Showing posts with label လူ့အထက်တန်း. Show all posts
Showing posts with label လူ့အထက်တန်း. Show all posts

Tuesday, September 3, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၁၁)


သုခ (၄)မျိုး။ ။ ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးအား သုခလေးမျိုးကို ဟောတော်မူ၏။ သုခသည် အတ္ထိသုခ၊ ဘောဂသုခ၊ အာနဏျသုခ၊ အနဝဇ္ဇသုခ- အားဖြင့် လေးမျိုးရှိ၏။
(စတုက္က အင်္ဂုတ္တိုရ်၊ ဒုတိယပံ၊ ပတ္တကမ္မဝဂ်)

အတ္ထိသုခ။ ။ “ ယောက်ျားတို့၏ လုံလဝီရိယအား လက်ရုံးအားတို့ဖြင့် ချွေးကျအောင် ရှာဖွေစုဆောင်းထားအပ်၊ တရားသော နည်းလမ်းဖြင့် ရအပ်သော စီးပွားဥစ္စာတို့သည် ငါ့မှာ ရှိပေသည်တကား ” ဟု စဉ်းစားလိုက်သောအခါ ထိုစီးပွားစုပြီးဖြစ်သူမှာ စိတ်ချမ်းသာမှုတစ်မျိုး ဖြစ်ပေါ်လာ၏၊ ထိုစိတ်ချမ်းသာမှုကို “ အတ္ထိသုခ- ရှိလို့ ချမ်းသာခြင်း ” ဟု ခေါ်သည်။

Monday, September 2, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၁၀)


သားသမီးဝတ် (၅)ပါး

(၁) မိမိအား ကျွေးမွေးပြုစုခဲ့ကြသော မိဘတို့ကို ပြန်၍ ပြုစုခြင်း။
(မိဘတို့သည် မိမိကို ငယ်ရွယ်စဉ်ကစ၍ နို့ချိုတိုက်ကျွေး မွေးခဲ့ကြ၏၊ အညစ်အကြေး နှပ်တို့ကို သုတ်သင်ပေးခဲ့ကြ ၏၊ ရေမိုးချိုးပေး၍ အမွှေးအကြိုင်များကိုလည်း လိမ်းပေးကြ၏၊ တော်တော်ကြီးလာလျှင် စကားသင်ပေးကြ၏၊ ဤသို့ မွေးကျွေး ပြုစုခဲ့သော မိဘတို့ကို အိုမင်းမစွမ်းရှိသောအခါ ကျေးဇူးဆပ်သောအားဖြင့် ပြန်၍ ပြုစုမှ သားသမီးဝတ် ကျေသည်။)
(၂) မိဘတို့၏ မင်းကိစ္စ၊ အရပ်ကိစ္စ၊ စီးပွားရေးကိစ္စ ရှိသောအခါ ထိုကိစ္စကို ပြုပေးခြင်း။
(မိဘတို့ကို ကိုယ်တိုင် မရွက်ဆောင်စေဘဲ မိမိက မိဘတို့တာဝန် ယူ၍ ဆောင်ရွက်ပေးခြင်း။)
(၃) မိဘတို့၏ အမျိုးအနွယ်ကို မတိမ်ကောရအောင် စောင့်ရှောက်ခြင်း။
(ရှေးခေတ်က အမျိုးကောင်းခြင်းကို ကြီးကျယ်သောဂုဏ်ဟု အယူရှိကြ၏၊ ထို့ကြောင့် အမျိုးကောင်းသားသမီးသည် မိမိအမျိုးကို နိမ့်ကျမသွားအောင် ထိန်းသိမ်းရ၏၊ အမျိုးတို့၏ အကျင့်အတိုင်း ကျင့်ရ၏၊ မိဘတို့၏ အမွေအနှစ်ဖြစ် သော လယ်ယာ ရွှေငွေများကို မပျက်စီးအောင် မိဘတို့ အလှူဒါနဝတ်ကို မပျက်စီးအောင် စောင့်ရှောက်ရ၏၊ အယူမှားနေသော မိဘကို အယူမှန်အောင် ပြောပြပေးခြင်းလည်း အမျိုးအနွယ်ကို စောင့်ရှောက်ရာ ရောက်၏။)


Sunday, September 1, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၉)


မိဘနှစ်ပါး

ဗုဒ္ဓမြတ်စွာသည် မိဘနှစ်ပါးကို ဗြဟ္မာဟုလည်းကောင်း၊ ဆရာဟုလည်းကောင်း၊ အလှူခံထိုက်သော ပုဂ္ဂိုလ် ဟု လည်းကောင်း တင်စား၍ ဟောတော်မူ၏။
(တိက အင်္ဂုတ္တိုရ်၊ ပထမပံ၊ ဒေဝဒူတဝဂ်၊ ပထမသုတ်)

ဗြဟ္မာနှင့်တူပုံ။ ။ ဗြဟ္မာတို့သည် သတ္တဝါတို့အပေါ်၌ မေတ္တာစိတ် ကရုဏာစိတ် မုဒိတာစိတ် ဥပေက္ခာစိတ် ထားနိုင်ကြသကဲ့သို့ မိဘတို့လည်း သားသမီးတို့အပေါ်၌ ထိုစိတ်လေးမျိုးစလုံး ထားနိုင်ကြသည်။ ထို့ကြောင့် မိဘနှစ်ပါးကို ဗြဟ္မာနှင့် စိတ်ခြင်းတူသောကြောင့် “ ဗြဟ္မာ ” ဟု တင်စား၍ ခေါ်နိုင်ပေသည်။

မိဘ၏ မေတ္တာစိတ်။ ။ ကလေးငယ်သည် ဝမ်းထဲ၌ ပဋိသန္ဓေ တည်နေစဉ် “ ငါ၏ ကလေးမျက်နှာကို ကိုယ်အင်္ဂါ ပြည့်ပြည့်စုံစုံဖြင့် ဘယ်တော့ မြင်ရပါ့မတုံး ” ဟု ကလေးကို မြင်လိုသော မေတ္တာစိတ်သည် မိဘတို့မှာ မဖွားမီကပင် ဖြစ်နေ၏။ ဖွားမြင်လာသော ကလေးမျက်နှာကို မြင်ရ၍ အလွန်ခင်မင်သော မေတ္တာစိတ် ဖြစ်ပြန်လေသည်။ (ဤသို့ ကလေးမျက်နှာကို မြင်ရခြင်းကိုအကြောင်းပြု၍ မွေးဖွားခြင်းကို “ မျက်နှာမြင် ” ဟု ခေါ်ကြသည်။)

Saturday, August 31, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၈)



ပျားကို ပုံပြု။ ။ စီးပွားကို တရားသဖြင့် စုဆောင်းရာ၌ လုံးခနဲ ခဲခနဲ တစ်ခါတည်း စုပုံ၍ ရဖို့ရာ မလွယ်ကူပါ။ ရှေးဦးစွာ ပျားတို့၏ ပျားရည်စုပုံကို စဉ်းစားပါ။ ပျားတို့သည် ပန်းပွင့်ပေါင်းများစွာမှ ဝတ်ရည်ကို စုပ်ယူကြ၏။ ထိုသို့ စုပ်ယူသည့် အတွက် ပန်းပွင့်တို့သည် ညှိုးနွမ်း ခြောက်သွေ့၍ မနေရစ်၊ လန်းမြဲလန်း၊ လှမြဲလှ၊ မွှေးမြဲမွှေးနေရစ်၏။ သို့သော် ပျားတို့၌ကား ပျားရည်တွေ များစွာ စုမိလေသည်။ ထို့အတူ အရောင်းအဝယ်လုပ်ရာ၌လည်းကောင်း၊ အလုပ်ရှင် အလုပ်သမားဖြစ်ရာ၌လည်းကောင်း မိမိနှင့် စီးပွားဖက်ဖြစ်ကြသူတို့ကို ဆင်းရဲမနေရစ်စေဘဲ သူတို့အထံမှ ထိုက်တန် သော ရစရာများကို နည်းနည်းစီ (သို့မဟုတ်) နေ့စဉ်ရအောင် ယူသောအားဖြင့် မိမိမှာ စီးပွားစုမိအောင် တရားသဖြင့် စုရပါသည်။

ခြကို တု။ ။ “ ခြ ” ဟု ခေါ်အပ်သော သတ္တဝါကလေးတို့သည် မြေမှုန့််ကလေးများကို အနည်းငယ်စီ သယ်ယူကြ၏။ ထိုသို့ သယ်ယူပုံကို ကြည့်ရလျှင် တောင်ပို့ကြီး ဖြစ်လိမ့်မည်ဟု ထင်နိုင်စရာ မရှိ။ သို့သော် ထိုခြကလေးများသည် လုံ့လဝီရိယ အလွန်ကောင်းရကား မကြာမီပင် သူတို့နေဖို့ရာ တောင်ပို့ကြီး ဖြစ်လာလေသည်။ ထို့အတူ တစ်နေ့ တစ်နေ့လျှင် တစ်မူး တစ်မတ်မျှလောက် စုနိုင်ရုံဖြင့် ဥစ္စာကြွယ်ဝသူ ဖြစ်နိုင်မည်ဟု မထင်နိုင်ပါ။ သို့ရာတွင် မှန်မှန်စုလိုက်သောအခါ အတော်ကြာလျှင် ဥစ္စာအထုပ်ကလေးကို မြင်ရ၍ ထိုအထုပ်ကလေးမှ အထုပ်ကြီးဖြစ်ကာ ဥစ္စာရှင် ဖြစ်လာနိုင်ပါသည်။

Friday, August 30, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၇)


အနုကမ္ပက။ ။ သနားစောင့်ရှောက်တတ် ချီးမြှောက်တတ်သော မိတ်ဆွေကို “ အနုကမ္ပက ’’ ဟု ခေါ်၏။ ထိုမိတ်ဆွေလည်း လေးမျိုးပင် ရှိ၏။

(က) မိတ်ဆွေမှာ ဥစ္စာစည်းစိမ် ဂုဏ်သိန်ရာထူး ပျက်သည်ကိုဖြစ်စေ၊ မိတ်ဆွေ၏ သားသမီး အခြွေအရံ တို့မှာ ထိုကဲ့သို့ ပျက်သည်ကို ဖြစ်စေ မြင်ရ ကြားရလျှင် စိတ်မကောင်းဖြစ်သူ။ (နဂိုက ကိုယ့်ထက်သာ၍ မနာလိုနေသူတို့ကား ထိုကဲ့သို့ ပျက်စီးသည်ကို မြင်ရ ကြားရလျှင် ပျော်ရွှင်တတ်ကြသည်။)
 

(ခ) မိတ်ဆွေမှာဖြစ်စေ၊ မိတ်ဆွေ၏ သားသမီး အခြွေအရံတို့မှာဖြစ်စေ ဥစ္စာ စည်းစိမ် ဂုဏ်သိန် ရာထူး တိုးတက်နေသည်ကို မြင်ရ ကြားရလျှင် ဝမ်းမြောက်သူ။
(နဂိုက မနာလိုနေသူတို့ကား ထိုသို့ တိုးတက်သည်ကို မြင်ရ ကြားရလျှင် စိတ်မချမ်းမသာ ဖြစ်တတ်ကြသည်။
 

(ဂ) မိမိမိတ်ဆွေ၏အပြစ်ကို အခြားသူတို့က ပြောလျှင် “ ဒီလို မပြောပါနှင့်၊ ဒီအပြစ်မျိုး မရှိပါ ” ဟု ကန့်ကွက်တားမြစ်သူ။
(နဂိုက ဣဿာ(မနာလို) ဖြစ်နေသူတို့ကား ထိုသို့ အပြစ်ပြောသံကြားလျှင် ထောက်ခံ၍ပင် ပြောတတ်ကြသည်။)
 

(ဃ) မိမိမိတ်ဆွေ၏ဂုဏ်ကို အခြားသူတို့က ပြောလျှင် “ အသင်ပြောတဲ့အတိုင်း မှန်ပါတယ် ” ဟု ထောက်ခံ၍ မိမိကလည်း ဖြည့်စွက်၍ မိတ်ဆွေ၏ဂုဏ်ကို ပြောတတ်သူ။
(နဂိုက ဣဿာဖြစ်နေသူတို့ကား ထိုကဲ့သို့ ပြောသံကို ကြားလျှင် မထောက်ခံနိုင်ဘဲ ကန့်ကွက်၍ပင် အပြစ်ပြော တတ်သေး၏။)

Thursday, August 29, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၆)


မိတ်ဆွေစစ် (၄)ယောက်

(၁) ဥပကာရ - ကျေးဇူးပြုတတ်သူ။
(၂) သမာနသုခဒုက္ခ - ကောင်းတူ ဆိုးဖက်ဖြစ်သူ။
(၃) အတ္ထက္ခာယီ - ကောင်းသော စီးပွားရေး ချမ်းသာရေးကို ပြောပေးလေ့ရှိသူ။
(၄) အနုကမ္ပက - မိမိကို သနားစောင့်ရှောက်တတ်သူ။
ဤလေးယောက်သည် အလွန် ချစ်စရာကောင်းသော မိတ်ဆွေအစစ်များ ဖြစ်ကြ၏။

ဥပကာရ။ ။ ကြုံလာသော ကိစ္စအားလျော်စွာ ကျေးဇူးပြုဖော်ရသော မိတ်ဆွေကို “ ဥပကာရမိတ်ဆွေ ’’ ဟု ခေါ်၏။
(က) မိမိမိတ်ဆွေ သေရည်အရက်သောက်၍ မူးနေသည်ကိုသော်လည်းကောင်း၊ အခြားတစ်စုံတစ်ခုသော အကြောင်းကြောင့် မေ့နေသည်ကိုသော်လည်းကောင်း တွေ့ရလျှင် ထိုသူ၏ အဝတ်အထည် လက်ဝတ်တန်ဆာများ ကို သူတစ်ပါး ယူသွားမည်စိုး၍ အနားက မခွာဘဲ စောင့်ရှောက်ဖော်ရသူ။
(ခ) ထိုကဲ့သို့ မူးမေ့နေသောကြောင့်ဖြစ်စေ၊ အရပ်တစ်ပါးသို့ သွားနေသောကြောင့်ဖြစ်စေ အိမ်ကဥစ္စာကို သူတစ်ပါးတို့ ခိုးယူသွားမည်စိုး၍ ဥစ္စာကို စောင့်ရှောက်ပေးသူ။
(ဂ) မိတ်ဆွေ၌ ကြောက်စရာဘေး ပေါ်လာလျှင် ထိုဘေးကို ကာကွယ်သောအားဖြင့်ဖြစ်စေ၊ စိတ်အားမငယ်အောင် “ ဘာကြောက်ရမှာလဲ ’’ စသည်ကို ပြော၍ အားပေးသောအားဖြင့်ဖြစ်စေ အားကိုးရသူ။
(ဃ) မိတ်ဆွေ၌ ငွေကုန်ဖို့ရန် ကိစ္စတစ်ခုခုကြုံလျှင် (မိမိကလည်း ထောက်ပံ့နိုင်ပါမူ) သူက တောင်းလာ သော အကူအညီထက် ပို၍ပင် ပေးသူ။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၅)


မိတ်ဆွေတု (၄)ယောက်

(၁) အညဒတ္ထုဟရ - စင်စစ်အားဖြင့် သူကသာ ဆောင်ယူတတ်သူ။
(၂) ဝစီပရမ - စကားအားဖြင့် ပေးတတ်သူကဲ့သို့ ဖြစ်သူ။
(၃) အနုပိယဘာဏီ - အလိုလိုက်၍ အကြိုက်ကိုသာ ပြောတတ်သူ။
(၄) အပါယသဟာယ - ပျက်စီးကြောင်းအမှုတို့၌ အပေါင်းအဖော်ဖြစ်သူ။
ဤလေးယောက်သည် မိတ်ဆွေခေါ်ရသော်လည်း မိတ်ဆွေအစစ် မဟုတ်ကြ၊ စီးပွားပျက်စီးကြောင်းဖြစ်သော မိတ်ဆွေအတုများသာ ဖြစ်ကြသည်။

အညဒတ္ထုဟရ။ ။ အညဒတ္ထု= စင်စစ်အားဖြင့် + ဟရ= သူကသာ ဆောင်ယူတတ်၊ သူကသာ အသာယူတတ်သော မိတ်ဆွေတုသည် လေးယောက်ရှိ၏။
(က) မိတ်ဆွေ၏အိမ်သို့ သွားသောအခါ မိမိက ပေးဖို့ မရည်ရွယ်ဘဲ ထိုအိမ်၌ အဝတ်စသည်ကို မြင်၍ လိုချင်သောကြောင့် ထိုပစ္စည်းကို ချီးမွမ်း၏။ အိမ်ရှင်က မပေးလိုက်လျှင်မကောင်းသောကြောင့် ထိုပစ္စည်းကို ပေး လိုက်ရ၏။ ထိုသူလည်း မိတ်ဆွေတု တစ်ယောက်။
(ခ) မိတ်ဆွေအိမ်သို့ သွားသောအခါ မိမိက လက်ဆောင် အနည်းငယ်ကို ယူသွား၍ မိတ်ဆွေထံမှ များများရဖို့ရန် မျှော်လင့်သူ။
(ဂ) မိမိမှာ ဘေးတစ်စုံတစ်ခု ဖြစ်နေချိန်ဝယ် မိတ်ဆွေ၏ အကူအညီကို လိုလား၍ အလုပ်ကို (အစေ အပါးကဲ့သို့) အလွန်ပြုလုပ်ပေးတတ်သော်လည်း မိမိမှာ ဘေးရန်မရှိလျှင်ကား ထိုကဲ့သို့ မလုပ်သူ။
(ဃ) မိတ်ဆွေအဖြစ်ဖြင့် ပေါင်းသော်လည်း တကယ်အကျိုးလိုလား၍ ပေါင်းသည်မဟုတ်၊ မိမိအတွက် တစ်စုံတစ်ခုသော အကျိုးကို မျှော်၍ပေါင်းသူ။
ဤလေးယောက်သည် သူ့ဘက်ကချည်း အသာယူ၍ ပေါင်းသောကြောင့် မိတ်ဆွေစစ် မဟုတ်၊ မိတ်ဆွေအတုသာ ဖြစ်သည်။

ဆောင်။ ။ မိတ်ဆွေအိမ်မှာ၊ လက်ချည်းလာ၍၊ ပြန်ခါယူသွား၊ နည်းငယ်အားဖြင့်၊ အများယူလို၊ မိမိကိုယ်တုံ၊ ဘေးရန်ကြုံမှ၊ ဖုံဖုံကိစ္စ၊ ပြုတတ်လှ၏၊ မိတ္တအနေ၊ ပေါင်းပါချေလည်း၊ ထွေထွေကိုယ်ကျိုး၊ ရည်မျှော်ကိုးသား၊ သူကျိုးမမျှ၊ ဤလေးဝသည်၊ အညဒတ္ထု - မိတ်ဆွေတု။

Tuesday, August 27, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၄)


အလောင်းအစားအပြစ် (၆)ပါး

အလောင်းအစား ကစားမှုစသည်ကို ပြုရာ၌…..
(၁) နိုင်သူသည် သူ့ဥစ္စာကို (အပေါင်ပြုထားသော ပုဆိုး ခေါင်းပေါင်းစသည်ကို) အများရှေ့၌ပင် ယူရ၏။ ထို့ကြောင့် နိုင်သူကို ရှုံးသူက ရန်ငြိုးထားသောကြောင့် ရန်များတတ်လေသည်။
(၂) ရှုံးသူလည်း ဆုံးရှုံးသွားသော မိမိဥစ္စာများကို တွေးကာ နှမြောရ ဝမ်းနည်းရ၏။
(၃) လက်တွေ့အားဖြင့် ဥစ္စာကုန်ခန်းရ၏။
(ကစားသမားတို့တွင် ပစ္စည်းဥစ္စာနှင့် နေနိုင်သူ အနည်းငယ်သာ ရှိ၏၊ ကစားသမားအများစုမှာ နဂိုရှိပြီးသော ပစ္စည်းပါ ကုန်တတ်လေသည်။)
(၄) တရားရုံး၌ ကစားသမားကို သက်သေပေးလျှင် တရားတွေ့ဘက်တို့က သူဟာ ကစားသမား ဖြစ်သောကြောင့် သူ၏စကားကို အတည်မယူသင့်ပါဟု ပြောဆိုတတ်ကြ၏။
(၅) မိတ်ဆွေတို့က ပြောဆိုဆုံးမ၍ မရသောကြောင့် ထိုကစားသမားကို အပေါင်းအသင်း မလုပ်ကြတော့၊ သူ့ကို အကူအညီ မပေးကြတော့၊ သူ့အတွက် တရားရုံး၌ ကိစ္စရှိလျှင်လည်း သက်သေ မလိုက်ကြတော့၊ ဤနည်း အားဖြင့် မိတ်ဆွေများ၏ လွှမ်းမိုးခြင်းကို ခံရလေသည်။
(၆) သားသမီးများ၏ လက်ထပ်ရေးကြုံလာသောအခါ ကစားသမား၏ သားသမီးကို အလိုမရှိကြ၊ ငါတို့ သားသမီးကို သူ့အိမ်ပို့ရလျှင် ဆင်းရဲလိမ့်မည်၊ သူတို့ သားသမီးကို ငါတို့အိမ် ယူဆောင်လာလျှင်လည်း “ သူ့အဖေ၏ စာရိတ္တကူးစက်လျှင် မကောင်း’’ ဟု သဘောထားကြသည်။

ဆောင်။ ။ အလောင်းအစား၊ ဖဲသမားတို့၊ နိုင်သွားလေသူ၊ ရန်များဟူ၏၊ ရှုံးသူသော်ကား၊ ကိုယ့်စီးပွားတို့၊ ပျက်ပြားသည့်တွက်၊ ဝမ်းနည်းဖက်၏၊ လက်တွေ့မှာလည်း၊ ဥစ္စာနည်းကာ၊ ပျက်စီးသာတည်း၊ တစ်ဖြာထို့ပြင်၊ တရားခွင်ဝယ်၊ တင်လျှင်သက်သေ၊ ပျက်တတ်ချေ၏၊ မိတ်ဆွေတို့က၊ ပြောမရသဖြင့်၊ လုံးဝရှောင်ခွာ၊ လွှမ်းမိုးကာဖြင့်၊ မင်္ဂလာလက်ထပ်၊ မလိုအပ်သည်၊ ခြောက်ရပ် လောင်းစားအပြစ်တည်း။

Monday, August 26, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၃)



အချိန်မတော် လှည့်လည်ပြစ် (၆)ပါး

(၁) မိမိကိုယ်ကိုသော်မှ လုံခြုံအောင် မစောင့်ရှောက်နိုင်ခြင်း။
(ညဥ့်အခါ အချိန်မတော်မှ လမ်းထွက်လျှင် မီးမပါသူမှာ သစ်ငုတ်စသည်ကိုလည်း နင်းမိတတ်၏၊ ညဥ့်အခါ၌ မြွေများထွက်တတ်၊ တစ္ဆေသရဲတို့ လှည့်လည်တတ်ရကား ထိုမြွေ၊ ထိုတစ္ဆေသရဲတို့နှင့် တွေ့ရတတ်၏၊ ရန်သူတို့ကသော်လည်း ချောင်း၍ ဖမ်းတတ် သတ်တတ်၏၊ ထို့ကြောင့် မိမိကိုယ်ကို လုံခြုံအောင် မစောင့် ရှောက်နိုင်။)
(၂) သားမယားကိုလည်း လုံခြုံအောင် မစောင့်ရှောက်နိုင်ခြင်း။
(အိမ်ရှင်လုပ်သူက အချိန်မတော် လမ်းထွက်သွားသောအခါ သားသမီးများနှင့် အိမ်ရှင်မသည်လည်း အချိန်မတော် လမ်းထွက်တတ်ကြ၏၊ ထို့ကြောင့် သားသမီးများလည်း ဘေးရန်တွေ့ရတတ်၏၊ အိမ်ရှင်မလည်း အခြားယောက်ျား နှင့် ဖောက်ပြား၍ ပျက်စီးတတ်၏၊ မိမိအိမ်မှာပင်လည်း အိမ်ရှင်ယောက်ျားမရှိသော ညဥ့်အချိန်မှာ အခြားယောက်ျား က အတင်းဖျက်သောကြောင့် ပျက်စီးရတတ်၏၊ ဤနည်းအားဖြင့် သားသမီး မယားများပင် မလုံခြုံဘဲ ရှိရသည်။)
(၃) စည်းစိမ်ဥစ္စာ၏ မလုံခြုံခြင်း။
(အိမ်ရှင်ယောက်ျား မရှိခိုက်၌ အိမ်သို့လာ၍ ဥစ္စာကို ဓားပြတိုက်လျှင် အလွယ်တကူ ပါသွားနိုင်၏၊ အိမ်သူအိမ်သားအားလုံးပင် အချိန်မတော် ထွက်နေသောအခါ၌ကား သာမန်ခိုးသူသည်ပင် အိမ်ကို ဖျက်၍ ခိုးယူနိုင်၏၊ ဤနည်းအားဖြင့် မိမိပစ္စည်းများကို မစောင့်ရှောက်နိုင်ဘဲ ရှိရသည်။)

Sunday, August 25, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၂)


ဥစ္စာပျက်ကြောင်း (၆)ပါး

(၁) သေရည်အရက် ဘိန်းကစော် သောက်စားမှုကို အထပ်ထပ် ပြုလုပ်ခြင်း။
(၂) အချိန်မရှိမှ လမ်းထွက်မှုကို ပြုခြင်း။
(၃) ပွဲသဘင်၌ လှည့်လည်ခြင်း။
(၄) အလောင်းအစား အကစားမှုကို အဖန်ဖန်ပြုခြင်း။
(၅) မကောင်းသော မိတ်ဆွေနှင့် အခါခါ ပေါင်းခြင်း။
(၆) ပျင်းရိမှုကို အဖန်ဖန် ပြုခြင်း။
ဤ(၆)ပါးသည် စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၏ အကြောင်းများ ဖြစ်ကြသည်။

ဆောင်။ ။ အရက်သေရည်၊ ဘိန်းစသည်ကို၊ အလီလီရက်၊ သောက်စားဖက်၏။ လမ်းထွက်လည်သော်၊ ချိန်မတော်တည့်၊ ရွှင်ပျော်ပျော်ပင်၊ ပွဲသဘင်ဝယ်၊ အစဉ်လောင်းစား၊ အကစားနှင့်၊ တရားပျက်ချော်၊ မသူတော်ကို၊ မိတ်ဖော်အပေါင်း၊ ချစ်ဆွေကောင်းတဲ့၊ အကြောင်းပေါ်ငြား၊ အပျင်းများသည်…. ခြောက်ပါး ဥစ္စာပျက်ကြောင်းတည်း။

Saturday, August 24, 2013

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၁)



သုတ်ပါထေယျပါဠိတော်
သိင်္ဂါလောဝါဒသုတ်မှ ထုတ်နုတ်ချက်


သိင်္ဂါလသတို့သား။ ။ သိင်္ဂါလသတို့သားသည် နဂိုက ဘုရားကို မကြည်ညို၊ ထို့နောက် ဘုရားရှင်၏ လောကကြီးပွား ရေးတရားများကို ကြားရမှ ဘုရားကို ကြည်ညို၍ တရား သံဃာတော်ကိုပါ ကိုးကွယ်ဆည်းကပ်လေသည်။ ထိုသတို့သားအား ဟောတော်မူအပ်သော တရားတော်သည် ဗျဂ္ဃပဇ္ဇသုတ်၌ ပါပြီးသော တရားတော်များနှင့် တချို့ သဘောတူ၏။ ထို့ကြောင့် သဘောမတူသော တချို့ကျင့်ဝတ်များကို ထုတ်ပြပါမည်။

အဂတိမလိုက်ရ။ ။ ဘက်လိုက်ခြင်း မျက်နှာလိုက်ခြင်းကို “ အဂတိဂမန= မလိုက်ထိုက်သည်ကို လိုက်ခြင်း၊ မပြုထိုက်သည်ကို ပြုခြင်း ’’ ဟု ခေါ်၏။ ထိုအဂတိသည် “ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ’’ ဟု လေးပါးရှိ၏။

ပစ္စည်းဝေရာ၌ ဘက်လိုက်ပုံ။ ။ နှစ်ယောက် သုံးယောက်မှ စ၍ အများဆိုင်ပစ္စည်းများကို ဝေဖန်ရာ၌ ချစ်သူအား ပို၍ ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။
(ဆန္ဒ= ချစ်ခြင်းကြောင့် + အဂတိ= ဘက်မလိုက်ထိုက်သည်ကို + ဂမန= လိုက်ခြင်း)။
မုန်းသူအား လျော့၍ ပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ အနည်း အများ နားမလည်၊ အဖိုးတန် မတန် နားမလည်သောကြောင့် တစ်ယောက်မှာ များ၍ အခြားတစ်ယောက်မှာ နည်းအောင် ဝေမိခြင်းသည် မောဟာဂတိ လိုက်ခြင်း မည်၏။ ပို၍ မပေးလျှင် ရန်လုပ်မည့်အတွက် ကြောက်သောကြောင့် ပို၍ပေးလျှင် ဘယာဂတိလိုက်ခြင်း မည်၏။
(မိမိပိုင်ပစ္စည်းကိုကား အလိုရှိသလို ပေးနိုင်၏။ ချစ်သူအား ပေးခြင်းကြောင့် ဆန္ဒာဂတိလိုက်သည် မမည်။ သို့သော် မိမိသားသမီး မိမိတပည့်တို့အား ဝေ၍ပေးရာ၌ကား အဂတိ မလိုက်မိအောင် သတိထားရသေး၏။)

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ