စွဲမြဲစိတ်သန် အဓိဋ္ဌာန်
အခုကောင်းမှ အနှောင်းသေချာမည်
သတိဆိုတာ
ဉာဏ်ရှိမှ အသုံးချလို့ရတယ်၊ ယခုခေတ် တချို့လူငယ်ပိုင်းတွေဟာ သတိလွတ်နေတဲ့အတွက် ကြောင့်
လူလေလူလွင့်တွေ ဖြစ်နေကြတယ်၊ လူဆိုတာအကြား အမြင် များအောင်လဲ လုပ်ရတယ်၊ အကြားအမြင်များမှလဲ
ကျန်းမာရေးလိုက်စားတတ်မယ်၊ ဒီဗဟုသုတအကြားအမြင် တွေဟာ ဘယ်သူ့ဆီက ရသလဲဆိုရင် ပုဂ္ဂိုလ်ဆီကရတယ်၊
ပုဂ္ဂိုလ်ဆိုတာလဲ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ သူတော်ကောင်း ပုဂ္ဂိုလ်ဖြစ်တယ်၊
ဒီသူတော်ကောင်းပုဂ္ဂိုလ်ရဲ့
အထံမှ သုတ အကြားအမြင်ကောင်းတွေကို ရနိုင်တယ်၊ ဒါမှလဲ အတ္တသမ္မာ ပဏိဓိဖြစ်မယ်၊ အတ္တသမ္မာပဏိဓိဆိုတာ
မိမိစိတ် မိမိကိုယ်ကို ကောင်းကောင်းထားတာကို ဆိုတယ်၊ မိမိရဲ့ ကိုယ်, နှုတ်, စိတ် သုံးပါးလုံးကို
ကောင်းတဲ့တရားတွေနဲ့ ထုံမွှန်းထားရင် အတ္တ သမ္မာပဏိဓိ ဖြစ်နေတာပဲ၊
ဒီကျောင်းတိုက်မှာ
တချို့ ကိုယ် တော်တွေ ရောက်လာကြတယ်၊ ကံကောင်း ထောက်မလို့ ရောက်လာကြတာ၊ ရောက်လာပေမယ့်
ဒီမှာ ဘုန်းကြီးပေးတဲ့ ဩဝါဒတွေ ဆုံးမနေတဲ့ တရားစကားတွေကို နာထောင်ကြ ရဲ့လား၊ နားမထောင်ဘူး၊
သူတော်ကောင်းတော့ မှီခိုရတာပဲ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကောင်းကောင်းမထားဘူး၊ ဒါဟာ
ဘဝအဆက်ဆက်က ပဋိသန္ဓေဗီဇမျိုးစေ့ကိုက ညံ့ခဲ့လို့ပဲ။
မိမိကိုယ်ကို ကောင်းဖို့ရန် သူတော်ကောင်းကို မှီခိုဖို့ သိပ်လိုတယ်၊ သူတော်
ကောင်းဆိုတဲ့ မိကောင်း ဖကောင်း သားသမီး ဖြစ်ဖို့ရန် နည်းနည်းလိုတာ မဟုတ်ဘူး၊ များစွာကို
လိုတယ်၊ ပုဂ္ဂိုလ်တစ် ယောက်ရဲ့ ကုသိုလ်ရဖို့ စိတ်ထားတတ်ဖို့ဟာ ဗဟုသုတ များစွာလိုတယ်၊
နည်းလမ်းကျကျ လှူတတ် စိတ်ထားတတ်မှသာ လူလဲ သက်သာ၊ ငွေလဲ အကုန်အကျနည်းပြီး သာသနာလဲ အကျိုးသက်ရောက်မယ်၊
တို့
ကိုယ့်ကိုယ်ကို ကောင်းကောင်း ထားဖို့ဆိုတာ သူတော်ကောင်းတရားကို အမြဲမပြတ် နာကြား နေရတယ်၊
သူတော်ကောင်းတို့ ဟောကြားညွှန်ပြ ဆိုဆုံးမတဲ့ တရားစကားတွေကို ရိုသေစွာ လိုက်နာ ကျင့်ကြံကြိုးကုတ်
အားထုတ်ပြီးမှ ကိုယ့်ကိုယ်ကို ကောင်းကောင်းထားရာ ရောက် မယ်၊ ခုခေတ် လမ်းသူရဲလေးတွေ
ပေါနေတာဟာ သူတော် ကောင်းတွေကို မမှီခိုရလို့ ပေါများနေခြင်း ဖြစ်တယ်။
သူတော်ကောင်းကိုလဲ မမှီခိုရ၊ သူတော်ကောင်းတရားကိုလဲ
မနာကြားရလို့ရှိရင် မိမိရဲ့ ပဋိသန္ဓေမျိုးစေ့က ကောင်းနေပါ သော်လဲ မိကောင်း ဖကောင်း သမားကောင်း
မိတ်ကောင်း ဆွေမျိုးကောင်းတွေနဲ့ မတွေ့တော့ လူလိမ္မာ ပဏ္ဍိတ မဖြစ်ဘဲ လူမိုက် ဗာလ ဖြစ်ရတယ်၊
ပုဂ္ဂိုလ်တစ်ယောက်ဟာ သူတော် ကောင်းတရားတွေ ဘယ်လောက်ပဲ ရွတ်နေနေ စိတ်က မပါရင်...
ယာဝဇီဝမ္ပိ စေ ဗာလော, ပဏ္ဍိတံ ပယိရူပါသတိ၊ န သော ဓမံ္မ ဝိဇာနာတိ, ဒဗ္ဗိ သူပရသံ ယထာ။
လူမိုက်ဟာ အသက်ထက်ဆုံး ပညာရှိထံ မခွဲမခွာ
ချဉ်းကပ် နေတယ်၊ ဒါပေမယ့် ဒီပုဂ္ဂိုလ်ဟာ ပညာရှိသူတော်ကောင်းရဲ့ အဆုံးအမ ဩဝါဒတရားစကားကို
မသိဘူး၊ ဥပမာ ဘာနဲ့ တူသလဲဆိုတော့ ဟင်းမွှေယောက်မနဲ့ တူတယ်။ (ဓမ္မပဒ၊ ဗာလဝဂ်၊ ဥဒါယိထေရဝတ္ထု။)
တို့ ဟင်းမွှေယောက်မကြီးကွာ ဝက်သားဟင်းကို
သွားမွှေတော့ကော သူဟာ ကောင်းတဲ့ အရသာကို သိပါ့မလား၊ မသိဘူး၊ ငံပြာရည်အိုး သွားမွှေတော့လဲ
ငန်တဲ့ အရသာကို သိပါ့မလား၊ မသိဘူး၊
အဲဒီ
အတိုင်းပဲ ဒီကျောင်းတိုက်မှာ ဘုန်းကြီးနဲ့တကွ စာချဘုန်းကြီးတွေက ဦးပဉ္စင်းတို့, ကိုရင်တို့ကို
မဆုံးမကြဘူးလား၊ ဆုံးမတယ်၊ ဒါပေမယ့် တချို့ ကိုယ်တော်တွေ နားလည်ကြ ရဲ့လား၊ နားမလည်ပါဘူး၊
နား မလည်တဲ့အပြင် သူတို့ ပြောရကောင်းလားဆိုပြီး တချို့ဆိုရင် စိတ်တောင်ခု, ကြသေးတယ်၊
အချို့လဲ နားမထောင်နိုင်တော့ ဒီကျောင်းတိုက်က ထွက်သွားကြတယ်၊ ပျက်စီးကုန်ကြတာ များတာပဲ၊
ဒါကြောင့် ဆရာကောင်း သမားကောင်းနဲ့ ပေါင်းတိုင်း လူတော် လူကောင်း မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်တာကိုလဲ
ဒီပါဠိက သက်သေခံနေတယ်။
နောင်ကို ကောင်းဖို့ ခုကောင်းလိုက်ကြ
မိမိနေရတဲ့ဌာနမှာ
သူတော်ကောင်းတွေရှိနေတာတော့ မှန်တယ်၊ ဒါပေမယ့်သင့်တင့် လျောက်ပတ်တဲ့ အရပ်တော့ မဟုတ်ဘူး၊
သင့်တင့်လျောက်ပတ်တဲ့ အရပ်ဆိုတာ သူခိုး, ဓားပြ, သူပုန်ရန်သူ အစရှိတဲ့ ဘေးတွေ ကင်းဝေးပြီး
ကုသိုလ် ကောင်းမှုကို အချိန်မရွေး ပြုနိုင်တဲ့ အရပ်ဟာ သင့်တင့်လျောက် ပတ်တဲ့ အရပ်ပဲ၊
ဒီလို အရပ်မျိုးတွေမှာ နေရဖို့ဆိုတာကလဲ ရှေးကံကလဲ ကောင်းရတယ်၊ ဒါကြောင့် ဆိုကြစမ်း
....
“ရှေးကကောင်းလို့
ခုကောင်းပါတယ်,
အခုကောင်း
နောင်ကောင်းပါလိမ့်မယ်၊
ရှေးကဆိုးလို့
ခုဆိုးပါတယ်,
အခုဆိုး
နောင်ဆိုးပါလိမ့်မယ်၊
နောင်ကိုကောင်းဖို့
ခုကောင်းလိုက်ကြပါစို့ကွယ်။
ဟို ရှေးကံကောင်းခြင်းဆိုတဲ့ ပုဗ္ဗေ စ ကတပုညတာရှိသူဟာ
နေရာကောင်း ပဋိရူပဒေသဝါသပြည့်စုံပြီး အဲဒီ အရပ်မှာ နေရတယ်၊ အဲဒီအရပ်မှာ သူတော်ကောင်း
သပ္ပုရိသူပနိဿယ စက်နဲ့လဲ ပြည့်စုံတယ်၊ အဲဒီ သူတော်ကောင်းရဲ့ အထံမှ အဆုံးအမကောင်းတွေကိုလဲ
နာကြားရတဲ့ သဒ္ဓမ္မဿဝနနဲ့ ပြည့်စုံလဲ ပြည့်စုံတယ်၊
သဒ္ဓမ္မသဝနနဲ့
ပြည့်စုံမှ မိမိကိုယ်ကို ကောင်းကောင်းထားခြင်းဆိုတဲ့ အတ္တသမ္မာပဏိဓိနဲ့ ပြည့်စုံမယ်၊
မိမိကိုယ်နဲ့စိတ်ကို ကောင်းကောင်းထားတဲ့ ပုဂ္ဂိုလ်ဟာ ကုသိုလ် တွေရပြီး နောက်ဘဝအတွက်
ပုဗ္ဗေ စ ကတပုညတာ ဖြစ်မှ နောက်ဘဝမှာ ဧကန်မုချ ဘဝကောင်းကို ရမယ်၊
ဒါကြောင့်
ကိုရင်တို့ ကောင်းကောင်း နေရမယ်၊ ကိုရင်တို့ သစ္စာကို စောင့်သိ ရိုသေပြီး ရိုသေ လေးစားကြမယ်ဆိုရင်
သနားစရာ မဖြစ်ဘဲ အားရစရာ ဖြစ်နေမယ်၊ အများကို သိမ်းသွင်း နိုင်အောင် အားထုတ်ကြ၊ အားထုတ်တဲ့
နေရာမှာလဲ မိမိ ခွန်အားဗလ သတ္တိရှိဖို့လိုတယ်၊ သာသနာအတွက် နောက် မဆုတ်တမ်း ကြိုးစားကြ။
ဘဝပဒေသာ ဘုရားသာသနာ
တို့ ဘုရားသာသနာတော်ကြီးက တကယ့်ဘဝပဒေသာပင်ကြီး၊
ကိုယ်လိုချင်တဲ့အသီး တွေကို ဆွတ်စားလို့ ရတယ်၊ ဒါန, သီလ, ဘာဝနာသီး, မဂ်သီး, ဖိုလ်သီးတွေကို
ပြည့်နေတာပဲ၊ တို့မှာက ဆွတ်စားနိုင်တဲ့ အင်အားက သိပ်နည်းနေကြတယ်၊ တို့ သစ်ပင်တစ်ပင်
ဆိုကြပါစို့ရဲ့၊
အဲဒီ
သစ်ပင်အထက်ဆုံးမှာ သီးတဲ့ အသီးက အသီးချိုမြိန်တယ်၊ အလယ်နားက အသီးက သိပ်မချိုဘူး၊ အချဉ်ဓာတ်
နည်းနည်းပါတယ်၊ အောက်နားက အသီးတွေကျတော့ တော်တော်ကို ချဉ်တယ်၊ အဲဒီအတိုင်းပဲ၊ တို့
ဘုရား သာသနာတော်ကြီးနဲ့ တူတဲ့ သစ်ပင်ကြီးမှာ အထက်ဆုံးမှာ အလွန် ချိုမြိန်တဲ့
မဂ်သီး ဖိုလ်သီးတွေ မရှိ ဘူးလား၊ ရှိတယ်၊ အလယ်နားကျတော့ အချဉ်ဓာတ်နည်းနည်း ပါတဲ့ သီလအသီးတွေ
ရှိနေတယ်၊ နောက်နားကျတော့ တော်တော်ကို ချဉ်တဲ့ ဒါနသီးတွေ ရှိနေတယ်။
ဒီသာသနာဘဝပဒေသာပင်ကြီးမှာ ဒါနသီး, သီလသီး,
ဘာဝနာသီး, မဂ် ဖိုလ်သီးတွေ ရှိနေတာတော့ မှန်တယ်၊ ဒါပေမယ့် အချို့ တတ်နိုင်တဲ့အင်အားက
လုံးဝ မရှိရှာကြ တော့ အချဉ်သီး အဖြုံးသီးနဲ့တူတဲ့ ဒါန သီလလောက်တောင်မှ ဆွတ်ခူး မသုံးစွဲနိုင်ကြဘူး၊
အချို့ ဆွတ်ခူးပြီးတော့ စားကြ ပါရဲ့၊ ဒါပေမယ့် အထက်ဆုံးရောက်အောင် တတ်နိုင်တဲ့ အင်အားက
မရှိ၊ အင်အားကုန်ပြီး မောပန်းနေတော့ ချိုပေ့ ဆိုတဲ့ အထက်က မဂ်သီး ဖိုလ်သီးတွေကို ဆွတ်ခူး
မစားသုံး နိုင်ကြတော့ဘူး၊
အောက်နားမှာ
ရှိတဲ့ အချဉ် ဖြုံးနဲ့တူတဲ့ ဒါန သီလသီးတွေလောက်ပဲ ဆွတ်ခူး စားသောက်ကြပြီး ပြန်ဆင်း
လာခဲ့ရတယ်၊ အလွန် ဝမ်းနည်းစရာ ကောင်းတယ်၊ ဘုရား သာသနာဘဝပဒေသာပင်ကြီးနဲ့ တွေ့တုန်းမှာ
တို့ မဂ်သီး ဖိုလ်သီးတွေကို ဆွတ်ခူး စားသောက်နိုင်အောင် ကြိုးစားကြ ရမယ်။
ရေရှည်ဝါဒ ဘဝစီမံကိန်း
ဒီလို အထက် မဂ်သီး, ဖိုလ်သီးတွေ တက်ပြီး ဆွတ်ခူးစားသုံးနိုင်အောင် ဝီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့
အင်အားတွေ ကောင်းနေရမယ်၊ ဘယ်နေရာမဆို
ဇွဲရှိဖို့ လိုတယ်၊ ဘဝတစ်ခုမှာ ရေရှည်ကို ကြည့်ရတယ်၊ စာက ဘာလဲ ...
“ယဒိ နိစံ္စ အနိစ္စေန, နိမ္မလံ မလဝါရိနာ၊
ယသော
ကာယေန လဗ္ဘေထ, ယံ န လဒ္ဓါ ဘဝေ နု ကိံ”
တို့ ဒီမမြဲတဲ့ ခန္ဓာကြီးနဲ့ ငြိမ်သက်အေးမြတဲ့
နိဗ္ဗာန်ကို မရနိုင်ဘူးလား၊ ရနိုင်တယ်၊ အညစ်အကြေးတွေ ပြည့်နေတဲ့ ခန္ဓာကြီးနဲ့ ညစ်ကြေး
သန့်ရှင်း အပြစ်ကင်းတဲ့ ဂုဏ်တွေ ကိုကော မရနိုင်ဘူးလား၊ ရနိုင်တယ်။
ဘုရားတရားတော်ကိုတောင် ရနိုင်သေးရင် လောကမှာ
မရနိုင်စရာ ရှိပါဦးမလား၊ မရှိတော့ပါဘူး၊ ဒါကြောင့် ဘဝ ရေရှည်စီမံကိန်းကို လိုက်ကြရတယ်၊
ဥပမာ-မိန်းကလေး တစ်ယောက်ကို မိမိက ချစ်နေတယ်ဆိုပါတော့၊ ဒါပေမယ့် မရဘူး၊ ဒီဘဝ မရ ရှိပါစေတော့၊
နောက်ဘဝ သူနဲ့ တန်းတူကို ရ,ရမယ်လို့ ရေရှည်ဝါဒကို ကြည့်ရမယ်၊ ဒါကြောင့် ကိုရင်တို့
ကြိုးစားအားထုတ်ကြပါ၊ အထက်ကို တက်နိုင်အောင် ကြိုးစား ကြပါ၊ လူတွေဆိုတာက အထက်ကို ရောက်သူကိုမှ
ကြည့်လို မြင်လိုကြတယ်၊ တွေ့လိုကြတယ်၊ ကျော်ကြားမှု ဆိုတာ ငယ်ငယ်က ဘယ်သူမှ မကျော်ကြားခဲ့ပါဘူး၊
ကြီးလာတဲ့အခါ ကြိုးစားမှုကြောင့် အထက်တန်း ရောက်ပြီး ကျော်ကြားလာရ တာပဲ။
ကျော်ကြားခြင်းနှင့်
မာနတရား
ကျော်ကြားမှုကို အလုပ် လုပ်ယူရတယ်၊ ဒီလို
ကျော်ကြားလာတဲ့အခါ အောက်ခြေ လွတ်ပြီး မာနတရားတွေ ကြီးတတ်ကြ တယ်၊ ခုခေတ် ကျော်ကြားပါတယ်ဆိုတဲ့
ပုဂ္ဂိုလ်တွေ ဟာ တို့ မြတ်စွာဘုရား မီနိုင်ပါ့မလား၊ မမီနိုင်ဘူး၊ ပါရမီတွေ ဖြည့်ကျင့်
လာခဲ့ရတယ်၊ ပြည့်လဲ ပြည့်ခဲ့တယ်၊ ပြည့်ခဲ့တဲ့အလျောက် ကျော်ကြားခဲ့တာပဲ။
ဗုဒ္ဓမြတ်စွာဟာ တေမိယဇာတ်တော်မှာ တေမိယမင်းသား
ဖြစ်စဉ်အခါတုန်းက စကားမပြောဘူးဆိုပြီး စိတ်ကို အဓိဋ္ဌာန် ခဲ့တယ်၊ အဓိဋ္ဌာန်ခဲ့တဲ့အတိုင်းလဲ
မပျက်မကွက် ကျင့်တော်မူ ခဲ့တယ်၊ ကျင့်တော်မူခဲ့တဲ့အတိုင်းလဲ ပါရမီတော်တွေက ပြည့် ခဲ့တယ်၊
ဘုရားအဖြစ် ရောက်တော့ လူ့ပြည် လူ့လောက လောက်တင် ကျော်ကြားရုံ မဟုတ်ဘဲ နတ်ပြည်, ဗြဟ္မာ့ပြည်
ထိအောင် ကျော်ကြားခဲ့ပါတယ်၊
ဒါပေမယ့်
ဘုရားသခင်ဟာ မာနတရားတွေ ကြီးမနေပါဘူး၊ ခုခေတ် တချို့ပုဂ္ဂိုလ်တွေ ဟာ ဘာမဟုတ်တဲ့ ကျော်ကြားမှုလေးတွေနဲ့
မာနတရားတွေ တက် နေကြတယ်၊ တော်တော်တော့ ကြောက်စရာကောင်းတယ်၊ ကိုယ့်စိတ်ကို အဓိဋ္ဌာန်နဲ့
လုပ်တဲ့ အလုပ်ဟာ အောင်မြင်မှု ပိုရှိတယ်၊ အဓိဋ္ဌာန်တဲ့ နေရာမှာလဲ ခိုင်ခိုင်မြဲမြဲ စိတ်ကို
ဆောက်တည်ထားရတယ်၊ တို့ သစ်ကျုတ် ဥပုသ်စောင့်သလိုတော့ မလုပ်ကြနဲ့။
သစ်ကျုတ်ကလေး
ဥပုသ်စောင့်သလို
တို့ ခုခေတ် အဓိဋ္ဌာန်တွေက သစ်ကျုတ်ဥပုသ်စောင့်တာနဲ့တူတယ်၊
တစ်နေ့သော အခါ သစ်ကျုတ်တစ်ကောင်ဟာ တော တောင်ထဲ လှည့်လည်ပြီး အစာရှာထွက်သတဲ့၊ အစာကလဲ
ဘယ်လိုမှ ရှာမရဘူး၊ အစာရှာလို့ မရတဲ့ အဆုံးကျတော့မှ ငါဒီနေ့တော့ ဥပုသ်စောင့်မှပဲလို့
အဓိဋ္ဌာန်လိုက်သတဲ့၊ အဓိဋ္ဌာန် ပြီး ချုံပုတ်ကောင်းကောင်းတစ်ခုအောက် သွားပြီး အိပ်လိုက်
တယ်၊ ဒီအခါ သိကြားမင်းကလဲ သစ်ကျုတ်ရဲ့ အကြံကို သိလို့ စမ်းချင်တဲ့ အကြံ ဖြစ်လာတယ်၊
ဒါနဲ့ သမင်ယောင်ဆောင်ပြီး သစ်ကျုတ်ကလေး မြင်လောက်ရာ မလှမ်းမကမ်းက နေပြီး ပြေးလွှားနေတာပေါ့လေ။
ဒီအချိန်မှာ သစ်ကျုတ်ကလေးကလဲ ဆာလွန်းလို့
ဝမ်းက ပူနေပြီ၊ ဝမ်းပူနေတဲ့အချိန်နဲ့ သမင် ပြေးလွှားနေတဲ့အချိန် လာ တိုးတော့ သစ်ကျုတ်ကလေးဟာ
ဟယ်-စောင့်ပြီးထားတဲ့ အဓိဋ္ဌာန်ဥပုသ်က စောင့်ချင်လို့ စောင့်တဲ့ ဥပုသ်မှ မဟုတ်ဘဲ၊ အစာဆာလို့
စောင့်ရတဲ့ဥပုသ်ပဲ၊ ယခုငါ့မျက်မှောက် အစာတွေ့ နေမှတော့ ထလိုက်မှပဲလို့ စိတ်ထဲက ကြံစည်ပြီး
တကတည်း ထ,လိုက်ပါရော၊ သမင် လေးလဲ ပြေးတာပေါ့၊
သမင်က
ပြေး, သစ်ကျုတ်က လိုက်နဲ့ ပြေးတမ်း လိုက်တမ်းကစားသလို ဖြစ်နေတာပေါ့၊ မီလုမီခင် ဖြစ်ကာမှ
သမင်ကလေးက ဝေး သွားလိုက်၊ ဒီလိုချည်း ဖြစ်နေတယ်၊ ဖြစ်မှာပေါ့၊ သမင်က သမင်တုကိုး၊ ဘယ်သစ်ကျုတ်
လိုက်လို့ မီပါ့မလဲ၊ ဒါနဲ့ မမီတဲ့ အဆုံးကျတော့ လက်မှိုင်ချပြီး နေရင်းဖြစ်တဲ့ ချုံပုတ်အောက်
အသာပြန်ဝင်ပြီး ဟောဟဲ ဟောဟဲနဲ့ ပါးစပ်က ညည်းညူ လိုက်သတဲ့၊ “အောင်မယ်လေး ကံကောင်းလို့
ဥပုသ် မကျိုး တယ်” လို့ ဆိုသတဲ့၊ အေး-ခုခေတ် အဓိဋ္ဌာန်တွေကလဲ သစ်ကျုတ်ဆန်ဆန် ဖြစ်နေကြတယ်။
အခုခေတ်အဓိဋ္ဌာန်
ဥပုသ်များ
ခုခေတ် လူတွေ ဥပုသ် စောင့်ကြပါရဲ့၊ ဒါပေမယ့် သူတို့ စောင့်တဲ့ဥပုသ်က ခုနက သစ်ကျုတ်လောက်တောင် အဆင့်အတန်း မမြင့်ချင်ဘူး၊
မလွှဲမရှောင်သာ စောင့်ကြရတယ်၊ ဘုရားစူး လွတ်ရုံလောက် စောင့်ကြရတဲ့ ဥပုသ်တွေ ဖြစ်နေကြတယ်၊
မိရိုးဖလာ စောင့်ကြရတာ များနေတယ်၊ ဥပုသ်ရဲ့အကြောင်း အရာတွေကိုလဲ ဘာမှ နားမလည်ကြဘူး၊ ဥပုသ်သီလဟာ နားလည်ပါးလည် အသိရှိရှိနဲ့
စောင့်ထိန်းမယ်ဆိုရင် သိပ်ပြီး တန်ဖိုးရှိပါတယ်၊
လူတွေမှာ
နေ့စဉ်နှင့်အမျှ အကုသိုလ်တွေ ရှိနေ ဖြစ်နေကြတယ်၊ တစ်လမှာ ရက်ပေါင်းသုံးဆယ် ရှိတဲ့ အနက်က
လေးရက်လောက်စောင့်ရတဲ့ ဥပုသ်ကလေးပဲ၊ ဒီလောက် ရက်ကလေး အကုသိုလ်တွေ ဆေးကြောရတာ၊ ဒါကို
မှန်မှန် မစောင့်ချင်ကြဘူး၊ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းသလဲဆိုတာ စဉ်းစားသာ ကြည့်ကြတော့၊
တို့
ဗုဒ္ဓ မြတ်စွာအဓိဋ္ဌာန်ကျတော့ အလွန်ခိုင်မြဲတော်မူတယ်၊ ဒါကြောင့် ဗုဒ္ဓဖြစ်တော်မူတဲ့အခါကျတော့
လူç နတ်ç ဗြဟ္မာတွေ လှုပ်လှုပ် ရွရွ ဖြစ်ကြရတယ်၊ ဒါပေမယ့် ဘုရားသခင် မာနကြီးတော်မူသလား၊
မကြီးပါဘူး၊ ကိုရင်တို့ မာနတွေ ကြီးမနေကြနဲ့၊ ကုသိုလ်တရားတွေ လက်ကိုင်ထားနိုင်ဖို့
အရေးကြီးတယ်၊ ကဲ...ကဲ... တော်ပြီ၊ သွားကြတော့။
ဓမ္မဗျူဟာ
အတွဲ(၁၈)၊
အမှတ်(၁၂)
(၁၉၈၀၊
ဖေဖော်ဝါရီလ)