“ဟောဒီစာက တောင်ကြီးမြို့က သွားဆရာဝန် ဒေါက်တာအောင်ကျော်
ထံက အမေးစာလွှာ ဖြစ်ပါတယ် ဘုရား”
“ဒေါက်တာအောင်ကျော်က ဘာတွေများ မေးပါလိမ့်
ဆိုစမ်းပါဦး”
“ဒေါက်တာအောင်ကျော်က ဗုဒ္ဓဘုရား သစ္စာလေးပါး သိတော်မူရာ ဗောဓိပင်ဟာ
ယခုထိ ရှိပါသေးသလားတဲ့၊ သူ ကြားဖူးတာက ယခု ရှိနေတဲ့ ဗောဓိပင်ဟာ မူလအပင်ရင်း မဟုတ်တော့ဘူး၊
မူလအပင်ကြီး သေသွားလို့ သီဟိုဋ်ကျွန်းက ပင်ပွားယူပြီး စိုက်ထားရကြောင်း ကြားဖူးပါသတဲ့၊
အဲဒီ သူကြားတဲ့စကား ဟုတ်,မဟုတ် အကယ်၍ ဟုတ်ခဲ့လျှင် မူလ မဟာဗောဓိက အသက်ငယ်ပြီး အာနန္ဒာဗောဓိ၊
သီဟိုဋ်ဗောဓိတို့က အသက်ကြီးရင့် နေသည်ဟု ယူဆမိကြောင်း တင်ပြ လျှောက်ထားတဲ့စာပါ ဘုရား”
“ဗုဒ္ဓဘုရား သစ္စာလေးပါး တရားတော်ကို သိမြင်ရာဌာနဖြစ်တဲ့ မဟာဗောဓိဌာနဟာ ဗုဒ္ဓဘာသာဝင်များအတွက်
အလွန် အလေးအမြတ်ပြုအပ်တဲ့ ဌာနကြီးဖြစ်တယ်၊ ဘုရားရှင်မှာ ပရိနိဗ္ဗာန် သုံးမျိုးဆိုတာ
ရှိသကွယ့်၊ ပရိနိဗ္ဗာန် သုံးမျိုးဆိုတာက (၁) ကိလေသာပရိနိဗ္ဗာန်၊ (၂) ခန္ဓပရိနိဗ္ဗာန်၊
(၃) ဓာတုပရိနိဗ္ဗာန် တို့ဖြစ်ကြတယ်၊ အဲဒီ ပရိနိဗ္ဗာန်သုံးမျိုးအနက် ကိလေသပရိနိဗ္ဗာန်ဆိုတာ
ဘဝများစွာ သံသရာနှင့်တကွ ငြိမ်းချုပ်တာကို ခေါ်ဆိုတယ်၊ ဘုရားရှင်ဟာ အဲဒီ ကိလေသပရိနိဗ္ဗာန်ကို
ဟောဒီ ဗောဓိအောင်မြေမှာ ချုပ်ငြိမ်းတော်မူခြင်း ဖြစ်တယ်။
ခန္ဓပရိနိဗ္ဗာန်ကတော့ အများသိကြတဲ့အတိုင်း ကုသိနာရုံပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်တော်မှာ စံလွန်တာဖြစ်တယ်၊ နောက်ဆုံး ဓာတုပရိနိဗ္ဗာန်ကလည်း ဟောဒီ မဟာဗောဓိဌာနမှာပင် စံလွန်မှာ ဖြစ်သတဲ့၊ ပရိနိဗ္ဗာန်သုံးချက်ရှိရာ နှစ်ချက်က ဒီဌာနမှာဆိုတော့ ဗုဒ္ဓဘာသာများအတွက် အရေးကြီးတဲ့ဌာန ဖြစ်လာတာပေါ့၊ ဒါပဲလားဆိုတော့ မကသေးဘူး၊
ဒီ ဘဒ္ဒကမ္ဘာမှာ “သံ၊ ဂုံ၊ ပ၊ မ၊ ယျ” ရယ်လို့ ဘုရားငါးဆူ ပွင့်မယ်၊ ပွင့်တိုင်းပွင့်တိုင်းသော ဘုရားရှင်တွေဟာ ဒီဌာနမှာချည်း သစ္စာလေးပါးကို သိလို့ ဘုရားရှင်းတိုင်း မစွန့်တဲ့ အဝိဇဟိတဌာနကြီးလည်းဖြစ်တယ်၊
နောင်သောအခါ ပညာရှင်များ သံဝေဂယူဖို့ကောင်းတဲ့ သံဝေဇနိယလေးပါးမှာလည်း တစ်ပါးအပါအဝင်ဖြစ်တယ်၊ ဒီ မဟာဗေဓိဌာနကြီး ဒီထက် ထူးခြားတာက ဇမ္ဗူဒိပ်ကျွန်းရဲ့ အလယ် ဗဟိုကျတယ်ဆိုတဲ့ စကားရပ်ပဲကွယ့်၊ အလယ် ဗဟိုချက်မကို မဏ္ဍိုင်(မန်တိုင်) လို့ ခေါ်ကြတယ် မဟုတ်လား၊ မဟာဗောဓိပင် ပေါက်ရာဌာနဟာ ဇမ္ဗူဒိပ်ကျွန်းရဲ့ အလယ်ဗဟိုမို့ (ဗောဓိမဏ္ဍိုင်) လို့ ခေါ်ဆိုကြတယ်၊ အမေးနှင့် မပတ်သက်သော်လည်း ဗဟုသုတသဘော ဆက်ပြောလိုက်ဦးမယ်”
“မိန့်တော်မူပါ ဘုရား”
“ငါတို့ ငယ်ရွယ်စဉ်က သုတဝတီမဂ္ဂဇင်းမှာ ပဟေဠိတေးထပ် တစ်ပုဒ်ရေးပြီး မေးဖူးတယ်ကွယ့်”
“ဘယ်လို ပဟေဠိပါလဲဘုရား၊ မိန့်တော်မူပါဦး”
“ပဟေဠိတေးထပ်က ဒီလိုတဲ့ကွယ်”
ပဟေဠိတေးထပ်
လောကမှာ လျှမ်းဝေတင့်
ပန်းငွေပွင့်
ငုံအာ၊
ဖြစ်အဦး
ပျက်နောက်ရာဝယ်
ထွက်ပေါက်လာ
ပေါ်ထွန်း၊
တစ်ရုံ၌ လင့်မကွာသည်
. . .၊
ပွင့်ပဉ္စာ
တိုး၍မစွန်း . . .။
ရံခါ၌ ပွင့်မမြင်
အသင့်ပင်
ဉာဏ်ထွန်း၊
တစ်ပွင့်လျှင်
ဆံဝန်းက
မှန်မယွန်း
ရှစ်ဖြာ၊
ကိုးပုဂ္ဂိုလ်
ဆွတ်မခူးသာဘူး
ထွက်အဖူး
ပန်းမြတ်မာလာ . . .။
ချွေဆွတ်သူ
မပန်သာတယ်
စံကွာသူ ပန်ထိုက်တဲ့၊
ဉာဏ်နှိုက်လို့
လေးကဝိပုဂ္ဂိုလ်
တွေးသိထုတ်ဆို
. . .။
မေးလိုက်တဲ့
ပုဒ်အလိုကို
နှုတ်ချိုချို
မိန့်ကြားပါ့လေး . . .။
“မှန်ပါ့၊ အဖြေကို ထားပါဦး၊ အမေးတေးထပ်ရဲ့ အဓိပ္ပာယ်ကို
မိန့်တော်မူပါဦး ဘုရား”
“ပဟေဠိတေးထပ်ရဲ့ အဓိပ္ပာယ်က - လောကမှာ
အလွန်ထင်ရှားတဲ့ ဒီပန်းအဟာ ကမ္ဘာကြီး စတင် စြဖ်ပေါ်ခဲ့လျှင် ရှေးဦးစွာ ဖြစ်တဲ့နေရာ၊
ကမ္ဘာကြီး ပျက်ပြန်တော့လည်း နောက်ဆုံး ပျက်တဲ့နေရာမှာ အပင်ပေါက်သတဲ့၊ အပစ်တစ်ရုံမှာလည်း
အပွင့် အလွန်ဆုံး ပွင့်မျှသာပွင့်တယ်၊ ငါးပွင့်က လုံးဝ မစွန်းဘူးတဲ့၊ တစ်ပွင့် တစ်ပွင့်မှာလည်း
ဝတ်ဆံက ရှစ်ခုသာပါသတဲ့၊ ဒီဝတ်ဆံကိုလည်း ပုဂ္ဂိုလ် ၁၂-ယောက်ရှိရာမှာ ကိုးယောက် မဆွတ်ခူးနိုင်ဘူး၊ သုံးယောက်သာ ဆွတ်ခူးနိုင်သတဲ့၊ ဆွတ်ခူးသူက ခူးသာခူးရတယ်၊
မပန်ထိုက်ဘူးတဲ့၊ အတုမရှိတဲ့ ပုဂ္ဂိုလ်သာ ပန်ထိုက်သတဲ့၊ ဒီပန်းအဟာ ဘယ်ပန်းလဲလို့ ဆိုလိုတယ်။”
“ဒီပန်းဟာ ကြီးကျယ်လှပါလား ဘုရား၊ တပည့်တော်လည်း
မသိဘူး၊ ဘယ်ပန်းလဲ ဘုရား အမိန့်ရှိပါဦး”
“ဒီပန်းက ကမ္ဘာဦး ကြာနိမိတ်ပန်းကို ဝှက်ထားတဲ့
ပဟေဠိပန်း ဖြစ်သကွယ့်၊ အဓိပ္ပာယ် အတိုချုပ်ကတော့ ဒီကမ္ဘာမြေကြီး ပျက်ပြီးတဲ့နောက် ပြန်ဖြစ်ချင်တော့
ကမ္ဘာပြု မိုးကြီးရွာ တယ်၊ အောက် လေခံထားတော့
ရေတွေဟာ အောက်ကို လျှောမကျဘဲ ကမ္ဘာသစ်ဖြစ်မည့်နေရာမှာ ရပ်တည်နေကြတယ်၊ ကာလ အတော်ကြာလာတော့
ရေအထက်မှာ မြေပေါ်လာ တယ်၊ မြေမပေါ်ခင် မြေမှာပေါက်တဲ့ကြာရုံက ရေထက်ကိုပေါ်လာတယ်၊ နောက်ကျမှ
တဖြည်းဖြည်း ရေကျပြီး မြေသားပေါ်လာတာကိုး၊ ကြာရုံဟာ ရှေးဦးပေါ်တဲ့ မြေမှာပေါက်သတဲ့၊
အဲဒီမြေဟာ ကမ္ဘာကြီးပျက်တော့လည်း နောက်ဆုံးမှ ပျက်သတဲ့၊ အဲဒီကြာရုံမှာ ကြာ ပွင့်လာတယ်၊ ကြာက တချို့ကမ္ဘာမှာ တစ်ပွင့်၊ တစ်ချို့ကမ္ဘာမှာ နှစ်ပွင့်၊
သုံးပွင့်၊ လေးပွင့်၊ ငါးပွင့်အထိ ပွင့်တယ်၊ ငါးပွင့်ထက် ပိုလို့ မပွင့်ဘူးတဲ့၊ အဲဒီကြာပွင့်ကို နိမိတ်ကောက်ပြီး ကြာလုံးဝ မပွင့်သော်
ဘုရားရှင်လုံးဝ မပွင့်တဲ့ သုညကမ္ဘာလို့ သတ်မှတ်ကြသတဲ့၊ တစ်ပွင့်ပွင့်လျှင် တစ်ဆူ၊ နှစ်ပွင့်ပွင့်လျှင်
နှစ်ဆူ၊ ငါးပွင့်ပွင့်လျှင် ငါးဆူလို့ သတ်မှတ်ကြသတဲ့။
အဲဒီ ကြာပွင့်ထဲမှာ ကြာဝတ်ဆံလို
ပရိက္ခရာရှစ်ပါး အပြည့်အစုံပါသတဲ့ကွယ့်၊ ပရိက္ခရာ
ရှစ်ပါးပါဝင်တဲ့ ဒီကြာပန်းကို ပုဂ္ဂိုလ်ကိုးယောက် မဆွတ်ခူးနိုင်ဘူးတဲ့၊ ဒီနေရမြှာ သိစရာက
လောကမှာ ပုဂ္ဂိုလ် ၁၂-ယောက် သာရှိတယ်၊ ပုဂ္ဂိုလ် ၁၂-ယောက်ဆိုတာက -
(၁) ဒုဂ္ဂတိအဟတ် = အပါယ်သတ္တဝါတစ်ယောက်၊
(၂) သုဂတိအဟိတ် = လူ,နတ်သုဂတိဘုံသား အဟိတ်ပုဂ္ဂိုလ်တစ်ယောက်၊
(၃) ဒွိဟိတ် = အလောဘ၊ အဒေါသ၊ ဟိတ်နှစ်ပါးနှင့်
ပဋိသန္ဓေနေသူ၊
(၄) တိဟိတ် = အလောဘ၊ အဒေါသ အမောဟ ဟိတ်သုံးပါးနှင့်
ပဋိသန္ဓေနေသူ
ဒီလေးယောက်က ပုထုဇဉ်ပုဂ္ဂိုလ် လေးယောက်ပဲကွယ့်၊
မဂ်ပုဂ္ဂိုလ်လေးယောက်၊ ဖိုလ်ပုဂ္ဂိုလ်လေးယောက် အဲဒါက အရိယာပုဂ္ဂိုလ် ရှစ်ယောက်တဲ့ကွယ့်၊
အားလုံးပေါင်းလိုက်လျှင် တစ်လောကလုံးမှာ ပုဂ္ဂိုလ် ၁၂-ယောက်သာရှိတယ်၊ ဒီပုဂ္ဂိုလ် ၁၂-ယောက်
ထဲက အောက်ပုဂ္ဂိုလ် ကိုးယောက် ဒီကြာပန်းကို မဆွတ်ခူးနိုင်ဘူး၊ သုဒ္ဓါဝါသဘုံမှာနေတဲ့
အနာဂါမ်ဖိုလ်ပုဂ္ဂိုလ်တစ်ယောက်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်တစ်ယောက်၊ ဒီသုံးယောက်သော ပုဂ္ဂိုလ်များကသာ
ကမ္ဘာနိမိတ် ကြာပန်းကို ဆွတ်ခူးနိုင်တယ်၊ ဒါကြောင့် “ကိုးပုဂ္ဂိုလ်
ဆွတ်မခူးသာဘူး၊ ထွတ်အဖူး ပန်းမြတ်မာလာ” လို့ တေးထပ်မှာ ဆိုထားတယ်။
သုဒ္ဓါဝါသဘုံစံ ဗြဟ္မာကြီးများဟာ
ကြာပန်းတွင်းက ပရိက္ခရာကို ဆွတ်ခူးနိုင်ခွင့် ရှိသော်လည်း သုံးဆောင်ခွင့် မရှိဘူး၊ နောင်သောအခါ
ဘုရားလောင်းများ တောထွက်တော်မူလာတဲ့ အခါကျမှ သိမ်းဆည်းထားရာက ယူပြီး ဆက်ကပ်ရတယ်၊ ဒါကြောင့်
“ချွေဆွတ်သူ မပန်သာတယ် စံကွာသူ ပန်ထိုက်တဲ့” လို့ ရေးစပ်ထားသကွယ့်၊ အတိုချုပ်ကတော့ ဒီတေးထပ်ဟာ ကမ္ဘာ့နိမိတ်ဖြစ်တဲ့
ကြာပန်းကို ရေးစပ်ထားခြင်း ဖြစ်တယ်ကွယ့်”
“ဒီတေးထပ်ရဲ့ အဖြေကိုတော့ တည့်တည့်ပြောလို့
ရိပ်မိသွားပါပြီ ဘုရား၊ ဒါပေမည့် ကမ္ဘာနိမိတ် ကြာပန်းနှင့် မဟာဗောဓိပင် ဘုလို ဆက်စပ်တယ်ဆိုတာကတော့
နားမရှင်းသေးဘူး ဘုရား”
“မဟာဗောဓိပင်ဟာ အခြားနေရာမှာ ပေါက်တာမဟုတ်ဘူး၊ ကမ္ဘာတည်လျှင် ဦးစွာဖြစ်ပြီး ကမ္ဘာပျက်တော့ နောက်ဆုံးမှပျက်တဲ့ ကမ္ဘာ့နိမိတ်ကြာရုံပေါက်ရာ မြေထူး မြေမြတ်မှာ ပေါက်တယ်လို့ ကျမ်းများမှာ ပြဆိုထားတယ်ကွယ့်”
“ဒီလိုဆိုတော့ မဟာဗောဓိပင် ပေါက်ရာမြေဟာ အမှန်တကယ် ထူးခြားတဲ့ မြေပါလားဘုရား၊ ဒါပေမယ့် သံသယတစ်ခုတော့ လျှောက်ထားခွင့်ပြုပါဦး ဘုရား”
“လျှောက်ပါလေ၊ လျှောက်ချင်တာ လျှောက်ထားပေါ့”
“လျှောက်ထားလိုတဲ့ သံသယက ဒီလိုပါဘုရား၊ ကမ္ဘာကြီးရဲ့ ဖြစ်ပုံပျက်ပုံ ကျမ်းဂန်ကိုကြည့်လိုက်လျှင် ယူဇနာ အပိုင်းအခြားမရှိ အလွန်ကျယ်ပြန့်တဲ့ ကောင်းကင်ကြီးဟာ ကမ္ဘာကြီးရဲ့ အောက်မှာတည်တယ်၊ အဲဒီကောင်းကင်ရဲ့ အထက်မှာ လေတည်တယ်၊ လေပြင်ရဲ့ အထက်မှာ ရေတည်တယ်၊ ရေပြင်ရဲ့ အထက်မှာ မြေတည်တယ်လို့ ဆိုထားပါတယ်၊ အဲဒီအဆိုကို တပည့်တော် ယုံကြည်ပါတယ်၊ တပည့်တော် သံသယရှိတာက ကမ္ဘာပြုမိုးကြီး ရွာတဲ့အခါ ဒီစကြာဝဠာအတွင်းမှာ - ရေတွေ ပြည့်နေတယ်၊ ကမ္ဘာကြီးဖြစ်ချိန်တန်တော့ ရေက တဖြည်းဖြည်းကျပြီး ကုန်းမြေ ပေါ်လာတယ်ပေါ့ ဘုရား၊ အဲဒီပေါ်လာတဲ့ကုန်းမြေက ဆရာတော်အမိန့်ရှိ တဲ့ ဗောဓိပင်ပေါက်ရာ မြေဖြစ်နေတယ်၊ ဒီနေရာမှာ တပည့်တော် ဝင်လာတဲ့သံသယက ဗောဓိပင်ပေါက် ရာ မြေဌာနဟာ ဟို မြောက်ဘက်က ဟိမဝန္တာတောင်တန်းကြီးနှင့် ချိန်ထိုးကြည့်လျှင် အင်မတန် နိမ့်ပါတယ်၊ ဒါကြောင့် ရေကျပြီး ကုန်းစတင်ပေါ်လျှင် ဟိမဝန္တာတောင်ကြီးက ဦးစွာပေါ်ရမယ်၊ ခုတော့ အင်မတန်နိမ့်တဲ့ ဗောဓိမြေက ဦးစွာပေါ်တယ်ဆိုတာ တပည့်တော် ဖြစ်ပေါ်လာတဲ့ သံသယပါဘုရား”
“ဟုတ်တာပေါ့၊ အဲဒါ သံသယဖြစ်လောက်တာပေါ့၊ အဖြေကတော့ ဒီလိုတဲ့ကွယ်”
“အမိန့်ရှိတော်မူပါဘုရား”
“ရေပြင်ထက် မြေစတင်ပေါ်စက တောင်တွေ ချောက်တွေ မရှိသေးဘူး၊
စည်မျက်နှာပြင်လို တညီတည်းပါပဲ၊ အဲဒီ တစ်ပြင်တည်းဖြစ်တဲ့မြေကြီးပေါ်မှာ ဗြဟ္မာတွေ စုတေပြီး
လူဖြစ်လာကြတယ်၊ အဲဒီလူတွေဟာ ဗြဟ္မာပြည်က ဆင်းခဲ့ကြတာမို့ ကိုယ်အရောင် ထွန်းလင်း တောက်ပကြ တယ်၊
ကောင်းကင်မှာ လိုရာသွားနိုင်ကြတယ်၊ နောင်အခါ မြေအဆီဖြစ်တဲ့ ရသာပထဝီကို စားကြလို့ ကိုယ်ရောင်ပျောက်ပြီး
ကျင်ကြီး ကျင်ငယ်ပေါက်တွေ ဖြစ်လာကြတယ်၊ ကိုယ်အရောင် ပျောက်ပြီး ရှိစဉ်တုန်းက သြကာသ
လောကကြီးဟာ ထွန်းလင်းနေသော်လည်း ကိုယ်အရောင် ပျောက်ကွယ် သွားတော့ လောကကြီးဟာ မှောင်ကျလာတယ်၊
အဲဒီအခါမှာ ဓမ္မတာသဘောအားဖြင့် တပေါင်း လပြည့်နေ့မှာ နေမင်းပေါ်လာတယ်၊ နေဝင်သွားပြန်တော့
လမင်းပေါ်လာတယ်၊ အဲဒီ နေမင်း လမင်း ထင်ရှားပေါ်တဲ့နေ့(တပေါင်းလပြည့်နေ့) မှာပဲ မြင်းမိုရ်၊
သတ္တရဗ္ဘန်၊ ဟိမဝန္တာ၊ တော,တောင်၊ မြစ်ကြီး အိုင်ကြီးနှင့် စကြဝဠာတောင်များဟာ ဓမ္မတာအတိုင်း
မရှေးမနှောင်း တစ်ပြိုက်နက် ဖြစ်ပေါ်လာတယ်လို့ လောကဒီပနီ၊ လောကုပ္ပတ္တိ ကျမ်းများမှာ ဆိုတယ်၊
ဒါကြောင့် မဟာဗောဓိပင်ရောက်ရာ မြေဌာန ရေပြင်အထက် ဦးစွာ ပေါ်တယ်ဆိုတဲ့ စကားကို သံသယ
မရှိသင့်ဘူးပေါ့ကွယ်”
“မှန်ပါ ဆရာတော် အမိန့်ရှိလို့ သံသယ ကင်းသွားပါပြီ ဘုရား”
“ဘုရားသခင် သစ္စာလေးပါး သိမြင်တော်မူရာ မဟာဗောဓိပင်ဟာ ဒီမျှလောက် ထူးကဲတဲ့ မြေမြတ်မှာပေါက်ကြောင်း ရှေးဦးစွာ မှတ်သားသင့်တာပေါ့၊ ဗောဓိပင်ဆိုတာလည်း သင်္ခါရမျိုးမို့ တစ်ကမ္ဘာလုံး တည်မည့်သစ်ပင်စာရင်းမှာ မပါဝင်ဘူး၊ တစ်ကမ္ဘာလုံး တည်မည်လို့ ကျန်းဂန်များမှာ ပြထားတဲ့ သစ်ပင်ကတော့ ခုနစ်ပင်သာရှိသကွယ့်၊ အဲဒီ သစ်ပင်ကြီး ခုနစ်ပင်ကို ဟောဒီလို သံပေါက်ရေးထားတယ်။
“လက်, ခုပ်, ထိန်,ပြေ၊ ကုတ်, သစ်, ဒေ၊
တွက်ရေ
ခုနစ်ရပ်။
ဂဠုန်,
သုရာ၊ နောက်, တောင်မှာ၊
ရှေ့,
တာ, မြောက်နှင့်ဟပ်”
အဓိပ္ပာယ်ကတော့ ဂဠုန်ပြည်က လက်ပံပင်ကြီး၊ အသုရာပြည်က လက်ခုပ်ပင်ကြီး၊ အနောက်ကျွန်းက ထိန်ပင်ကြီး၊ တောင်ကျွန်းက သပြေပင်ကြီး၊ အရှေ့ကျွန်းက ကုက္ကိုပင်ကြီး၊ တာဝတိံသာက ကသစ်ပင်ကြီး၊ မြောက်ကျွန်းက ပဒေသာပင်ကြီး၊ ဒီသစ်ပင်ကြီး ခုနစ်ပင်ကတော့ တစ်ကမ္ဘာလုံး တည်မယ်၊ ကျန်တဲ့ သစ်ပင်များကတော့ တစ်ကမ္ဘာလုံး မတည်ဘူးတဲ့၊ ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်ဟာ မြေထွက်မြေမြတ်မှာ ပေါက်တာတော့ မှန်ပါရဲ့၊ ဒါပေမယ့် တစ်ကမ္ဘာပတ်လုံးတော့ မတည်နိုင်ဘူး၊ သေချိန်ကျလျှင်တော့ သေမှာပဲပေါ့။
ဒီနေရာက စပြီးတော့ ဒေါက်တာအောင်ကျော်ရဲ့
အမေးကို ဖြေကြစို့ရဲ့၊ ဒေါက်တာအောင်ကျော်က ဘုရားရှင်လက်ထက် ဘုရားရှင်ရဲ့ ဖွားဘက်တော်ဖြစ်တဲ့
မဟာဗောဓိပင်ဟာ ယခုထိ ရှိသေးသလားတဲ့၊ ဒီအမေးက ပညတ်နှင့် ပရမတ် ရောပြွမ်းနေလို့ အမေးလွယ်သလောက်
အဖြေရခက်တယ်၊ ဥပမာ ယခု ထင်ရှားရှိနေတဲ့လူဟာ ငယ်ရွယ်စဉ် ပုခက်တွင်းက ကလေး ဟုတ်သလားလို့
မေးခဲ့လျှင် ပရမတ္တနည်းနှင့်ဆိုလျှင် အလုံးစုံသော ရုပ်တရား, နာမ်တရားတွေဟာ တစ်ခဏမျှ တည်တံ့မှု မရှိဘဲ ယခုဖြစ် ယခုပျက်သွားတာမို့ ယခု
ထင်ရှားရှိတဲ့လူဟာ ပုခက်တွင်းကလူ မဟုတ်ဘူးလို့ ဖြေရမှာပဲ၊ သို့သော် ပုခက်တွင်းက သူငယ်ဟာ
ကံ, စိတ်, ဥတု, အဟာရ စတဲ့ အကြောင်းကိုမှီပြီး တဖြည်းဖြည်း ရင့်ကျက်လာတာမို့ ပညတ်နည်းနှင့်ပြောရလျှင်
ပုခက်တွင်းက သူငယ်ဟာလည်း ဒီလူပဲဖြစ်တယ်၊ ဒီလူဟာလည်း ပုခက်တွင်းက လူပဲဖြစ်တယ်လို့ ဖြေဆိုရလိမ့်မယ်၊
အဲဒီ ဥပမာအတိုင်း ယခု တည်ရှိတဲ့ မဟာဗောဓိပင်ဟာ မူလ မဟာဗောဓိပင်ရဲ့ အမြစ်အခက်များက အတက်ပေါက်
ဖြစ်ပေါ်လာတာမို့ မူလ ဗောဓိပင်လို့ပင် ဖြေဆိုရလိမ့်မယ်၊ သို့သော် ပရမတ်အနေနှင့် ဖြေရလျှင်
ဒီမဟာဗောဓိပင်ဟာ အကြိမ်ကြိမ် အဖျက်အဆီးခံခဲ့ရလို့
မူလဗောဓိပင် မဟုတ်တော့ဘူးလို့ ဖြေဆိုရမှာပဲကွယ်”
“မှန်ပါ၊ အကြိမ်ကြိမ်
အဖျက်အဆီးခံခဲ့ရတဲ့အကြောင်း
အမိန့်ရှိပါဦး
ဘုရား”
“အဖျက်အဆီး ခံရတာနှင့်
ဆက်စပ်ပြီး
ဗောဓိပင်ရဲ့
တည်နေပုံကို
အိန္ဒိယကြေးမုံကျမ်းကြီးက
ထုတ်နုတ်ပြောပြဦးမယ်၊
အိန္ဒိယကြေးမုံကျမ်းဟာ
၁၂၉၆-ခုနှစ်၊ တပေါင်းလမှာ
ရိုက်တာဆိုတော့
အခု
၁၃၅၈-ခုနှစ်မှာ နှစ်ပေါင်း
၆၂-နှစ် ရှိသွားပြီ၊
နှစ်ပေါင်း
၆၂-နှစ်ဆိုတော့
အခြေအနေတွေ
တစ်မျိုးတစ်ဖုံ
ပြောင်းလဲကုန်မှာကတော့
သေချာတယ်ကွယ့်၊
လွန်ခဲ့တဲ့
နှစ်ပေါင်း
၆၀-ကျော်တုန်းက
ဗောဓိပင်နှင့် ရွှေပလ္လင်ပေါက်ရာ
မြေမျက်နှာဟာ ချောက်ကမ်းပါးကြီးလို စောက်နက်ပြီး လေးဘက်ပတ်လည် ကုန်းမြင့်ကြီးဖြစ်နေသတဲ့၊
အနောက်ဘက် မဟာရံတံတိုင်း ၁၂၃-ပေရှိသတဲ့၊ အရှေ့ဘက် မဟာရံတံတိုင်း ၂၂၂-ပေ၊ တောင်ဘက် မဟာရံတံတိုင်း
၁၈၇-ပေ၊ မြောက်ဘက် မဟာရံတံတိုင်း ၁၈၇-ပေ ရှိသတဲ့၊ အဲဒီ မဟာရံတံတိုင်းအတွင်းမှာ မဟာဗောဓိပင်၊
ပလ္လင်တော်၊ အချို့သော သတ္တဌာန စေတီကြီးငယ်များ ရှိသတဲ့။
မဟာဗောဓိပင်ကို ဘေးပတ်လည် ကုန်းကြီးက
ဘာလို့ ခံထားတာလဲ၊ မဟာရံတံတိုင်းတွေက ဘာလို့ ကာရံထားတာလဲဆိုတာနှင့် ပတ်သက်လို့ အိန္ဒိယ
ကြေးမုံကြမ်းကြီးမှာ ဘယ်လိုရေးထားသလဲဆိုတော့ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီးဟာ
ဗုဒ္ဓဘာသာဝင် မဖြစ်မီက စစ်သည်တော်အပေါင်းနှင့် လာရောက်ပြီး မဟာဗောဓိပင်ကို အမြစ်ရင်းက
ခုတ်ဖြစ်စေသတဲ့၊ ကျန်တဲ့ ဗောဓိပင် အငုတ်ကိုလည်း ပုဏ္ဏားတစ်ယောက်ကို မီးအတိုက် ခိုင်းသတဲ့၊
ပုဏ္ဏားကလည်း မင်းကြီးရဲ့ အမိန့်အတိုင်း သစ်ငုတ်ကို မီးတိုက် ဖျက်ဆီးလိုက်တယ်၊ နောက်တစ်နေ့
မိုးလင်းတော့ ပုဏ္ဏားက မီးတိုက်ထားတဲ့ ဗောဓိပင်ငုတ်ရဲ့ အခြေအနေကို သွားကြည့်လိုက်တော့
အဲဒီဗောဓိပင်နေရာမှာ မူလအပင်ထက် သာလွန်တင့်တယ်တဲ့
ဗောဓိပင်ပျို ပေါက်နေတာကို မြင်တွေ့ရသတဲ့၊ ဒီအကြောင်းကို သီရိဓမ္မာသောကမင်းကြီးထံ လျှောက်ထားတော့
မင်းကြီးဟာ နောင်တ ပူပန်ခြင်းဖြစ်ပြီး ဗောဓိပင်ကို မပြတ် လာရောက် ပြုစုသတဲ့ကွယ်။
ဒီအခါ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မိဖုရားကြီးက
လျှို့ဝှက်တဲ့အကြံအစည်နှင့် မင်းကြီးမရှိခိုက် မဟာဗောဓိပင်ကို အဖြတ်ခိုင်းပြန်သတဲ့၊
အသောကမင်းကြီး ဗောဓိပင်ကို သွားရောက်ဖူးတဲ့အခါ ဗောဓိပင် ခုတ်လှဲထားတာကို တွေ့ရလို့
ဗောဓိပင်ငုတ်ကို နွားနို့တို့ဖြင့် သွန်းလောင်း အဓိဋ္ဌာန်တဲ့အခါမှ အမြစ်ရင်းက ပင်စည်ထွက်လာပြီး
ပြန်ပေါက်လာသတဲ့၊ ဗောဓိပင်ရဲ့ အံ့ဖွယ်သရဲကိုမြင်လို့ ကြည်ညိုတဲ့အတွက် အရပ်လေးမျက်နှာက
အုတ်တံတိုင်းများကို ကာရံထားခြင်း ဖြစ်သတဲ့။
အဲဒီနောက် သျှသျှင်္ကမင်းလက်ထက် မဟာဗောဓိပင်ကို ရေဝါတိုင်အောင် တူးစေသတဲ့၊ ရေဝါသာ ထိတယ်၊ ဗောဓိပင်မြစ်ရဲ့ ဆုံးရာဌာနကို မတွေ့ရဘူးတဲ့၊ ဒီသတင်းကို အသောနွယ်ဝင် “ပူရဏဝရမာ” ကြားတော့ စိတ်နှလုံး မချမ်းမသာဖြစ်ပြီး ပျက်စီးနေတဲ့ မဟာဗောဓိပင်ရှိရာ လာရောက်ကာ နွားမတစ်ထောင်က ညှစ်ရသမျှ နို့ရည်များဖြင့် ဗောဓိပင်ရှိရာကို သွန်းလောင်းတဲ့အခါ တစ်ညဥ့်တည်း ၁၀-ပေခန့်ရှိတဲ့ ဗောဓိပင်ငယ် ပေါက်လာသဖြင့် နောင်အခါ ဘယ်သမျှ မဖျက်ဆီးအောင် ၂၄-ပေ အမြင့်ရှိတဲ့ တံတိုင်းသစ် လေးဘက်ပတ်လည် ပြုလုပ်ခဲ့သတဲ့။
အခုပြောခဲတာက ပူယိင်သင်္ဂကျမ်းလာ စကားရပ်တို့ကိုယူပြီး အိန္ဒိယကြေးမုံကျမ်းက ပြဆိုခဲ့တဲ့ စကားရပ် ဖြစ်တယ်ကွယ့်”
“တပည့်တော် ကြားဖူးတာက တစ်မျိုးဖြစ်နေတယ်ဘုရာ့”
“ဘယ်လို ကြားဖူးတာလဲ၊ ဆိုစမ်းပါဦး”
“မဟာဗောဓိပင်ကို သီရိဓမ္မာသောကမင်းကြီးရဲ့ မိဖုရားက အဆိပ်ရှိတဲ့ ဖားရိုးနှင့် ထိုးသတ်စေတယ်လို့ ကြားဖူးတယ်ဘုရား”
“သီရိဓမ္မာသောကမင်းကြီးရဲ့ မိဖုရား တိဿရုက္ခာ ဖားရိုးနဲ့ထိုးသတ်စေတဲ့ ဗောဓိက မူလမဟာဗောဓိ မဟုတ်ပါဘူး၊ မဟာဗောဓိပင်က မျိုးစေ့ယူပြီး သီရိဓမ္မာသောကမင်းကြီး စိုက်ပျိုးတဲ့ ပါဋလိပုတ်ပြည်က ဗောဓိပင်လို့ မဟာဝင်ကျမ်းမှာ ပြထားပါတယ်ကွယ့်”
“ဒီလိုဆို ယခုရှိနေတဲ့ မဟာဗောဓိပင်ဟာ ထိုစဉ်က ပေါက်လာတဲ့ မဟာဗောဓိပင်ပဲပေါ့ ဘုရား၊ ဒီကြားမှာ ဘယ်လို အနှောင့်အယှက်များ ရှိပါသေးသလဲဘုရား”
“အနှောင့်အယှက်ရှိဆို အိန္ဒိယမှာ ဗုဒ္ဓသာသနာတော် ကွယ်သွားပြီးတဲ့နောက် မဟာဗောဓိပင်ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ မဟန့်ဂီရိဆိုသူရဲ့ လက်ထဲရောက်သွားတယ်၊ မဟန့်လက်ထဲ မရောက်မီ ၁၈၇၅-ခုနှစ်က ဗောဓိပင်ဟာ အိုမင်းပြီး ယိုယွင်းလာခဲ့သတဲ့၊ ခရစ်နှစ် ၁၈၇၆-ခုနှစ် လေမုန်တိုင်း ဒဏ်ကြောင့် မဟာဗောဓိပင်ကြီး လဲပြိုသွားသတဲ့၊ အဲဒီ လဲပြိုသွားတဲ့နေရာမှာ က ယခုရှိတဲ့ မဟာဗောဓိပင် ပေါက်လာပြန်သတဲ့၊ ဒီအကြောင်းကို ဒေါက်တာ ရာဂျင်ဒြာလာလ်မိတြက ဗုဒ္ဓဂယာခေါ်တဲ့ စာအုပ်မှာ ဒီလိုရေးထားတယ်။
အလွန် အိုမင်းလှပြီဖြစ်၍ အချို့ ခန်းခြောက်နေသော ဗောဓိပင်ကြီးသည် မိမိရောက်ခဲ့သော ၁၈၈၇-ခုနှစ်က လေမုန်တိုင်းကြောင့် လဲပါသွားသည်၊ ထိုအခါ ဟိန္ဒူတို့က မဟာဗောဓိပင်မှ အကိုင်းကြီး တစ်ကိုင်းကို စေတီတော်၏ မြောက်ဘက် ပေ ၈၀-ခန့်အကွာတွင် ပြန်လည် စိုက်ပျိုးထားသည်ကိုတွေ့ရသေး၏၊ ဒါက ဒေါက်တာရာဂျင်ဒြာလာလ်မိတြရဲ့ ရေးသားချက်ပါ။
“မဟာဗောဓိပင် မဟန့်လက်ထဲ ရောက်ပုံကိုလည်း အမိန့်ရှိပါဦးဘုရား”
“အဲဒီအကြောင်းကို မာတင်ရေးတဲ့ အရှေ့အိန္ဒိယခေါ်တဲ့ စာအုပ်က ထုတ်နုတ်ပြီး အကျဉ်းချုပ်ပြောပြမယ်”
“အိန္ဒိယပြည်ကြီးဟာ မူဆလင်တို့ရဲ့ လက်အောက်ကျရောက်ပြီးတဲ့နောက် မောင်ဂိုမင်းများ ဟာ ဒေလီမြို့ကြီးကို ၁၃-ဆက်တိုင်အောင် အုပ်ချုပ်ခဲ့ကြသတဲ့၊ မဟန့်တို့ ဘိုးဘေးများက မဟာဗောဓိပင် ပါဝင်တဲ့ တာရာဒီရွာကို ခရစ် ၁၇၂၇-ခုနှစ်က မဟာဗောဓိ စေတီတော်ကြီးရဲ့ အောက်ပိုင်းဟာ မြေထဲ နစ်မြုပ်နေတယ်၊ ပြုပြင်စောင့်ရှောက်မည့်သူ မရှိသေဘူးတဲ့၊ မဟန့်ဟာ သူ့ဘေး သူ့ဘိုးများရဲ့ အမွေအဖြစ်နှင့် မဟာဗောဓိကို အပိုင်ရထားခြင်း ဖြစ်သတဲ့။
နောက်တော့ သီဟိုဋ်အမျိုးသား ဓိမ္မပါလဆိုတဲ့ ဒါယကာက ကမ္ဘာပေါ်မှာ ဘာသာအသီးသီး ရှိကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ ဘာသာအလိုက် အထွက်အမြတ်ထားကြတဲ့ နေရာတွေကို ဘာသာဝင်များကသာ ပိုင်ဆိုင်ကြတယ်၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွက်အမြတ် မဟာဗောဓိကိုလည်း ဗုဒ္ဓဘာသာဝင်များကသာ ပိုင်ဆိုင်သင့်တယ်လို့ အရေးဆိုခဲ့တဲ့အတွက် တရွေ့ရွေ့ တဖြည်းဖြည်း ဗုဒ္ဓဘာသာဝင်တို့ လက်ထဲ ရောက်လာသတဲ့ကွယ်။
“ဒီလိုဆိုတော့ ယခုရှိနေတဲ့ မဟာဗောဓိပင်ဟာ ဘုရားရှင်နှင့်
ဖွားဖက်တော် မဟာဗောဓိပင် အစစ်လို့ မဆိုနိုင်သည့်တိုင်အောင် မဟာဗောဓိပင်က အတက်ပေါက်
ရှင်သန်လာတဲ့ မူလ မဟာဗောဓိပင်လို့ပဲ ဆိုသင့်တာပေါ့ဘုရား”
“ဟုတ်တယ် ဆိုသင့်တာပေါ့”
“ဆိုသင့်ခဲလျှင် ယခု မဟာဗောဓိပင်ဟာ သီဟိုဠ်မှတစ်ဆင့် ပင်ပွားယူပြီး
စိုက်ထားတာ မဟုတ်၊ မူလပင်မကြီးသာ ဖြစ်တဲ့အတွက် အာနန္ဒာဗောဓိ၊ သီဟိုဠ်ဗောဓိတို့ထက် သက်တော်
အကြီးရင့်ဆုံးဖြစ်ကြောင်း အဖြေပေးသင့်တာပေါ့ ဘုရား”
“ဟုတ်တယ်၊ အဲဒီလိုသာ အဖြေပေးလိုက်ပေတော့”
သာဓု . . . သာဓု . . . သာဓု .
. .
***ကောက်နုတ်ချက်***
နိုင်ငံတော်
သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့
- တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ(၅) (နှာ-၆၆-၇၆) မှ ကောက်နုတ်ပူဇော်ပါသည်။
ဤအမေးအဖြေများကို ဒကာရဲဝင်းထွန်းထံမှ မေးဖြင့်ပေးပို့ ဓမ္မဒါနပြုထားပါသည်။