"အလှူဒါနကြောင့် အကျိုးပေးရာ၌ (က)လှူဖွယ်ဝတ္ထု၏ တန်ဖိုး,
(ခ) အလှူပွဲ၏ ကြီးကျယ်ခမ်းနားမှု, (ဂ) အလှူခံပုဂ္ဂိုလ်အတွက် အလှူပစ္စည်း၏ အသုံးဝင်မှု,
(ဃ) ဒါနရှင်၏စေတနာစသည်တို့တွင် မည်သည့်အပေါ်၌ မူတည်၍အကျိုးပေးပါသနည်း"ဟူသော
အမေး၏အဖြေကား-
အဖြေ။ ။ဒါနရှင်၏ စေနာအပေါ်၌ မူတည်၍ အကျိုးပေးပါသည်၊ သို့သော်
လှူဖွယဝတ္ထုစသည်တို့လည်း အထောက်အကူ ပြုကြပါသေး၏။
အကျယ်ပြပါဦးမည်-သတ္တဝါတို့၏ စိတ်အစဉ်သည် မြင်ရေအလျဉ်
စီနေသကဲ့သို့ တစ်ခုပြီးတစ်ခု ပျက်ကာ ဖြစ်ကာ တစ်စဉ်တစ်တန်းကြီး ဖြစ်ပျက်နေ၏၊ ထို
စိတ်အစဉ်တွင် "စေတနာ" ဟု ခေါ်ရသောတရားတစ်မျိုးလည်း ပါဝင်၏၊
"စေတနာ" ဟူသောပါဠိစကားသည်"လှုံ့ဆော်ပေးသော တရား" ဟု အနက်ထွက်၏၊
သတ္တဝါအများ၏ စိတ်သည် အိပ်ပျော်နေစဉ် အခါကဲ့သို့မထင်မရှား အမှတ်တမဲ့ဖြစ်ပျက်သွားသော
စိတ်များ၌ စေတနာပါသော်လည်း ထိုစေတနာ၏ လှုံ့ဆော်အားသည် မထင်မရှားပင်ဖြစ်၍ သူ၏
သတ္တိလည်း ခန္ဓာအစဉ်၌ မကျန်ရစ်ပါ။
ကုသိုလ်အကုသိုလ်စေတနာ
လောဘ, ဒေါသစသော အပြစ်ကင်း၍ သန့်ရှင်းသော စိတ်ကို
အကုသိုလ်စိတ်ဟု ခေါ်၏၊ လောဘ, ဒေါသစသော အပြစ်မကင်း၍ မသန့်ရှင်းသော စိတ်ကိုစိတ်ကို
အကုသိုလ်စိတ်ဟု ခေါ်၏၊ ထိုစိတ်တို့၌ စေတနာ၏ လှုံ့ဆော်မှုအားလည်း အထင်အရှား ပါဝင်၏၊
စေတနာ၏ လှုံ့ဆော်မှုအင်းအား ကောင်း-မကောင်းလိုက်၍ ကုသိုလ်အကုသိုလ်စိတ်လည်း
ကြီးကျယ်-မကြီးကျယ် ကွဲပြား၏၊ "လှုံ့ဆော်" ဟူသည် စေတနာက အတူဖြစ်ဖက် စိတ်
စေတသိက်တို့ကိုဆိုင်ရာအလုပ်၌ တက်တက်ကြွကြွပါဝင်ကြအောင် နှိုင်းဆော်ပေးခြင်းတည်း။
(အသင်းတစ်ခု၌ အကျိုးဆောင် အတွင်းရေးမှူး၏ အလုပ်မျိုး ဖြစ်သည်၊)
သတ္တိ၏အကျိုး
ထိုပြခဲ့သော စေတနာကသည် (ရုပ်နာမ်ထုံးစံအတိုင်း) ဖြစ်ပြီး၍
ပျက်စီးရသော်လည်း သူ၏သတ္တိကိုကား ခန္ဓာအစဉ်၌ ချန်ထားခဲ့၏၊ ထိုသတ္တိသည် အကျိုးပေး၏၊
မိဘကိုဖြစ်စေ, ရဟန္တာကိုဖြစ်စေ သတ်သော အကုသိုလ်စေတနာကံ၏ ကမ္မသတ္တိသည် နောက်ဘဝ၌
အဝီစိငရဲကျလောက်အောင် အကျိုးပေး၏၊ အခြားသော အကုသိုလ် စေတနာတို့တွင်အချို့စေတနာ၏
ကမ္မသတ္တိသည် ဘဝ အတိအကျမဟုတ်ဘဲ သင့်တော်သော ဘဝ၌ ကာလ ဂတိ ဥပဓိ ပယောဂ
မကောင်းမှုကိုလိုက်၍ ထိုက်သလို မကောင်းကျိုးကို ပေး၏၊
ကုသိုလ် စေတနာတို့တွင် မင်္ဂ ကုသိုလ် စေတနာ၏ သတ္တိသည်
မိမိဖြစ်ပြီး၍ ချုပ်ပြီးနောက် တစ်ဆက်တည်း ဖိုလ်အကျိုးကို ပေး၏၊ ဈာန်စေတနာ၏သတ္တိသည်
နောက်ဘဝ၌ ဗြဟ္မာ့ပြည့်ဝယ် ဗြဟ္မာ ဖြစ်အောင်အကျိုးပေး၏၊ အခြားသော ကုသိုလ်စေတနာ၏
သတ္တိများကားသင့်တော်ရာဘဝ၌ ကာလ ဂတိ ဥပဓိ ပယောဂကိုလိုက်၍ အကျိုးပေးသည်။ [ကာလ ဂတိ
ဥပဓိ ပယောဂ အကြောင်းကို ကိုယ်ကျင့်အဘိဓမ္မာ၌ အကျယ်ပြခဲ့ပြီ။]
အကျိုးပေးမည့်ကံ ပေါ်လာပုံ
သတ္တဝါတစ်ယောက်၏ ခန္ဓာအစဉ်၌ ဤဘဝ ရှေးဘဝတို့ဝယ်
ပြုခဲ့သမျှသောကုသိုလ်ဖြစ်စေ, အကုသိုလ်ဖြစစေ ကမ္မသတ္တိ အများအပြား ပါရှိ၏၊
သေခါနီးသောအခါဝယ် အကျိုးပေးခွင့်သာသော ကံသည် (သို့မဟုတ် ထိုက်ပြုစဉ်က ပါဝခဲ့သော
အရာဝတ္ထုသည်) အိပ်မက် မက်သကဲ့သို့ စိတ်အစဉ်မှာပေါ်ထင်လာ၏၊ ယခု လောလောဆယ်
ပြုနေရသကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ စိတ်ထည်း၌ ထင်နေခိုက်ငယ် စုတိစိတ်ကျ၍
နောက်ဘဝပဋိသန္ဓေစိတ်အသစ် တစ်ဆက်တည်း ဖြစ်၏၊ ထို ပဋိသန္ဓေစိတ်သည် ထိုသေခါနီး ထင်သော
ကံကြောင့် ဖြစ်ရသော အကျိုးပင်တည်း၊
တစ်ချို့ကား သေခါနီးဝယ် နောက်ဘဝ၌ တွေ့ကြုံရတော့မည် အာရုံများ
စိတ်အစဉ်မှာ ထင်ပေါ်လာ၏၊ ထိုသို့ထင်လာသောအခါ အကုသိုလ်ကံ အကျိုးပေးခွင့်သာ၍
ငရဲအားရုံဖြင့် ဆူပူ မြည်တမ်း၍ နေတတ်၏၊ ကုသိုလ်ကံ အကျိုးပေးခွင့်သာ၍ ကောင်းသောဘဝမှ
ကောင်းသောအာရုံများ ထင်လာသူမှာ ကြည်လင်သော မျက်နှာဖြင့် ပြုံးရွှင်သော
အမှုအရာကိုပြတတ်လေသည်၊ ဤနည်းအားဖြင့် ယခုဘဝ၌ အတော်ကြာ
သော ကာလကဖြစ်စေ, ရှေးရှေးဘဝတို့က ဖြစ်စေ ပြုခဲ့သောကံပင်
ဖြစ်သော်လည်း အကျိုးပေးခါနီး၌ အသစ် ပြုရသကဲ့သို့ဖြစ်သောကြောင့် ဆိုင်ရာ
ကောင်းကျိုး, ဆိုးကျိုး ဘဝအသစ်တစ်မျိုးကို ဖြစ်စေနိုင်ကြပေသည်။
ပဝတ္တိအကျိုး
(ပဋိသန္ဓေစိတ် ဖြစ်ပြီးနောက် တစ်ဘဝလုံးကာလကို ပဝတ္တိအခါဟု ခေါ်၏၊)
ပဋိသန္ဓေအသစ်ကို ဖြစ်စေပြီးနောက် ထိုကံဖြစ်စေ, အခြားကံ ဖြစ်စေ ရောက်ရာဘဝ၌
ကောင်းကျိုး, ဆိုးကျိုးကို ပေးနိုင်ကြ၏၊ ထိုသို့ပေးရာ၌ ဂတိဟု ခေါ်အပ်သောဘဝ,
မိမိဖြစ်ရာ အချိန်ကာလ, ရုပ်အဆင်းဟူသော ဥပဓိ, ပြုလုပ် ပြောဆိုအပ်သော ပယောဂတို့ကို
လိုက်၍ ထိုက်သလို အကျိုးပေးကြသည်၊ ဂတိစသည်ကမကောင်းလျှင် အကုသိုလ်ကံတို့
အကျိုးပေးခွင့် ရကြ၏၊ ဤသို့စသည်ဖြင့် သိဖွယ်တွေမှာ အလွန် ကျယ်ဝန်း
များပြားသောကြောင့် ချန်ထားရတော့သည်၊ လိုရင်းအချုပ်မှာ "ကုသိုလ်ရှင်၏
စေတနာပေါ်မှာ မူတည်၍ (စေတနာထက်လျှင် ထက်သလို, စေတနာညံ့လျှင် ညံ့သလို)
အကျိုးပေးသည်" ဟု ဆိုလိုပါသည်။
လှူဖွယ်ဝတ္ထု၏တန်ဖိုး
စေတနာက အကျိုးပေးရာ လှူဖွယ်၌ဝတ္ထုသည် (စေတနာ၏ အာရုံအဖြစ်ဖြင့်)
အထောက်အကူ ပြု၏၊ မိမိ၏စေတနာကို မိမိ စဉ်းစားလျှင်ညံ့သော လှူဖွယ်ဝတ္ထုကို
ကြည့်ရသောအခါ ဝမ်းသားအားရ မရှိကြောင်း, ကောင်းသော လှူဖွယ်ဝတ္ထုကို ကြည့်ရသောအခါဝမ်းသာအားရ
ရှိကြောင်း သိသာ၏၊ ဒါနပြုရာ၌ ဝမ်းမြောက်ဝမ်းသာ ပြုရသော ဒါန စေတနာသည်
ထက်သန်သောစေတနာဖြစ်ရကား အကျိုးပေးသောအခါလည်း ထက်ထက်သန်သန်အကျိုးပေးလိမ့်မည်သာ။
ဓမ္မိယလဒ္ဓ အလှူ
[ဓမ္မိယ တရားနှင့်လျော်စွာ +လဒ္ဓ-ရအပ်သောပစ္စည်းကို
"ဓမ္မိယလဒ္ဓပစ္စည်း" ဟု ခေါ်၏၊ ထို လှူဖွယ်ဝတ္ထု၏ဓမ္မိယလဒ္ဓပစ္စည်း
ဖြစ်ဖို့ရာလည်း အရေး ကြီးပြန်၏၊ မတရားရှာဖွေ၍ ရအပ်သော (အဓမ္မိယလဒ္ဓ)
ပစ္စည်းအလှူထက်ဓမ္မိယလဒ္ဓပစ္စည်းကို လှူခြင်းက သာ၍ အကျိုးကြီး၏၊ ဤစကားကို ထောက်၍
လှူဖွယဝတ္ထုက စေတနာကို အထောက်အကူ ပြုနိုင်ကြောင့် သိသာပေသည်။
ဇာတ်တော်
အစိုးရသူ(မျက်နှာကြီးသူပေါင်း) တစ်သိန်းသည် သူတစ်ပါးကို
ညှဉ်းဆဲ နှိပ်စက် မျက်ရည်ထွက်အောင် အခွန်ဘဏ္ဏာ ပစ္စည်းဥစ္စာကို မတရား စုဆောင်း၍
ကိုယ်စီကိုယ်င တစ်သိန်းကုန် ပေးလှူကြသည်ဟု ဆို့ကြပါစို့၊ မတရား ပစ္စည်းရှာသော ထိုလူပေါင်းတစ်သိန်း၏
စုပေါင်းထားသော ထိုအလှူကြီးသည် တရားသဖြင့် အသက်မွေးသူ ဆင်းရဲသားလူတစ်ယောက်၏
သာမန်ဒါနကို ထောက်သော် နှစ်ရာ့ငါးဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ
အဖိုးမတန်ပါ။ [ဒသနိပါတ်, ဗိဠာရဇာတ်။]
အလှူပွဲ၏ ကြီးကျယ်မှု
အလှူဒါနပြုရာ၌ အလှူပွဲ၏ ကြီးကျယ်ခမ်းနားမှုကလည်း
စေတနာထက်သန်ဖို့ရန် အထောကအကူ ပြုနိုင်၏၊ သို့သော် ထိုသို့ကြီးကျယ်ခမ်းနားအောင်
ဆင်ပြင်ရာ၌ ရည်ရွယချက်သန့်ရှင်း-မသန့်ရှင်းကိုကားစိစစ်ဖို့ လိုသေးသည်၊ ရည်ရွယ်ချက်
သန့်ရှင်းမှ စေတနာကိုအထောက်အကူပြု၍ ရည်ရွယ်ချက်မသန့်ရှင်လျှင် ဒါနစေတနာကိုပင်
အနှောက်အယှက် ပြုနိုင်ပါသေး၏။
ရှင်းပြပါဦးမည်-ငေဿန္တရာမင်းသည် အလှူရုံကြီးများကို၆-ဌာန
ဆောက်လုပ်၍ တစ်နေ့လျှင် ၆-သိန်းမျှ အကုန်ခံကာ ကြီးကျယ်သော ဒါနကို ပြု၏၊ ရှေးရှေး
သူတော်ကောင်းများလည်းထိုကဲ့သို့ ပြုကြ၏၊ ထိုဒါနတို့၏ ကြီးကျယ်ခမ်းနားမှုသည် ဂုဏ်ပကာသနအတွက်
မဟုတ်၊ အချီးမွမ်းခံလို၍လည်း မဟုတ်၊ ဘဝစည်းစိတ်ကို လိုက်လာ၍မဟုတ်၊
ဆင်းရဲသူဆင်းရဲသား အများအပြားကိုစားကြစေလို, သောက်ကြစေလိုသော
မေတ္တာ,ကရုဏာနှင့်စားကြသောက်ကြသည်ကို ဝမ်းမြောက်သော မုဒိတာ အရင်းခံပါသော
ကြီးကျယ်ခြင်းသာ ဖြစ်၏၊ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားမှုကား ဒါနစေတနာကိုများစွာ
အထောက်အကူပြနိုင်ပါသည်။
အထောက်အကူမပြုနိုင်သောခမ်းနားမှု
သူတစ်ပါနှင့် ပြိုင်ဆိုင်လိုသော, အနိုင်ယူလိုသော,
အချီးမွမ်းခံလိုသော, အချီးမွမ်းခံလိုသော, မိမိကို အလှူရှင်ဟု ထင်ရှားပြလျက်
ဝါကြွားလိုသော, နောက်နောက်ကာလ၌ ဘဝစည်းစိမ်ကို ထောက်တသော အကုသိုလ် တဏှာရာဂ
မာနတို့ကိုအရင်းခံ၍
ကြီးကျယ်ခမ်းနားသော, လှပထည်ဝါသော
အလှူပဏ္ဍပ်ကြီးကိုဆောက်လုပ်ပြီးလျှင် မပင့်လျှင် မကောင်းသော ပုဂ္ဂိုလ်နှင့်နာမည်ကြီး
ပုဂ္ဂိုလ်များကို တင်ကြိုပင့်လျှောက်ကာ မျက်နှာကြီးတို့ကိုသာဖိတ်၍ (သူတို့အိမ်၌လည်း
စားလေ့ရှိသော) စားကောင်းသောက်ဖွယ်များကို ကျွေးမွေးခြင်း, မရှိဆင်းရဲသူများကိုကား
လားလားမျှ အနားသို့ မသီစေလိုခြင်း, ထိုကျွေးမွေးခိုက်၌လည်း
တီးဝိုင်းမှတငြိမ့်ငြိမ့်တီးစေကာ တဏှာရာဂဖြင့် စားကြသောက်ကြခြင်း, အလှူရှင်ကလည်း
နှုတ်ဆက်ရ, လောကွတ်လုပ်ရနှင့် ဗျာပါရများနေရခြင်း, အလှူပွဲကြီး ပြီးခါနီးမှာ
ကပျာကယာ ရေစက်ချ၍ လှူဒါန်းရခြင်းတို့ဖြင့် ခြယ်လှယ်ထားသော ဒါနရ၏
ကြီးကျယ်ခမ်းနားခြင်း၌ သန့်ရှင်သော ရည်ရွယ်ချက် နည်းပါးလှရကား အနှစ်ပါသော
စေတနာကောင်းကလေးကိုပင် အတော်ကောင်းသောဉာဏ်စက္ခု မှန်ပြောင်းဖြင့် ရှာနိုင်မှ
တွေ့မြင်ရပါလိမ့်မည်။
ပစ္စည်းများကို လှူခြင်းထက် အသုံးဝင်သော ပစ္စည်းကိုလှူခြင်းက သာ၍
စေတနာကို အထောက်အကူပြုနိုင်၏၊ ရှင်းပြပါဦးမည်-အသုံးမဝင်ဘဲ ပိုလျှံနေသောပစ္စည်းသည်
အလှူခံပုဂ္ဂိုလ်မှာ အကျိုးမများပါ၊ အသုံးဝင်သော (ဝိနည်းတရားတော်နှင့်လည်း လျော်သော)
ပစ္စည်းကား အလှူခံပုဂ္ဂိုလ်မှာ အကျိုးများပါသည်၊ အလှူခံပုဂ္ဂိုလ်မှာ အကျိုးများကြောင်းသိရလျှင်
အလှူရှင်မှာလည်း ကုသိုလ်စေတနာပို၍ ထက်သန်လာနိုင်ပါသည်၊ "တပည့်တော်တို့သည်
အဘယ်ပုဂ္ဂိုလ်၌ လှူရပါမည်နည်း" ဟု မေးလာလျှင် "သင်တို့၏ အလှူပစ္စည်းကို
အသုံးဝင်မည့်နေရာ,ကျောင်းစသည်ဖြစ်လျှင် ပျက်စီးသောအခါ ပြင်ဆင်ရမည့်နေရာ,
ကြာရှည်တည်တံ့မည့်နေရာ၌ လှူကြလော့" ဟုပြောနိုင်သည်။ [ဝိနည်းပါဠိတော်,
နိသဂ္ဂိယပါစိတ်, ပတ္ထဝဂ်, ဒသမသိက္ခာပုဒ်။]
မှတ်ချက်။
။ ယခုအခါများစွာသော အလှူကြီးတို့၌ ၁ယောက်ကလှူပြီးသော သင်္ကန်း, သပိတ်, ထီး,ဖိနပ်,
ခုတင်, ခြင်ထောင်စသည်ကို ထပ်၍ လှူကြ၏၊ ကထိန်များ၌ ထိုပစ္စည်းများအပြင် နာရီ,
ကော်ဇော, လက်နှိပ်ဓာတ်မီးစသော နိုင်ငံခြားဖြစ်ပစ္စည်းများကို (ပြင်ဆင်၍ လှအောင်)
လှူကြ၏၊ ထိုအလှူကြီးများကြောင့် နိုင်ငံခြားသို့ အခွန်ဆက်ရသော ကုန်ကျစရိတ်တွေ
မနည်းလှချေ၊
ကျောင်းရောက်သောအခါ၌လည်း ပရိယတ်
ပတိပတ်ကို အထောက်အကူ မပြနိုင်ရုံသာမက ဝေငှစရာ တပည့်ပရိသတ်မရှိသော
ကျောင်းမှာသိမ်းဆည်းရသော အလုပ်တာဝန်သာ ပိုလာ၏၊ တချို့ပုဂ္ဂိုလ်များလည်း
ထိုပစ္စည်းများကို မအပ်ဆုံးသော ငွေအဖြစ်ရောက်အောင် စီမံကြ၏၊ ထိုကဲ့သို့ ဖြစ်ပုံကို
စဉ်းစားကာ အလှူဒါနနှင့် စပ်၍မှတ်ဖွယ်များကို "အနာဂတ်သာသနာရေးကျမ်း"
၌လည်း ပြခဲ့ပါပြီ။
မဟာဂန္ဓာရုံဆရာတော်၏ ဘာသာရေးပြဿနာများမှ တင်ပြပါသည်။