http://b
၌ မေးထားသော မေးခွန်းဖြစ်ပါသည်။
***********************************
အတ္တ-ဆိုတဲ့စကားလုံးကို သေသေချာချာ သဘောပေါက်ထားဖို့ လိုမယ်ထင်လို့ တင်ပြလိုက်ပါတယ်။
အတ္တသဒ္ဒါသည်---
♠(၁) အတ္တဘာဝကာယ၀ါစီ(ကိုယ်ကာယဟော) အတ္တ။
“အတ္တာ ဟိ အတ္တနော နာထော” ၌ပါသည့် အတ္တ-သည် ကိုယ်ကာယအနက်ဟော အတ္တဖြစ်ပါသည်။
♠(၂)စိတ္တ၀ါစီ (စိတ်ဟော) အတ္တ
“ပဟိတ္တဿ ဘိက္ခုနော”စသည်၌ ပါရှိသည့် အတ္တ သည် စိတ်ဟူသော အနက်ကို ညွန်ပြသည်။
♠(၃) သဘာ၀၀ါစီ(သဘော၊ သဘာဝ ဟော) အတ္တ။
“မိစ္ဆတ္တနိယတာ၊ သမ္မတ္တနိယတာ” စသည်၌ပါသော အတ္တ-သည် သဘာဝအနက်ကို ညွှန်ပြသည်။
♠(၄) ပရမတ္တ၊ ဇီဝတ္တ၀ါစီ(ဖန်ဆင်ရှင်-ပရမတ္တ၊ ဖန်ဆင်းခံ ဇီဝ အတ္တဟော) အတ္တ။
“ သဗ္ဗေ ဓမ္မာ အနတ္တာ”စသည်၌ပါသည့် အတ္တမျိုးကား မိစ္ဆာဝါဒီတို့ ကြံဆအပ်သည့် ပရမတ္တ(သက်ရှိသက်မဲ့လောကကြီးကို ဖန်ဆင်းသူ)၊ ဇီဝတ္တ(ပရမတ္တမှ ခွဲထွက်လာသော အသက်ကောင် ၀ိညာဉ်ကောင်)ဟူသော အနက်ကို ညွန်ပြပါသည်။
ဤကဲ့သို့ အတ္တ (၄)မျိုးလေးစား ရှိသည်ဟု မှတ်ရပါမည်။ (မင်္ဂလာ့အမြုတေ-၈၃-ကိုမှီးသည်။)
အခုမေးခွန်းမှာပါသည့် အတ္တ၊ အနတ္တဟာ နံပါတ်(၄) မိစ္ဆာဝါဒီတို့ ကြံဆအပ်တဲ့ ပရမတ္တ၊ ဇီဝတ္တမျိုးဖြစ်သည်ဟု ယူဆပါသည်။
♣ ဇီဝအတ္တ ။ ။ ဤအတ္တကို သာသနာပဖြစ်သော တိတ္ထိတို့ အမျိုးမျိုးကြံဆ လျက် စွဲလန်းကြ၏ ကြံဆပုံကား…မျက်စိ နား နှာ အင်္ဂါ ခြေ လက်နှင့်တကွ ခန္ဓာကိုယ် တစ်ခုလုံးသည် အတ္တ၏ အဆောက်အဦးကြီး အတ္တ၏တည်နေရာ အိမ်ကြီးတည်း။
အတ္တကား ကာရက-ထိုအိမ်၌တည်လျက် အမျိုးမျိုးသောအမှုကို ပြု၏၊ ဝေဒက- ရှေးကပြု အပ်ခဲ့သော ကောင်းမှု မကောင်းမှု၏ အကျိုးကို ခံစား၏၊ ယခုဘဝ၌ လုံ့လဝီရိယ၏အကျိုးကိုလည်း ခံစား၏၊ တချို့ဆရာတို့က “ထိုအတ္တသည် နှလုံးအိမ်၌ တည်၏, ပရမာဏုမြူမျှ ပမာဏရှိသဖြင့် အလွန်သေးငယ်၏”ဟု ယူဆကြ၏၊
တချို့က “သားမြီးဖျားကို အစိတ်တစ်ရာ စိတ်၍ တစ်စိတ်မျှ ပမာဏရှိ၏”ဟု ယူဆကြ၏၊ တချို့ အတ္တသည် ခန္ဓာကိုယ်၏ ပမာဏရှိ၍ ခန္ဓာကိုယ်ကြီးလျှင် အတ္တကြီး၏, ခန္ဓာကိုယ်ငယ်လျှင် အတ္တငယ်၏”ဟု ယူဆကြ၏။
တချို့ကမူ “ခန္ဓာကိုယ်တွင်း၌ ထွက်သက် ဝင်သက်လေတို့၏ သွားလာရာ အကြောမကြီး နှစ်ခုရှိ၏၊ လက်ဝဲ လက်ယာ တစ်ဖက်တစ်ချက်၌ တည်း၏၊ အခြားသော အကြောမကြီးတစ်ခုကား အထက်သို့ တည့်တည့်မတ်မတ် တက်သွား၍ ဦးခေါင်းမှာရှိသော အပေါက်တစ်ခုသို့ ဆိုက်ရောက်၏၊ (ထိုအပေါက် ဖြင့် ထွက်သွားသောအတ္တသည် ဗြဟ္မာ့ပြည်သို့ ရောက်သောကြောင့် ထိုဦးထိပ်ကအပေါက်ကို “ဗြဟ္မရန္ဓ=ဗြဟ္မာ့ပြည် သွားကြောင်းလမ်းပေါက်”ဟု ခေါ်သတတ်၊)
ထိုအကြောသုံးခု၏ အလယ်တည့်တည့်ဝယ် လရောင်နှင့် တူသော အရောင်ဝိုင်းရှိ၏၊ ထိုအရောင်ဝိုင်း၏ အလယ်၌ အတ္တသည်(လေငြိမ်ရာ ထွန်းအပ်သော မီးကဲ့သို့) မလှုပ်မယှက် တောက်ပလျက် တည်သည်ဟု ယူဆ၏၊
ဤသို့လျှင် ရုပ် နာမ်သဘော ရုပ်နာမ်၏ ဖြစ်ကြောင်းကို ကောင်းကောင်း မသိနိုင်ကြ၍ သာသနာပ ပညာရှိကြီးတို့သည် အတ္တကို ပုံသဏ္ဍာန်အမျိုးမျိုး တည်နေရာအမျိုးမျိုးနှင့်တကွ ကြံဆ ပြောဆိုခဲ့ကြလေသည်။(သင်္ဂြီုဟ်ဘာသာဋီကာမှ)
♣ အနတ္တ ။ ။ န+အတ္တ, အနတ္တာ၊ အတ္တ-အတ္တသည်၊ န-မဟုတ်၊ အနတ္တ-အတ္တမဟုတ်၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးသည် ပြအပ်ခဲ့သော အတ္တ မဟုတ်သဖြင့် အနတ္တတရားများတည်း၊
[နတ္ထိ အတ္တာ ယေသူတိပိ အနတ္တာ၊ ယေသု-အကြင်ခန္ဓာငါးပါးတို့၌၊ အတ္တာ-အတ္တသည်၊ နတ္ထိ-မရှိ၊ ဣတိပိ-ထို့ကြောင့်လည်း၊ အနတ္တာ-အနတ္တတို့ မည်၏၊ ခန္ဓာငါးပါး၌ ပြအပ်ခဲ့သော အတ္တ မရှိ၊ ထို့ကြောင့် ခန္ဓာငါးပါးလုံး အနတ္တပင်တည်း၊ ရုပ် နာမ် ခန္ဓာမှတစ်ပါး နိဗ္ဗာန် ပညတ်တရားတို့၌လည်း ထိုအတ္တမျိုး မရှိ၊ သို့ဖြစ်၍ သင်္ခတ အသင်္ခတတရားဟူသမျှ အနတ္တချည်းတည်း။
[အနိစ္စ ဒုက္ခဟူရာ၌ သင်္ခါရ (သင်္ခတ)တရားသာ ရ၏၊ အနတ္တဟူရာ၌ကား သင်္ခါရ(သင်္ခတ)နှင့် အသင်္ခတ နိဗ္ဗာန် ပညတ် တရားအားလုံး ရ၏၊ ထို့ကြောင့် “သဗ္ဗေ သင်္ခါရာ အနိစ္စာ, ဒုက္ခာ” ဟု အနိစ္စ ဒုက္ခအတွက် သင်္ခါရဟု ဟောတော်မူပြီးလျှင် အနတ္တအတွက်ကား “သဗ္ဗေ ဓမ္မာ အနတ္တာ” ဟု ဓမ္မအားလုံးကို သိမ်းကျုံး၍ ဟောတော်မူသည်။] (နိဗ္ဗာန်လည်း အနတ္တထဲမှာ ပါသည်ဟု ဆိုလိုသည်။)
♣ အနက်ဆိုကြပုံ။ ။ အနက်ဆိုရာ၌ “အနတ္တာ-ကိုယ်မဟုတ်”ဟု ဆိုကြ၏၊ ကိုယ်မဟုတ်ဟူသော စကား၌ ဤခန္ဓာကိုယ်ကို ရည်ရွယ်လျှင် အမှားတည်း၊ ဤခန္ဓာကိုယ်ကြီးသည် အဘယ်မှာ ကိုယ်ကာယမဟုတ်ဘဲ ရှိအံ့နည်း၊ ကိုယ်ကာယ ကြီး အဟုတ်ပင်တည်း၊
ပြခဲ့သောအတ္တတရား၌ အထည်ကိုယ် အမာခံ အနှစ်သာရ ဟု စွဲလမ်းကြ၏၊ ထိုအထည်ကိုယ်ဟု စွဲလမ်းအပ်သော အတ္တကို ရည်ရွယ်လျှင် “အနတ္တာ-အထည်ကိုယ် မဟုတ်, အမာခံ အနှစ်သာရ မဟုတ်” ဟု အနက် ဆိုသင့်၏၊ “အနတ္တာ-အတ္တမဟုတ်” ဟု အနက်ဆိုလျှင် မလွဲနိုင်တော့ပြီ။
♣ အနတ္တလက္ခဏာ။ ။ရုပ် နာမ်အားလုံးကို ဉာဏ်ဖြင့် စိစစ်ကြည့်လျှင် ခိုင်မြဲ သော အနှစ်သာရ မဟုတ်ကြ သူတို့၏ အလိုသို့လည်း မည်သည့် အရာဝတ္ထုကိုမျှ မလိုက်ပါစေနိုင်၊ သူတို့ကလည်း မည်သူ့ အလိုသို့မျှ မလိုက်ပါကြ၊ အကြောင်း အားလျော်စွာ ဖြစ်ကြပြီးလျှင် ချက်ချင်းပင် ချက်ချင်းပင် ချုပ်ပျက်ကြလေသည်။
သို့အတွက် အနှစ်သာရ မဟုတ်ခြင်း၊ အလိုသို့ မလိုက်စေနိုင်ခြင်းသည် ခန္ဓာငါးပါး ၏ အတ္တ မဟုတ်သောကြောင်း အတ္တ မရှိကြောင်း အမှတ်လက္ခဏာတည်း။
လက္ခဏာသုံးပါး။ ။အချုပ်ကား-ရုပ်နာမ်တရားတို့၏ ဖောက်ပြန်ပျက်စီး တတ်ခြင်း ဝိပရိဏာမသဘောတည်း, အနိစ္စလက္ခဏာတည်း, အဖြစ်အပျက်ဒဏ် တို့ကို အမြဲခံရခြင်းဟူသော ဥဒယဗ္ဗယပဋိပီဠနသဘောသည် ဒုက္ခလက္ခဏာတည်း၊ အသာရက-အဝသဝတ္တသဘောသည် အနတ္တလက္ခဏာတည်း။ (သင်္ဂြီုဟ်ဘာသာဋီကာ-၆၈၁-၂၊ ၂၀၀၀-ခုနှစ်ရိုက်)
♣ သဗ္ဗေ ဓမ္မာတိ ပဉ္စက္ခန္ဓာ ဧ၀ အဓိပ္ပေတာ-ဟု ဓမ္မပဒအဋ္ဌကထာ ဒုတိယတွဲ နှာ-၂၅၆ ၌ သဗ္ဗေဓမ္မာ အရကို ခန္ဓာငါးပါသာ ယူသင့်ကြောင်း ဖွင့်ဆိုတော်မူသည်၊ ယင်း အဖွင့်ကို ကြည့်ရှု၍ ခန္ဓာငါးပါးသည် အနတ္တ၊ နိဗ္ဗာန်သည် အတ္တဟု ယူဆကြသည်ထင်ပါသည်။
သဗ္ဗေ ဓမ္မာ အနတ္တာတိ သဗ္ဗေပိ စတုဘူမကာ ဓမ္မာ အနတ္တာ။ ဣဓ ပန တေဘူမကဓမ္မာဝ ဂဟေတဗ္ဗာ။ တေ ဟိ အသာရတော, အဝသဝတ္တနတော, သုညတော, အတ္တပဋိက္ခေပတော စ အနတ္တာတိ ဝိပဿိတဗ္ဗာ။ (ထေရ-ဌ-၂၊ ၂၅၅)
နိဗ္ဗာန်နှင့် စတုဘူမကတရားအားလုံးသည် အနတ္တဖြစ်သောကြောင့် "သဗ္ဗေ ဓမ္မာ"ဟု ဟောတော်မူသည်၊ ဤ၌ကား တေဘူမကတရားတို့ကိုသာ ယူရ၏၊
ဘာကြောင့်နည်း? တေဘူမကတရားတို့သည် အနှစ်သာရမရှိခြင်း, အတ္တမှ ကင်း ဆိတ်ခြင်း, အတ္တ၏ဆန့်ကျင်ဘက်ဖြစ်ခြင်းအားဖြင့် အနတ္တဟု ရှုအပ်သောကြောင့်တည်း။ (အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ-တတိယတွဲ-၁၂၃)
ယင်းအဖွင့်ကို ကြည့်ရှု၍ ဓမ္မပဒပန်းကုံးဆရာတော်ကြီးက အောက်ပါအတိုင်း ရှင်းပြတော်မူသည်။
နိဗ္ဗာန်လည်း အနတ္တပင်ဖြစ်သောကြောင့် သဗ္ဗေ ဓမ္မာ အနတ္တာ-ဟု ဟောတော်မူသည်၊ အတ္တ-ဟူသည်ကား အနတ္တစင်စစ်ဖြစ်သော ခန္ဓာငါးပါး၌ စွဲလမ်းအားကြီး၍ သမင်ငယ်သည် ကျားမကို အမိဟု ထင်မှားသကဲ့သို့ ထင်မှားခြင်းပင်တည်း၊
ထို့သို့ နိဗ္ဗာန်လည်း အနတ္တပင်ဖြစ်ပါသော်လည်း ပုထုဇဉ်တို့ အာရုံပြုနိုင်သော အရာမဟုတ်သောကြောင့် အတ္တ-ဟု စွဲလမ်းသူ မရှိ၊ တေဘူမက ခန္ဓာငါးပါးကိုသာ စွဲလမ်းကြသည်၊ ထိုသို့ စွဲလမ်းအပ်သော ခန္ဓာငါးပါးကိုသာ ၀ိပဿနာရှုရမည့်အဖြစ်ကို ပြလို၍ သဗ္ဗေ ဓမ္မာတိ- ပဉ္စကန္ဓာ ဧ၀ အဓိပ္ပေတာ-ဟု အဋ္ဌကထာဆရာ မိန့်တော်မူရပါသည်။ (ဓမ္မပဒပန်းကုံး-၃၄၀-၁)
သင်္ခတာသင်္ခတာ ပန သဗ္ဗေပိ ဓမ္မာ အတ္တသင်္ခါတဿ ပုဂ္ဂလဿ အဘာဝတော အတ္တသုညာတိ။ (သင်္ခတ အသင်္ခတဖြစ်သော ခပ်သိမ်းသောတရားတို့သည် အတ္တဟုဆိုအပ်သော ပုဂ္ဂိုလ်မရှိခြင်းကြောင့် အတ္တသုညမည်၏။ (အနတ္တမည်၏) (ပဋိသံ၊ ဋ္ဌ၊ ၂၊ ၂၄၆)
ကာရကဝေဒကာဒိရူပေန ပန ပရိကပ္ပိတေန အတ္တသဘာဝေန ဝိရဟိတတ္တာ ‘‘အနတ္တာ’’တိ ဝတ္တုံ ယုတ္တာ။ (ပြုတတ်သည့်ပုဂ္ဂိုလ် ခံစားတတ်သည့်ပုဂ္ဂိုလ်သတ္တ၀ါ စသောသဘောဖြင့် ကြံဆအပ်သော အတ္တသဘောမှ ကင်းခြင်းကြောင့် အနတ္တဟု ပြောခြင်းငှာ သင့်၏။)(၀ိမတိ၊ ၂၊ ၂၇၂)
အတက်ပါအကြောင်းအရာများကို ကောက်ချက်ချကြည့်ပါက စိတ်၊ စေတသိက်၊ ရုပ် နိဗ္ဗာန် ပညတ်များသည် ဓမ္မသက်သက်ဖြစ်သည် ပုဂ္ဂိုလ်သတ္တ၀ါဟူသော အတ္တမဟုတ်၊ ထို့ကြောင့် အနတ္တ-ဖြစ်သည် ဟုအဓိပ္ပာယ်ကောက်ယူရပါမည်။
ဓမ္မစကြာ ပါဠိတော် ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗန္တံ နိရောဓဓမ္မန္တိ အဖွင့်၌လည်း အောက်ပါအတိုင်း ၀ဇိရဗုဒ္ဓိဋီကာကဖွင့်သည်။
န တတ္ထ သတ္တော ဝါ ဇီဝေါ ဝါ ကာရကော ဝါ ဝေဒကော ဝါတိ, တေနေဝါဟ ‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ, သဗ္ဗန္တံ နိရောဓဓမ္မ’’န္တိ။ (ဤဓမ္မစက္ခုဖြစ်ရာ၌ သတ္တ၀ါသည်လည်းကောင်း၊ ဇီဝ(အသက်)သည်လည်းကောင်း၊ ပြုတတ်ဖန်ဆင်းတတ်သူသည်လည်းကောင်း၊ ခံစားတတ်သူသည်လည်းကောင်း၊ မရှိ။ ထို့ကြောင့်ပင် ဖြစ်ခြင်းသဘောတရားတို့သည် ပျက်ခြင်း သဘောတရားရှိကုန်၏ဟု ဆို၏။ (၀ဇိရ-၄၀၅)
ပါဠိကိုကြည့်လျှင်ပင် ထင်ရှားပါသည်၊ သမုဒယဓမ္မ-ဟုသာရှိသည်။ သမုဒယပုဂ္ဂလ၊ သမုဒယသတ္တ၊ သမုဒယဇီဝ-ဟု မရှိပါ။ နိရောဓဓမ္မလည်း ထို့အတူပါပဲ။
သဘောတရားလေးတွေ ဖြစ်ပြီး သဘောတရားလေးတွေသာ ချုပ်သွားကြသည်ဟု ပုဂ္ဂိုလ်သတ္တ၀ါမပါသည့် အမြင်ဖြင့် မြင်ခြင်းသည် အတ္တမပါသည့်အမြင်၊ အနတ္တအမြင်ဖြစ်သည်။
♣♣♣ မေတ္တာရပ်ခံချက်။ ။ မိမိ၏ ဉာဏ်ပညာရော အတွေ့အကြုံပါ အားနည်းနုနယ်သေးသောကြောင့် အမှားအယွင်းရှိခဲ့သော် သာသာနာတော်ကို အထင်မသေးစေလိုပါ၊ မိမိအပြစ်သာဖြစ်၍ လမ်းမှန်ညွှန်ပြ မေးကြပါရန်လည်း မေတ္တာရပ်ခံပါသည်။
မိမိလေ့လာမိသမျှတင်ပြလိုက်ခြင်းသာဖြစ်ပါသည်။