြရတယ်၊ လောကီရတနာတွေဟာ တန်ဖိုးရှိပါတယ်၊ ဒါပေမယ့် ဗုဒ္ဓရတနာကို မတုနိုင်ပါဘူး၊ ဗုဒ္ဓရတနာကို တုနိုင်တဲ့ ရတနာဟာ နိုင်ငံမှာလဲ မရှိဘူး၊ ကမ္ဘာ မှာလဲ မရှိဘူး၊ အတုမရှိတိုင်းသာ ရတနာလို့ ဆိုရရင် ဗုဒ္ဓ ရတနာကို တုနိုင်တဲ့ ရတနာ ရှာမတွေ့သေးပါဘူး။

ရတနာအကျိုးပေးခြင်း  ကွာခြားပုံ                          

ရတနာကို ပန်ဆင်ထိုက်သူတွေဟာ ဘုန်းကံရှင်များသာဖြစ်တယ်၊ ဘုန်းကံမရှိတဲ့ အောက်တန်းစား, အလယ်တန်းစား အတော်အတန် အထက်တန်းစားပုဂ္ဂိုလ်များ မပန်ဆင်နိုင်ဘူး၊ လောကီရတနာကို  ပန်ဆင်နိုင်တဲ့  ဘုန်းကံရှင်တွေဟာ  နှစ်နှစ်သက်သက်  စွဲစွဲလမ်းလမ်း အားပါးတရ သုံးဆောင်ကြတယ်၊ ရတနာပုံ အလယ်မှာ လောဘတွေ တက်ပြီး တရားလက်လွတ်  ဖြစ်ကုန် ကြရတယ်၊  သတိလက်လွတ် ဖြစ်ကုန်ကြရတယ်၊

ဒီလောကီ ရတနာတွေရဲ့ အကျိုးပေးက ပစ္စက္ခဖြစ်တဲ့ မျက်မှောက် ဘဝမှာသာ  အကျိုးပေးနိုင်တယ်၊  လောကုတ္တရာရတနာ ကတော့ မျက်မှောက်ဘဝမှာရော တမလွန်ဘဝမှာပါ  အကျိုး ပေးနိုင်တယ်၊ နောက်ဆုံး နိဗ္ဗာန်ထိအောင် အကျိုးပေးနိုင်ပါတယ်၊ ရတနာချင်း အကျိုးပေးက ဒါလောက်ထိအောင် ကွာခြားလှပါတယ်။

စကြာရတနာ ပေါ်လာမည့်နေ့

လူတွေက စိန် ရွှေ ငွေ ကျောက်သံပတ္တမြားကိုမှ “ရတနာ”လို့ ထင်နေကြတယ်၊ အမှန်ကတော့ ရတနာ (၇)မျိုး ရှိတဲ့ အနက်က စကြာဟာလည်း ရတနာထဲမှာ အပါအဝင်တစ်ခုပါပဲ၊ စကြာ ဆိုတာ လည်စေတတ်တယ်လို့ အဓိပ္ပာယ်ရတယ်၊ အဲဒီ စကြာ ရတနာ ပေါ်မည့်နေ့ဟာ လပြည့်နေ့ ဖြစ်ရမယ်၊ စကြာ ရတနာရှင် ဖြစ်မည့် ပုဂ္ဂိုလ်ကလဲ သာမညလူတို့ နေထိုင်ပုံ မျိုးကို မနေရဘူး၊ စကြာပေါ်မည့် လပြည့်နေ့မှာပဲ သီလများကို အထူးစောင့်ထိန်းပြီး မေတ္တာဘာဝနာကို ပွားများနေရတယ်၊ စကြာရတနာ ပေါ်တော့မယ်ဆိုရင် (၁၂)ယူဇနာလောက်က ကြားရတယ်၊ သူ့ရဲ့အဆင်းကိုလဲ (၁၂)ယူဇနာလောက်က မြင်ကြရတယ်။

စကြာပေါ်သောနေ့ လူတို့ ဖြစ်ပုံ

စကြာရတနာဟာ လပြည့်နေ့ လထွက်တာနဲ့ တစ်ပြိုင်နက် လနဲ့အတူ ထွက်ပေါ်လာ တယ်၊ အဲဒီအခါ လူတွေဟာ အုတ်အုတ်ကျက်ကျက်နဲ့ ဟစ်အော်ဆူညံပြီး “ဟာ...လမင်းကြီး နှစ်စင်း ထွက်လာတယ်၊ ကြည့်ကြစမ်း”နဲ့ ပြောဆိုကြတယ်၊ လမင်းကြီးကလဲ သူသွားမယ့်လမ်းအတိုင်း သွားတယ်၊ စကြာ ရတနာကလဲမြို့တော်နန်းမဆောင်ဘက်သို့ ထွက်ခွာလာတယ်၊

အဲဒီအခါကျမှ လူတွေရဲ့စိတ်တွေလဲ ငြိမ်သက်တည်ငြိမ်လာပြီး တစ်မျိုးတစ်မည် ဖြစ်ကြရပြန်တယ်၊ “လ မဟုတ်ဘူးဟေ့၊ စကြာရတနာကြီးကွ၊ တို့နန်းတော်ဘက်ကို လာနေတာ ကြည့် ကြစမ်း၊ ကြည့်ကြစမ်း၊ တို့မင်းတရား တရားစောင့်တယ်” စသည်ဖြင့် ပြောဆိုနေကြတုန်းမှာပဲ စကြာရတနာကြီးဟာ မမြင့်လွန်း မနိမ့်လွန်းဘဲ နန်းတော်ရဲ့ အရှေ့တံခါးပေါက်မှာ ဝင်ရိုးအစွန်းနဲ့ ထိပြီး ရပ်သွားတယ်၊ လူတွေလဲ ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြရတယ်။

စကြာမင်း၏ ဩဝါဒ

စကြာရတနာ ဆိုက်ရောက်လာတဲ့အတွက် လူတွေဟာ  မင်းတရားကြီးအပေါ်  များစွာ  ယုံကြည်ကြတယ်၊ ကြည်ညိုလေးစား အားထား ကြတယ်၊ စကြာရတနာဟာ ဘုရင်မင်းမြတ် စီးနိုင်လောက်တဲ့ နေရာလဲ ရောက်ကရော၊ဘုရင်မင်းမြတ်က “အရှင်စကြာရတနာ လည်တော်မူပါ” လို့ ဘုရင်မင်းမြတ်ကိုယ်တိုင် လေးစားရိုသေ ရတယ်၊ စကြာရတနာလှည့်လည်တဲ့အခါ(၁၂)ယူဇနာအတွင်း ရှိ လူများ အကုန်ပါနိုင်ပါတယ်၊

သတ္တဝါတစ်ဦးနဲ့တစ်ဦး ကံ တရားချင်းတွေ မတူနိုင်ကြဘူး၊ ဘုန်းကြီးသူ ရှိတယ်၊ ဘုန်း နည်းသူ ရှိတယ်၊ ပညာကြီးသူ ရှိတယ်၊ ပညာနည်းသူ ရှိတယ်၊ ဆင်းရဲသူ ရှိတယ်၊ ချမ်းသာသူ ရှိတယ်၊ လူတွေက ကံတရားရဲ့ အကျိုးပေးကို နားမလည်ဘူး၊ အလုပ် မလုပ်ချင်ကြဘူး၊ ခေတ် နှင့်လျော်စွာ စကြာမင်းရောက်တဲ့ တိုင်းပြည်မှာ ရန်သူမရှိဘူး၊ စကြာမင်းက “ပါဏော န ဟန္တဗ္ဗော-သူ့အသက် မသတ် ကြနှင့်၊ သူ့ဥစ္စာ မခိုးကြနှင့်၊ သူတစ်ပါး သားမယား မပြစ်မှား မစော်ကားကြနှင့်၊ လိမ်ညာ မပြောကြနှင့်၊ သေရည်သေရက် မသောက်စားကြနှင့်၊ ကောက်ယူမြဲတိုင်းသော အခွန်အတုပ် တွေကိုသာ ကောက်ယူကြ”လို့ ဩဝါဒပေးတယ်။

ဤဩဝါဒ လိုက်နိုင်ကြရင်

          ကဲ...ဘယ်လောက်ကောင်းတဲ့ ဩဝါဒလဲ၊ တစ်ကမ္ဘာလုံး ဒီလိုစကြာမင်းက ဆုံးမသွားတော့ တိုင်းသူ ပြည်သားတွေကလဲ လိုက်နာကြတယ်၊ မင်းတရားကြီးရဲ့ ဩဝါဒကို ရိုသေကျိုးနွံစွာ ခံယူကြတယ်၊ တိုင်းပြည် အသီးသီးမှာလဲ ဘာ ဘေးရန် အန္တရာယ်မှ ဖြစ်ပေါ်မလာဘူး၊ စကြာမင်းကြီးရဲ့အဆုံးအမဟာ ဘာမှ ခက်တာ မဟုတ်ပါဘူး၊ ငါးပါးသီလပဲ၊ ဒီငါးပါးသီလ လုံခြုံရင် တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် လက်နက်မျိုးစုံနဲ့ စစ်ခင်းနေစရာလဲ မလိုတော့ဘူး၊ ခိုးစရာလဲ မလိုတော့ဘူး၊ ခု ဒီဩဝါဒ မလိုက်နိုင်ကြလို့ ရုံးတွေ ထောင်တွေ ဂတ်တွေ အချုပ်တွေ ထားနေကြရတယ်၊ဒီဩဝါဒအတိုင်းသာဆိုရင်လေ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်နေမှာ မလွဲဘူး။

စကြာမင်းကိုလူများ ပူဇော်ကြပုံ

စကြာမင်း မပေါ်ခင်တုန်းက လူတွေဟာ မိမိတို့ ရိုးရာအတိုင်း နတ်များကို ပူဇော် ပ,သကြတယ်၊ ရိုသေလေးစား မြတ်နိုးကြတယ်၊ စကြာမင်း ပေါ်လာတော့ နတ်တွေ ပူဇော်မယ့် ပန်း ဆီမီးတွေကို ယူပြီး စကြာမင်းကို ပူဇော်ကြတယ်၊ နတ်ကို ပူဇော်နေရာက စကြာရတနာဘက် ပြောင်းသွားကြတယ်၊

လောကလူတွေဟာ သာရာကို လိုက်တယ်ဆိုတာ သိပ်ထင်ရှား တာပဲ၊ ဘယ်အနား ဘယ်ပုဂ္ဂိုလ်က ဘာတဲ့ဆိုရင် သူတို့ ရောက်ပြီးကြပြီ၊ ဒီပုဂ္ဂိုလ်ဆီက တစ်စုံတစ်ရာ ရလိုရငြား မျှော်လင့်ချက် အာသာလေးနဲ့ သွားကြတာပဲ၊ ပြီးတော့ စကြာ ရတနာတို့မည်သည်မှာ နှစ်ပေါင်း(၁၀ဝ) ဒီဘက်မှာ မပေါ်ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ လူတွေရဲ့ အကုသိုလ်တရားတွေက ကြီးမားနေလို့ပဲ။

စကြာမင်းကြီး  ဆင်ပျံစီးလို့
          စကြာရတနာ  ပေါ်လာပြီး  ဆင်ပျံတော်ရတနာပေါ်လာရတယ်၊ အဲဒီ ဆင်ပျံတော် ရတနာဟာ ဆွတ်ဆွတ်ဖြူသော ကိုယ်, နီ သောခြေထောက်ရှိတယ်၊ ဌာနပေါင်း(၇)ခုရှိ တယ်၊ခြေထောက် လေးချောင်း လေးဌာန, နှာခေါင်း တစ်ဌာန, အမြီး တစ်ဌာန, သို တစ်ဌာန ဒါတွေဟာ ဆင်ပျံတော်ရတနာရဲ့ ဌာနတွေ ဖြစ်တယ်၊ အဲဒီ ဆင်ဟာ ကောင်းကင်ကို ပျံနိုင်တဲ့ ဆဒ္ဒန် ဆင်မျိုး, ဥပေါသထဆင်မျိုး ဖြစ်တယ်၊ ဆင်ရဲ့ နောက်ပိုင်းက (၁၂)ယူဇနာအတွင်းရှိ လူတွေဟာ ပါနိုင်တယ်၊ ဆင်ပျံတော် ရတနာဆိုလို့ အတောင်ပံခတ် ပျံတယ်လို့ မအောက်မေ့ကြနဲ့၊ ဘုန်းကံနဲ့ ပျံခြင်းသာ ဖြစ်တယ်။

မြင်းပျံတော်ရတနာ ပေါ်လာပြန်

          ဆင်ပျံတော်ရတနာပြီးတော့ မြင်းပျံတော်ရတနာ ပေါ်လာရပြန်တယ်၊ ဒီရတနာတွေ ပေါ်တာဟာ အကြောင်းအကျိုး ဆက်စပ် ပြီး နေတယ်၊ ဘုရင်မင်းတရားကြီးရဲ့ ဘုန်းတန်ခိုး အာနုဘော်ကြောင့် ဖြစ်ပေါ်လာရတဲ့ ရတနာတွေပဲ၊ မြင်းပျံတော်ရတနာဟာလဲ ဆွတ်ဆွတ်ဖြူသောကိုယ် ရှိတယ်၊ သူ့ရဲ့ ဦးခေါင်းက ကျီးသတ္တဝါရဲ့ ဦးခေါင်းလိုပဲ၊ ဝလာဟကမြင်းမျိုးမှ ဆင်းသက် လာတယ်၊ ဒီမြင်းပျံရတနာဟာ တိုင်းပြည်မှာ အလွန် အသုံး ဝင်တယ်။

ပတ္တမြားရတနာ          ပေါ်လာပြန်

          မြင်းပျံရတနာ ပေါ်ပြီးနောက်  ပတ္တမြားရတနာ ပေါ်လာပြန်တယ်၊  ဒီ ပတ္တမြား ရတနာဟာ  ကျောက်မျက်ရွဲပတ္တမြား ရတနာမျိုး ဖြစ်တယ်၊  ပုံသဏ္ဌာန်မှာ  ရှစ်မြှောက် ရှိတယ်၊ အလျားက  စကြာရတနာဝင်ရိုးလောက် ရှိတယ်၊ ဝေပုလ္လ တောင်က ရရှိတယ်၊ ဒီပတ္တမြားကို ရရှိထားလို့ရှိရင် မှောင်နေတဲ့ အခန်းဆောင်ထဲမှာ မီးထွန်းစရာ မလိုဘူး၊ မှောင်ပေ့ဆိုတဲ့ နေရာမှာ ပိုလင်းတယ်၊ ခုခေတ် ကြမ်းပိုးတောင် ရှာရသတဲ့။

မိဖုရားရတနာ ပေါ်လာပြန်

          အဲဒီနောက် မိဖုရားရတနာ ပေါ်လာတယ်၊  လက်ရှိ မိဖုရားက ကောင်းနေလို့ရှိရင် အဲဒီ မိဖုရားပဲ ရတနာအဖြစ် လက်ခံ ရရှိတယ်၊ လက်ရှိမိဖုရားက ညံ့နေရင် မြောက်ကျွန်း မဒ္ဒရာဇ်တိုင်းက လာရတယ်၊ မိဖုရားက အပြစ်ခြောက်ပါး ကင်းလွတ်ရတယ်၊ ဖြူလဲ မဖြူလွန်းရဘူး၊ မည်းလဲ မမည်းလွန်းရဘူး၊ နိမ့်လဲ မနိမ့်လွန်းရဘူး၊ မြင့်လဲ မမြင့်လွန်းရဘူး၊ ပိန်လဲ မပိန်လွန်း ရဘူး၊ ဝလဲ မဝလွန်းရဘူး၊ ဒီလို အပြစ်ခြောက်ပါး ကင်းလွတ် နေရမယ်၊ လူထဲမှာ မည်သူနဲ့မျှ ယှဉ်လို့ မရဘူး၊

မိဖုရားရဲ့ ခန္ဓာကိုယ်ဟာ နွေအခါဖြစ်လျှင် အေးတယ်၊ ဆောင်းအခါ ဖြစ်လျှင် နွေးတယ်၊ ဥတုသုံးပါး မျှတယ်၊ နွေအခါဖြစ်လို့ ရှင်ဘုရင် အိုက်တော်မူတဲ့အခါ မိဖုရားခန္ဓာကိုယ်ပေါ် သုံးသပ် လိုက်ရင် အေးမြသွားတာပဲတဲ့၊ ဆောင်းအခါဆို နွေးထွေးသွား တာပဲ၊  စကြာမင်းကြီးအတွက်  စိတ်ဆင်းရဲစရာဆိုလို့ တစ်ကွက်မျှ မရှိဘူး။

ဂဟပတိရတနာ ပေါ်လာပြန်

          မိဖုရားရတနာ ပေါ်လာပြီးနောက်ဂဟပတိရတနာ ပေါ်လာရပြန်တယ်၊ အဲဒီဂဟပတိရတနာ (သူကြွယ်ရတနာ)ကလဲ ပင်ကို ရှိရင်းစွဲ ဂဟပတိက ကောင်းနေရင် သူပဲ ရတနာဖြစ်တယ်၊ ဂဟပတိရတနာဟာ ဘုရင်မင်းတရားရဲ့ တန်ခိုးအာနုဘော် ကြောင့် နတ်တို့ရဲ့ မျက်စိလို စိန်çရွှေçငွေçကျောက်သံပတ္တမြား တွေကို မြင်တွေ့ရတယ်၊ ဒီလို မြင်တွေ့တဲ့အခါ “ဟာဟိုအနား ရွှေအိုးတွေပါလား၊ ဒီနားကလဲ ခွေအိုးတွေပါလား၊ ဒါတွေဟာ ပိုင်ရှင် မရှိဘူး”လို့ ဆိုပြီး ဘုရင်ကြီးထံ သံတော်ဦးတင်ရန် ရှေ့တော်မှောက် အခစား ဝင်ရောက်တယ်၊

စကြာမင်းလဲ အခစား ဝင်လာတဲ့ ဂဟပတိကို “ဘယ်လိုလဲ ဂဟပတိ၊ သင့်ရဲ့ လာပုံဟာ ထူးခြားလှပါလား” လို့ မေးတော့ ဂဟပတိက “မှန်လှကြောင်းပါ မင်းတရားကြီးဘုရား ... တိုင်းပြည်အတွက် လိုသောငွေများ ရှိပါက ကျွန်တော်မျိုးထံ အမိန့်ရှိပါဘုရား” လို့ သံတော်ဦးတင်ပြီး ထွက်ခွာသွားတယ်၊ ဒီနေရာမှာ ဂဟပတိရဲ့ မြင်ခြင်းဟာ သူ့ရဲ့ ဘုန်းကံအလျောက် မြင်ခြင်း ဖြစ်တယ်။

သားကြီးရတနာ ပေါ်လာပြန်

ဂဟပတိရတနာ ပေါ်ပြီးနောက် သားကြီးရတနာ  ပေါ်လာရပြန်တယ်၊   သားကြီး ရတနာကလဲ မိဖုရားရတနာမှ ပေါ်လာတဲ့ သားကြီးရတနာ ဖြစ်တယ်၊ ဘုန်းကံ ရှိသူတို့ရဲ့ ကြာဝမ်းတိုက် မှာ ဘုန်းကံရှိသူတွေသာ ပဋိသန္ဓေဗီဇကို တည်စေနိုင်, ဖြစ်စေ နိုင်တယ်၊ စကြာမင်းရဲ့ သားကြီးရတနာဟာ စကြာမင်းကြီးရဲ့ ဘုန်းကံကြီးမားခြင်း, မိဖုရားကြီးရဲ့ ဘုန်းကံကြီးမားခြင်းတို့ ကြောင့် သားကြီးရတနာကို ရလာခြင်း ဖြစ်တယ်၊

ရှင်ဘုရင် ချာတူး, မိဖုရား ချာတူးသာဆိုရင် မိမိတို့ရဲ့သားလဲ ချာတူး ဖြစ်မှာပဲ၊ ဒါ့ကြောင့် အခုခေတ် မိခင်တွေဟာ “သားကောင်း တစ်ယောက် ကျောက်ကောင်းတစ်စေ့” ဆိုတာလို သား သမီး ကောင်း ရချင်လို့ရှိရင် သီလ သမာဓိရှိရှိနဲ့ နေထိုင်ကြရမယ်၊ ဒါမှလဲ မိမိတို့က မွေးဖွားလာတဲ့ သားရတနာဟာ မိုးကြိုးလို တန်ခိုးသတ္တိ ရှိပြီး အစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ယောကျာ်း အာဇာနည် ဖြစ်ဖို့ သေချာတယ်၊ ခု ဘုရင်မင်းမြတ်ရဲ့ သား ရတနာကတော့ တိုင်းပြည်ရေးရာနဲ့စပ်လျဉ်းလာရင် ဘုရင်ကြီး ပြန်ကြည့်နေရတယ်လို့ မရှိဘူး၊ အေးချမ်း ငြိမ်သက်စွာ ကမ္မဋ္ဌာန်းတရား နှလုံးသွင်းနေရုံပဲ ရှိတော့တယ်။

တုမရနိုင်သည့် ဗုဒ္ဓရတနာ

ခု ဘုန်းကြီး ပြောပြခဲ့တဲ့  ရတနာတွေဟာ လောကီရတနာ (၇)ပါးပဲ၊ ဒီရတနာတွေဟာ လောကအလိုက် တု,မရတဲ့ ရတနာတွေပဲ၊ ဒါပေမယ့် ဘုန်းကြီးတို့ ဗုဒ္ဓရတနာနဲ့ နှိုင်းယှဉ် လိုက်တော့ တုလို့ မရအောင် ကွာခြားတယ်၊ ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓရတနာဟာ ဘယ်လိုရတနာ မျိုး ဖြစ်တယ်ဆိုတာကို စိစစ် ဝေဖန်ဖို့ လိုလာတယ်၊ ဗုဒ္ဓကို တူအောင်တော့ ပြုချင် ပြုနိုင်ကြမယ်၊ တုလို့ကတော့ မရနိုင်ဘူး၊ မာရ်နတ်မင်းဟာ ဗုဒ္ဓပုံတော်ကို တူအောင်တော့ ဖန်ဆင်းပြနိုင်တာပဲ၊ ဒါပေမယ့် ဘုရားကို ပြိုင်တုလို့ကတော့ မရနိုင်ဘူး။

ဗုဒ္ဓရတနာနှင့် စကြာရတနာ

          ဗုဒ္ဓဂုဏ်တော်တွေကို ချီးမွမ်းလို့ မကုန်နိုင်ဘူး၊ ဗုဒ္ဓဟာ  သာသနာပ တိတ္ထိတွေကို  ရန်သူလို သဘောမထားဘဲ တကယ့် မေတ္တာစေတနာ အရင်းခံပြီး ချွေချွတ်တော်မူခဲ့ပါတယ်၊ အစက ဘုန်းကြီး ပြောခဲ့သလို လူတွေဟာ စကြာရတနာ ပေါ်လာတော့ နတ်တွေထံ ပူဇော်မယ့် ပန်းတွေကို မပူဇော်ကြတော့ဘဲ စကြာရတနာထံ ပူဇော်ကြတယ်၊

ခုတစ်ခါ ဗုဒ္ဓရတနာ ပွင့်ထွန်း ပေါ်ပေါက် လာတော့ စကြာမင်းကို မပူဇော်ကြတော့ဘဲ ဗုဒ္ဓကိုပဲ ပူဇော် ကြတော့တယ်၊ ဒီနေရာမှာ ဗုဒ္ဓရတနာနဲ့စကြာရတနာ ဘယ်လို ကွာခြားသလဲ၊ စကြာရတနာ သန္ဓေတည်ရတဲ့ နှစ်နဲ့ ဗုဒ္ဓ ရတနာ သန္ဓေတည်ရတဲ့နှစ်က တော်တော်ကို ကွာခြားပြီးတော့ နေတယ်၊

စကြာရတနာကို သန္ဓေတည်ရရင် တစ်ကမ္ဘာ, နှစ် ကမ္ဘာ, သုံးကမ္ဘာပေါ့၊ ဗုဒ္ဓရတနာမှာတော့ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလပတ်လုံး သန္ဓေတည်ခဲ့ရတယ်၊ ဗုဒ္ဓဟာ သတ္တဝါ ဝေနေယျတွေရဲ့ အကျိုးကို ဖြည့်ကျင့်ခဲ့တယ်၊ ဆင်းရဲ ဒုက္ခရောက်နေကြတဲ့ သတ္တဝါတွေကို သံသရာရေအလျဉ်မှ ကယ်တင်ပြီး နိဗ္ဗာန်သောင်ကမ်းသို့ ပို့ဆောင်ပေးခဲ့တယ်၊ ဒါ့ကြောင့် ရတနာချင်း ကွာခြားခဲ့တာပဲ။

နတ်ဗြဟ္မာတွေတောင် မနေနိုင်
          ဒါတွေကြောင့်မို့လို့လဲ လူတွေက ဗုဒ္ဓကို  ပူဇော်ကြတယ်၊  ဆည်းကပ်ကြတယ်၊ အရိုအသေ ပြုကြတယ်၊ ဒီလို လူတွေရဲ့ အပူဇော် အဆည်းကပ် အရိုအသေ ပေးတာကို မပြောနဲ့၊ နတ်ဗြဟ္မာတို့ရဲ့ ရိုသေမြတ်နိုး ရှိခိုးမှုကို အကြိမ်ကြိမ် အထပ်ထပ် ခံယူရတယ်၊

လူတို့ရဲ့ အဆင်းထက် အဆပေါင်း မြောက်မြားစွာ သာလွန်တဲ့ သဟမ္ပတိဗြဟ္မာကြီးဟာ မြင်းမိုရ် တောင်လောက်ရှိတဲ့ ရတနာပန်းကုံးကြီးကို လှူခဲ့တယ်၊ ပြီးတော့ ဓမ္မာသောကမင်းကြီးဟာကိုးဆယ့်ခြောက်ကုဋေသော ဥစ္စာတွေကို စွန့်လွှတ်ပြီး ဗုဒ္ဓကို ပူဇော်ခဲ့တယ်၊ ဒါ့ကြောင့် ဗုဒ္ဓဟာ ဒီ့ပြင် ပုဂ္ဂိုလ်တွေ အရိုအသေပြုမှုကို မဆိုထားနဲ့ အထက်တန်းဖြစ်တဲ့ ဘုရင် ဧကရာဇ်တွေ, နတ် ဗြဟ္မာတွေ တောင်မှ မနေနိုင်ဘူး၊ အရိုအသေပြုကြရတယ်။ (ခုဒ္ဒကပါဌ-ဋ္ဌကထာ၊ နှာ-၁၄၃ ရှု။)

အရိုအသေပြုထိုက်လို့သာ ရတနာဆိုလျှင်

ဘယ်နေရာ မဆို  ဘုရားရှင်ကို ဦးစားပေးကြတယ်၊ သာသနာပ          တိတ္ထိများကတောင်  ဘုရားရှင် ကို ဦးစားပေးကြတယ်၊ ဦးစားပေးပုံက ဘုရားရှင်ဟာ ဆွမ်းခံကြွပြီဆိုရင် အချိန်ထက် စြေွာကတော်မူလေ့ရှိတယ်၊ ဒီလို စောစောကြွတော်မူတာကလဲ တိတ္ထိတွေရဲ့ကျောင်းကို ဝင်တော် မူလိုလို့ ဖြစ်တယ်၊ ဘုရားရှင်မကြွခင် တိတ္ထိတွေဟာ တောင်စဉ် ရေမရ လျှောက်ပြောနေကြတယ်၊

ဘုရားရှင် ကြွလာတာကို သိတော့ “ဟေ့ ... ဟေ့ ... တိတ်တိတ်နေကြ၊ ဂေါတမဗုဒ္ဓက ဆူညံနေတာကို မကြိုက်ဘူး၊ တိတ်ဆိတ်တာကို အလွန် သဘောကျတယ်”စသည်ဖြင့် ပြောဆိုပြီး ငြိမ်သက်စွာ နေထိုင် ကြတယ်၊ ဘုရားရှင်လဲ သူတို့နေရာရောက်ရော “အရှင်ဂေါတမ ကြွပါကြွပါ၊ ကျုပ်တို့က အသင့်ကို မျှော်နေကြတာ၊ ခုမှ ကြွလာပေတော့တယ်” စသည်ဖြင့် ဖိတ်မန္တကပြုပြီး ရိုသေစွာ နေထိုင်ကြတယ်၊

 မြတ်စွာဘုရားကလဲ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ကို ကြည့်ပြီး တရားဟောတော်မူတယ်၊ တချို့လဲ ကျွတ်တန်းဝင် ကြတယ်၊ ဘုရားရှင်ဟာ အကျိုးမရှိတဲ့ စကားကိုလဲ ဘယ် တော့မှ မပြောဘူး၊ အကျိုးမရှိမယ့် နေရာကိုလဲ ဘယ်တော့မှြွကတော်မမူဘူး၊ ဒါ့ကြောင့် အရိုအသေပြုထိုက်လို့သာ ရတနာ လို့ ခေါ်ရရင် ဗုဒ္ဓရတနာကို မီတဲ့ ရတနာ တစ်ခုမှ မရှိဘူး။


မြေမှုန့်လှူလဲ အကျိုးရ

          ကာသိတိုင်းမှာ ဖြစ်တဲ့ အဝတ်တွေဟာ သုံးမရအောင် ဟောင်းသွားပေမယ့် ယခုခေတ်အသစ် စက်စက် အဝတ်များနဲ့တောင် လဲလို့ မရ နိုင်ဘူး၊ အဖိုးများစွာ ထိုက်တန်တယ်၊ ကာသိတိုင်း အဝတ်က အဖိုးများစွာ ထိုက်တန်နေသေးတယ်၊ ဒါပေမယ့် မြတ်စွာ ဘုရားရတနာနဲ့ လဲလို့ မရဘူး၊ ဘုန်းကြီးတို့ ပတ္တမြားရတနာကို ရရှိထားတဲ့ သူတွေဟာ လောကစည်းစိမ်ကို လိုလေသေး မရှိ သုံးဆောင်ခံစားနိုင်တယ်၊

 မြတ်စွာဘုရားရတနာနဲ့ ယှဉ် ကြည့်ကြစို့ဆိုရင် ကွာခြားချင်တိုင်း ကွာခြားရတယ်၊ ဘာပြု လို့လဲဆိုတော့  လောကီရတနာတွေ သန္ဓေတည်ရတဲ့ခေတ်နဲ့ ဘုရားသန္ဓေတည်ရတဲ့ ခေတ်ဟာ မတူလို့ဘဲ၊ ပတ္တမြားရတနာဟာ တွင်းထဲမှာ သန္ဓေတည်ရင် ဒီကမ္ဘာပျက် သလောက်သာ သန္ဓေတည်နိုင်တယ်၊  ဘုရားရတနာကတော့ ကမ္ဘာပေါင်း မရေတွက်နိုင် အောင် တည်ရတယ်၊ ဒါ့ကြောင့် ဘုရားကို ပူဇော်ရင် မသိနားမလည်တဲ့ ကလေးက မြေမှုန့် ကောက်လှူ တောင် အကျိုးရတယ်။

ကိုယ်ပိုင်ပစ္စည်း          ဘုံဆိုင် ပစ္စည်း

          ဘုန်းကြီးတို့ လောကီရတနာဖြစ်တဲ့  စိန်, ရွှေ,  ငွေ,  ကျောက်သံ ပတ္တမြားတွေဟာ ကိုယ်ပိုင်တာ မဟုတ်ဘူး၊ ကိုယ်ပိုင်တာက တစ်ခုမှ  မရှိဘူး၊  ကိုယ်သေသွားတဲ့အခါ  ကိုယ့်နောက်မှာ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေက သုံးဆောင်ခံစားကြတာပဲ၊ ဒါ့ကြောင့် လောကီရတနာတွေဟာ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ ဘုံဆိုင်ပစ္စည်းတွေ ဖြစ်နေရတယ်၊

လောကုတ္တရာဖြစ်တဲ့ ဘုရား ရတနာ, တရားရတနာ, သံဃာရတနာကတော့ ကိုယ်ပိုင် ပစ္စည်း ဖြစ်တယ်၊ ကိုယ်ပိုင်ပစ္စည်း ဖြစ်ပုံကလေး ဘုန်းကြီး ပြောပြဦးမယ်။

အနာထပိဏ်သူဌေးကြီး အကြောင်း

          ဘုန်းကြီးတို့ အနာထပိဏ်သူဌေးကြီးဟာ  ရာဇဂြိုဟ်သူဌေးကြီးနဲ့ မောင်လှယ် နှမလှယ် တော်စပ်တယ်၊ မောင်လှယ် နှမလှယ်ဆိုတာက အနာထပိဏ်သူဌေးကြီး ကလဲ ရာဇဂြိုဟ်သူဌေးရဲ့ နှမကို ယူထားတယ်၊ ရာဇဂြိုဟ် သူဌေးကလဲ အနာထပိဏ်သူဌေးရဲ့ နှမကို ယူထားတယ်၊ ဒါကို မောင်လှယ် နှမလှယ်လို့ ဆိုတယ်၊ အနာထပိဏ်သူဌေး ကလဲ သူ့မြို့မှာရှိတဲ့ ကုန်တွေကို ရာဇဂြိုဟ်သူဌေးထံ ယူလာပြီး ရောင်းချတယ်၊

ရာဇဂြိုဟ်သူဌေးကလဲ သူ့မြို့မှာ ရှိတဲ့ ကုန် တွေကို သာဝတ္ထိမြို့ အနာထပိဏ်သူဌေးထံ ယူလာပြီး ရောင်း ချတယ်၊ တစ်နေ့တော့ အနာထပိဏ်သူဌေးဟာ ကုန်တွေ ယူပြီး လာတယ်၊ ခါတိုင်း အနာထပိဏ်သူဌေး လာတယ်ဆိုရင် ရာဇဂြိုဟ်သူဌေးက ထွက်ပြီး ကြိုနေကျ၊ ဒီနေ့ကျတော့မှ ထွက် မကြိုဘဲ သူ့အိမ်မှာ ရှိတဲ့သူတွေကို “ထမင်းတွေ ချက်ကြဟဲ့၊ ဟင်းတွေ ချက်ကြဟဲ့”နဲ့ ခိုင်းစေနေတာကို အနာထပိဏ်သူဌေး ကအိမ်ရှေ့ကနေကြားတယ်၊

ကြားတော့ “ဒီသူဌေးဟာ ခါတိုင်း ငါလာတယ်ဆိုရင် ထွက်ပြီးကြိုနေကျ၊ ဒီနေ့ထွက်မကြို ပါလား၊ဧကန္တ ဒီသူဌေးမှာ အာဝါဟ ဝိဝါဟမင်္ဂလာများ ရှိနေသလား၊ ဒါမှမဟုတ် ဗိမ္ဗိသာရမင်းကြီးနှင့်တကွ စစ်သည်တော် တွေကိုထမင်းများ ဖိတ်ကျွေးမလို့လား”နဲ့ တွေးပြီး အိမ်ထဲ ဝင်သွားတယ်။

ဘုရားသံကြား မေ့သွားရပုံ

          ဒီတော့မှ  ရာဇဂြိုဟ်သူဌေးကလဲ  ထွက်ပြီး ခရီးဦးကြိုပြုနိုင်တယ်၊ အနာထပိဏ်သူဌေး ကလဲ သူ့စိတ်ထဲ ရှိတဲ့အတိုင်း ပြောပြလိုက် တယ်၊ ဒီတော့ ရာဇဂြိုဟ်သူဌေးက မဟုတ်တဲ့အကြောင်း မြတ်စွာဘုရား အမှူးရှိသော သံဃာတော်တွေကို ဆွမ်းကပ် မယ့်အကြောင်း ပြောပြလိုက်တော့ အနာထပိဏ်သူဌေးဟာ မေ့သွားတယ်၊

နောက်သတိပြန်ရပြီး “နေစမ်းပါဦး သူဌေးကြီး, ခုနက သင်ဘာပြောလိုက်တာလဲ”လို့ ထပ်မေးတဲ့အခါ ရာဇဂြိုဟ်သူဌေးကလဲ “ဗုဒ္ဓလို့ ပြောလိုက်ပါတယ်”လို့ ပြန်ပြော တယ်၊ တစ်ခါ မေ့သွားပြန်တယ်၊ သုံးကြိမ် သုံးခါတိုင်အောင် မေ့သွား ပြီးတော့မှ ပြန်လည်သတိရတဲ့အချိန်မှာ “အဲဒီ ဗုဒ္ဓထံ ကျုပ် သွားချင်ပါတယ်”လို့ ပြောတော့ “အခုတော့ အချိန် မဟုတ်သေးပါဘူး၊ မနက်ဖန်ဆိုရင် ဗုဒ္ဓမြတ်စွာ ကြွလာပါ လိမ့်မယ်၊ အဲဒီကျမှ ဖူးမြော်ပါ”လို့ ပြောလိုက်တယ်။

ဘုရားအာရုံကြောင့် အလင်းရောင်ရ

အနာထပိဏ်သူဌေးကြီးဟာ ဘုရားဆိုတဲ့အသံကို  ကြားတဲ့ အချိန်က စပြီး အဲဒီ အာရုံနဲ့ နေလိုက်တာ တစ်ညလုံးပဲ၊ ဒီလို ဘုရားအာရုံ ကြပ်ကြပ်ထုံလာတော့ ခန္ဓာကိုယ်က အရောင် အဝါတွေ ထွက်လာတယ်၊ ပထမညဥ့်ဦးယံမှာ ခန္ဓာကိုယ်က အရောင်အဝါတွေ ထွက်လာတော့ မိုးလင်းပြီအထင်နဲ့ ထç လိုက်တာ အပြင်ဘက် ထွက်ကြည့်တော့မှ စောနေသေးမှန်း သိလို့ အခန်းထဲ ပြန်အိပ်ပြန်တယ်၊ နောက် အရုဏ်မတက်ခင် တစ်ခါ နိုးလို့ ကြည့်လိုက်ပြန်တော့ အလင်းရောင်တွေက ထွက်နေပြန်တယ်၊ ဒီတစ်ခါကျတော့ မိုးလင်းပြီဆိုပြီး ထ, သွားတယ်။

ခြေတစ်လှမ်း ကုဋေတစ်သန်း

ဒီလိုနဲ့ အနာထပိဏ်သူဌေးကြီး တဖြည်းဖြည်းနဲ့ သွားလိုက်တာ မြို့တံခါး ရောက်သွားတယ်၊ မြို့တံခါးစောင့်နတ်တွေဟာလဲ တံခါးတွေ ဖွင့်ပေးကြတယ်၊ မြို့အပြင်ရောက်တော့ သူသေအလောင်း တက်နင်းမိတယ်၊ ရှေးခေတ် အိန္ဒိယထုံးစံက အလောင်းကို မြေမမြှုပ်ဘဲ အပြင်ပစ်ထားလေ့ ရှိတယ်၊ ဒီလို အလောင်း တက်နင်းမိတော့ လန့်သွားပြီး ကိုယ်ရောင်ကိုယ်ဝါတွေကလဲ ပျောက်ကုန်တယ်၊ ဒီတော့ သုသာန်စောင့်နတ်က “သတံ ဟတ္ထီ သတံ အဿာ” အစရှိတဲ့ ဂါထာနဲ့ အားပေးတယ်။

          “သူဌေးကြီး .. ရှေ့ကိုသာ တိုးသွား၊ ရှေ့ကိုသာ တိုးသွား၊ သင့်ရဲ့ သွားခြင်းဟာ တန်ဖိုးမဖြတ်နိုင်ဘူး၊ ဆင်တစ်သိန်းç မြင်းတစ်သိန်း, အဿထိုရ်မြင်းတစ်သိန်း ကçယှဉ်ထားရတဲ့ ရထားပေါ်မှာ တန်ဆာဆင်ထားတဲ့ အမျိုးသမီးတစ်သိန်း၊ ဒါတွေဟာ သင်သူဌေးကြီး ဘုရားထံသွားတဲ့ ခြေတစ်လှမ်း လောက် တန်ဖိုးမရှိပါဘူး” လို့ ပြောတော့မှ သူဌေးကြီးလဲ တစ်ဖန် အားတက်ပြီး ရှေ့ဆက်သွားပြန်တယ်၊ ဒီလိုပဲသုံးကြိမ် သုံးခါတိတိ ဖြစ်ပြီး သွားလိုက်တာ မိုးလင်းသွားတယ်။

ဘုရားသံကြားရုံနဲ့ မယုံသေး

          အနာထပိဏ်သူဌေးကြီးဟာ  ဘုရားလို့ ဆိုတိုင်း  ယုံသေးတာ  မဟုတ်သေးဘူး၊ စဉ်းစားသေးတာ၊ ဘယ်လို စဉ်းစားသလဲ ဆိုတော့ ဧကန္တ ဘုရားဆိုရင် ငါ့ရဲ့ နာမည်ဟာ သုဒတ္တ ငါ့ နာမည်ကို ငါ့မိဘမှတစ်ပါး ဘယ်သူမှ မသိဘူး၊ ငါ့နာမည် ရင်းကို ဧကန်ဒိဋ္ဌသိရင်ဖြင့် ဘုရားပဲလို့ တွေးပြီး ဆိုသွားတယ်။
         
သောတာပန် ကျောင်းဒါယကာ ဖြစ်ခြင်း

          မြတ်စွာဘုရားသခင်ကလဲ သိတော်မူတယ်၊ သိလို့ “ဧဟိ သုဒတ္တ-သုဒတ္တလာခဲ့၊ သုဒတ္တ လာခဲ့” လို့   ခေါ်တော်မူတော့   သူဟာ      ဝမ်းမြောက်ဝမ်းသာနဲ့ ဘုရားခြေတော်ရင်း သွားပြီး ဝတ်ချတယ်၊ မြတ်စွာဘုရားကလဲ တရားတော်ကို ဟောလိုက်တော့ သောတာပန် ဖြစ်သွားရတယ်၊

ဒါဟာဘာလဲ၊ လောကုတ္တရာရတနာဟာ ကိုယ်ပိုင်ဖြစ်အောင် လုပ်လို့ရတယ်၊ ဒီလောကီရတနာတွေကို နှစ်နှစ်သက်သက် စွဲစွဲလမ်းလမ်း မထားပါနဲ့၊ ကုသိုလ်ဒါနပြုပြီး သာသနာတော်မှာ အကျိုးရှိရှိ သုံးသွားတတ်ရင် ကိုယ်ပိုင်ဥစ္စာ ဖြစ်နိုင်တာပဲ၊ လောကီရတနာ တွေကို ကိုယ့်နောက်ပါအောင် လုပ်ကြ။
          (၆-၃-၆၉ လန်ဒန်အောက်စဖို့တက္ကသိုလ်မှ ကထိက မစ္စတာ ဂျွန်အိုကယ် (ဦးလှသိန်း) လာရောက်စဉ် ပေးသော ဩဝါဒ ဖြစ်သည်။)

          ဓမ္မဗျူဟာ
          အတွဲ(၁၈)၊ အမှတ်(၁၁)
          (၁၉၈၀၊ ဇန်နဝါရီလ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ