ကျောင်းဝင်းတွင်း ဖိနပ်စီးသင့် မစီးသင့် ပြဿနာသည်
မြန်မာတစ်ဝှမ်းလုံး အလွန်ခေတ်စားသည်ဟု ဆိုရမလိုဖြစ်၏။ ရဟန်းရှင်လူအားလုံးက
ရိုသေလေးစားရသော ဆရာတော်ကြီးများပင် အယူအဆ အမျိုးမျိုးရှိလေသည်။
ဒီမှာတင်ပြလိုသည်က ဂါဒီယန်သတင်းစာ အယ်ဒီတာဟောင်း ဦးစိန်ဝင်းမေးပြီး အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဖြေဆိုတော်မူခဲ့သည့် အမေးအဖြေဖြစ်သည်။
အမေးအဖြေကား ဤသို့ ဤသို့တည်း.....
အမေး။ ။ ဘုန်းတော်ကြီးကျောင်းဝင်း, ဘုရားယင်ပြင်တော်တို့၌ ဖိနပ်စီးလျှင် မည်သို့ အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်းသည်မည်သည့် အကြောင်းကြောင့်ပါနည်း။
အဖြေ။ ။ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ "ရာဇာကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘဝတုန်းက စေတီယင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စအဓောတေဟိ ပါဒေဟိအက္ကမိ-ရဟန်းသံဃာတို့ ထိုင်ဖို့ရန် ခင်းထားအပ်သော သင်ဖြူကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့၊ တဿာယံ နိသန္ဒေတိ ဝဒန္တိ-ဤသို့ ခြေဖဝါးကို ဓားခွဲခံရခြင်းသည် ထို အပြစ်၏ အကျိုးဖြစ်သတဲ့" ဤသို့ ပြောကြသည်။ [ဤကား သာမညဖလသုတ် အဋ္ဌကထာစကားတည်။]