Tuesday, August 14, 2012

အာနာထပိဏ်သူဌေးနှင့် အယူအဆပြဿနာ

“သိက္ခာဝါတစ်ရာရှိသော ရဟန်းသည် အနာထပိဏ်သူဌေးကဲ့သို့ အယူဝါဒကွဲပြားသူတို့ကို အကြောင်းယုတ္တိရှိသောစကားဖြင့် ပြန်လည်ချေပရမည်”
အထက်ပါမိန့်ခွန်းကို ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေး ကျောင်းတော်မှ ပြန်ပြီး မကြာမီ အနာထပိဏ်ကို ၀ါတရှိ မထေရ်ကြီးနှင့် နှုင်းယှဉ်ကာ ချီးကျူး မိန့်တော်မူခြင်း ဖြစ်သည်။
အဘယ်ကြောင့် ထိုကဲ့သို့ မိန့်တော်မူသနည်း?။
အနာထပိဏ်သည်ကား..ဗုဒ္ဓမြတ်စွာ ကျောင်းတော်သို့ နေစဉ်မှန်မှန်လာမြဲဖြစ်၏။ တစ်ခါတစ်ရံ မြတ်ဗုဒ္ဓနှင့် ရဟန်းတော်များကို ဖူးမြင်ဖို့ အချိန်မဟုတ်သေးဟု တွေးတောကာ တိတ္ထိကျောင်းဆောင်ဘက်သို့ ခြေဦးလှည့်သွားတတ်သည်။
အာနာထပိဏ်လာသည်ကို မြင်လျှင် အယူဝါဒမတူသည့် အညတိတ္ထိယတို့၏ ဆူဆူညံညံအသံများ အရေမရ အဖတ်မတင် တိရိစ္ဆာနကထာများသည် တိတ္ထိကျောင်းဆောင်အတွင်း ငြိမ်သက်သွားတတ်သည်။
အညတ္ထိယများကလည်း အနာထပိဏ်လို နာမည်ကြီးသည့် သူဌေး၊ ဗုဒ္ဓ၏ အရင်းနီးဆုံး ကျောင်းဒကာတစ်ဦး သူတို့တိတ္ထိကျောင်းဆောင်ကို အလည်ရောက်လာဖို့ရာ အမြဲမျှော်လင့်နေ၏။ ထို့ကြောင့် ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့ လိုလားမြတ်နိုးသည့် ဆိတ်ငြိမ်မှုဖြင့် ဆွဲဆောင်လိုက်ခြင်းပင်။
ကျောင်းဒကာကြီး ရောက်သွား၍ စကားစမြည်ပြောဆိုကာ အပြန်အလှန်နှုတ်ဆက်စကားပြောဆိုအပြီးတွင် တိတ္ထိများက
“ ကျောင်းဒကာကြီး၊ ရဟန်းဂေါတမသည် မည်သို့သော အယူရှိသည်ကို ဖြေကြားပါလော့ ”
“ အရှင်တို့၊ ဘုရားရှင်သိမြင်တော်မူသည့်အယူကို ပြည့်စုံအောင် မသိပါဘုရား “
အမြင်မတူ အယူခြားနေသော်လည်း တိတ္ထိတို့၏ မေးခွန်းကို ကျောင်းဒကာကြီး လေးလေးစားစား ဖြေဆိုနေခြင်းဖြစ်၏။
“ ကျောင်းဒကာကြီး သင်ပြောသလို ရဟန်းဂေါတမ၏ အယူကို အပြည့်အစုံ မသိတာရှိပါစေတော့၊ ရဟန်းတော်များရဲ့ အယူကိုသာ ဖြေကြားပေးပါတော့ ”
“ အရှင်တို့၊ ရဟန်းတော်များ သိမြင်တော်မူသည့်အယူကိုလည်း ပြည့်စုံအောင် မသိပါဘုရား “
ကျောင်းဒကာကြီးသည် တိတ္ထိတို့ မေးသမျှကို ငြင်းဆို၍ နေလေသည်။ တတ္ထိများကလည်း အလျှော့မပေး။
“ ဒကာကြီး ရဟန်းဂေါတမနှင့် ရဟန်းတော်များ၏ အယူကို ပြည့်စုံစွာ မသိလျှင်လည်း ရှိပါစေတော့၊ သင့်အယူကိုသာ ဖြေကြားပါတော့ ”

“ အရှင်တို့၊ တပည့်တော်အယူကို ဖြေဆိုဖို့ အခက်အခဲမရှိပါ၊ အရှင်တို့၏ ကိုယ်ပိုင်အယူကိုသာ ဦးစွာ မိန့်တော်မူပါကုန်ဘုရား၊ အရှင်ဘုရားတို့မိန့်တော်မူပြီးမှ တပည့်တော်အယူကိုလည်း ဖြေဆိုပါမည်။ အခက်အခဲမရှိပါဘုရား ”
ကျောင်းဒကာက ဤသို့ စကားစပေးလိုက်ရာ တိတ္ထိတို့၏ တရားများ အန်ထွက်လာကုန်၏
အချို့က ဤလောကသည်မြဲ၏၊ အချို့က ဤလောကကြီး မမြဲ၏။
အချို့က ဤလောကကြီး အဆုံးရှိ၏၊ အချို့က အဆုံးမရှိ။
ဤသို့ လောကနှင့်ပတ်သက်၍ သူတို့အချင်းချင်းအယူအဆ မတူကြ၊ မညီညွတ်ကြပါ။ သူတို့အချင်းချင်းပင် ဆန့်ကျင်ဘက်ဖြစ်နေပြန်၏။
အချို့ကား ဇီဝနှင့်သရီရ (အသက်နှင့်ခန္ဓာကိုယ်)အကြောင်းတင်ပြ၏။
အချို့ဇီဝနှင့်သရီရ အတူတူ၊ အချို့က မတူဟု တင်ပြအန်ထွက်လာကြသည်။
အချို့တိတ္ထိတို့ကမူ သတ္တ၀ါနှင့်စပ်၍ တင်ပြလာပြန်သည်။
သတ္တ၀ါများ သေဆုံးပြီးနောက် ဘ၀ဆက်ဖြစ်သေး၏၊ အချို့က မဖြစ်ဟု ယူ၏။
အချို့က ဘ၀ဆက်ဖြစ်သည်လည်းရှိ၏ မဖြစ်သည်လည်းရှိ၏ ဟုယူ၏။
အချို့က ဘ၀ဆက်မဖြစ်သည်လည်း မဟုတ်၊ ဖြစ်သည်လည်း မဟုတ်ဟု ယူ၏။
ဤကဲ့သို့ သူတို့၏ အယူအဆကို ငါ့အယူသာမှန်၏ အခြားအယူအဆမျာကိုကား အားလုံး အမှားချည်းသာဟု ထုတ်ဖော်ပြောဆိုကြကုန်၏။
သူတို့အချင်းချင်း အယူအဆ မည်မျှပင် မတူစေကာမူ တူညီမှုတရပ်မှာ ငါ့အယူသာ အမှန် အခြားအယူအားလုံးအမှားချည်းဟု လေနံဓားထစ် ဆုတ်ကိုင်ထားမှုဖြစ်သည်။
တိတ္ထိတို့က မိမိတို့အယူကို အသီးသီး တင်ပြပြီးနောက် ကျောင်းဒကာကြီးက မိမိကတိအတိုင်း ကိုယ်အယူကို တင်ပြလေသည်။
“ အရှင်တို့ အရှင်တို့အထဲမှ တစ်ပါးသော ပုဂ္ဂိုလ်သည် ဤလောကကြီးသည်မြဲ၏ဟု ဆိုခဲ့၏၊ ထိုအဆိုကို တပည့်တော်က အမှားအမှန် မဝေဖန်လိုပါ၊ သူ့သဘောရှိနေသော လောကကြီးကို တပည့်တော်က မြဲသည်၊ မမြဲသည်လုပ်၍ ခေါင်းရှုပ်မခံချင်ပါ၊ တပည့်တော် နားလည်ထားသည်မှာ ဤသို့ တစ်ထစ်ချ ယူစွဲထားခြင်းသည်ပင် အမြင်မှားခြင်း ဖြစ်နေပါသည်။ တရားကိုယ်ကောက်လျှင် ဒိဋ္ဌိစေတသိက်ကို ရပါသည်။
ထိုဒိဋ္ဌိစေတသိက်သည် မိမိကိုယ်တိုင်က မသင့်မတင့် နှလုံးသွင်းမိ၍လည်းကောင်း၊ သူတစ်ပါး၏ ပြောကြားချက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် မဝေဖန်ဘဲ လက်ခံစွဲယူလိုက်မိ၍လည်းကောင်း ဖြစ်ပေါ်လာရပါသည်။
ထိုဒိဋ္ဌိစေတသိက်သည် အစဉ်ထာဝရ တည်နေနိုင်သော တရားမဟုတ်ပါ၊ သူအလိုအလျောက်ပေါ်လာရိုးမရှိပါ၊ အထက်ပါအကြောင်းနှစ်ရပ်ဖြင့် စေ့ဆော်ပြုလုပ်ပေးပါမှ ဖြစ်လာရသော တရားဖြစ်ပါသည်။ အကြောင်းကိုစွဲ၍ ဖြစ်ပေါ်လာသော အကျိုးတရားဖြစ်ပါသည်။ အကြောင်းရှိမှ ပေါ်လာရသော တရားဖြစ်၍ ထိုဒိဋ္ဌိစေတသိက်သည် အမြဲမရှိပါ၊ မမြဲသော သဘောသည်ပင် ဆင်းရဲဒုက္ခဖြစ်နေပါသည်။
ထို့ကြောင့် အယူဝါဒရှင်သည် ကိုယ့်အယူနှင့်ကိုယ် ဆင်းရဲတွင်း သက်ဆင်းနေပါသည် ဘုရား..”
လောကကြီး မြဲပါသည်ဟု ယူစွဲထားသော ပုဂ္ဂိုလ်ကို ဤကဲ့သို့ လျှောက်ထားပြီးနောက် ဆက်လက်၍ လောကကြီး မမြဲပါဟု ယူစွဲသော ပုဂ္ဂိုလ်ကိုလည်း ဤနည်းအတိုင်းပင် ကျောင်းဒါယကာကြီးက လျှောက်ထားခဲ့၏.။
ဤနေရာတွင် စဉ်းစားရန်ရှိနေပါသည်။ လောကကြီး မြဲပါသည်ဟု ယူစွဲထားခြင်းသည် အမြင်မှားသက်သက်ဖြစ်၍ ဒိဋ္ဌိဟု ဆိုရပါမည်။ ဤအဆိုကို အလွယ်တကူ လက်ခံနိုင်ကြမည်ဖြစ်သော်လည်း နောက်တစ်မျိုး(လောကကြီးမမြဲ)အတွက်ကား အတွေးခက်စရာ ရှိလာပါသည်။
ဘုရားရှင် ကိုယ်တော်တိုင်က သင်္ခါရတရားမှန်သမျှ မမြဲကြောင်း ဟောတော်မူခဲ့၏။ ယခု ပုဂ္ဂိုလ်ကလည်း သင်္ခါရလောကကြီး၏ မမြဲပုံကို တင်ပြထားပါ၏။ သို့ပါလျက် သူ့အယူကို အဘယ်ကြောင့် ဒိဋ္ဌိစာရင်းထဲ ထည့်လိုက်ရပါသနည်း။
ဤသို့ စဉ်းစားရခက်နေပါက ကျောင်းဒါယကာကြီး၏ စကားထဲမှာပင် အဖြေရှာကြစေလိုပါသည်။ ဤလောကကြီးကို မြဲ၏ဟု ဆိုချင်ဆို မမြဲပါဘူးဟု ဆိုချင်ဆို၊ ဤအဆိုများကို ကျောင်းဒါယကာကြီးက အမှားအမှန် မဝေဖန်ပါ။ သူဘာသာရှိနေသော လောကကြီးကို မြဲသည် မမြဲသည် လုပ်၍ အလုပ်ရှုပ်ခံမနေပါ။ မိမိနှစ်သက်သော အချက် တစ်ခုခုအပေါ်မှာ လှေနံဓားထစ် စွဲယူထားခြင်းကိုသာ ဒိဋ္ဌိဟုကောက်ယူခြင်းဖြစ်ပါသည်။ မိမိနှစ်အယူသာမှန်၏၊ အခြားအယူများလုံးဝ မမှန်ဟူသော စကားရပ်များကလည်း ဤသို့ ကောက်ယူရန် လမ်းညွှန်လျက်ရှိပေသည်။
ဤသို့အားဖြင့် မမြဲသော လောကကို မမြဲဟု စွဲယူထားသော ငါ့အယူ ငါ့အမြင် ငါ့တရား စသည်ဖြင့် ငါ တစ်လုံးကို ရှေ့တန်းတင်လိုက်သည်နှင့်တပြိုင်နက် ဒိဋ္ဌိစာရင်း ၀င်သွားရတော့၏။ သူဆိုသည့်အတိုင်း လောကကြီး မမြဲသည်မှာကား အမှန်ဖြစ်၏။ သို့သော် အမှန်ပေါ်တွင် ဉာဏ်မကပ်လာသရွေ့ကား အမှန်တရားက မကယ်နိုင်ပါ။ အမှန်ကို လက်ကိုင်ထားကာ ငြင်းခုံနေရင်းပင် ဒိဋ္ဌိလက်တွင်း သက်ဆင်းရပေသည်။
ထို့ကြောင့် ကျောင်းဒါယကာ အရိယာသာဝကကြီးသည် ဒိဋ္ဌိ၏ လက်ညှိုးညွှန်ပြရာနောက်သို့ လိုက်ပါ၍ ကြည့်မနေတော့ဘဲ လက်ညှိုးညွှန်ပြနေသော ဒိဋ္ဌိကိုသာ တိုက်ရိုက်ကြည့်ခဲ့၏။
လက်ညှိုးညွှန်ပြထားသော လောကကြီး မြဲ၊ မမြဲ ခေါင်းရှုပ်ခံ စဉ်းစားမနေတော့ဘဲ ညွှန်ပြနေသော လက်ညှိုးကိုသာ တိုက်ရိုက်ကြည့်၍ လျှောက်ထားလိုက်ပေသည်။
ဤသို့ အချက်ကျကျ လျှောက်ထားပြီးလျှင် မိမိကိုယ်တိုင် ဒုက္ခချုပ်ရာစခန်းသို့ တက်လှမ်းခဲ့ပုံကို တိတ္ထိတို့အား ကျောင်းဒါယကာကြီးက လျှောက်ထားခဲ့ပေသည်။
တိတ္ထိတို့ကား ခေါင်းငိုက်စိုက်ကျလျက် မျက်နှာငုံ့ကာ ကြံမှိုင်တွေဝေပြီး ပြောစရာစကားကို ရှာကြံမရရှိကြလေတော့သည်။
ဤအကြောင်းအရာကို ဗုဒ္ဓမြတ်စွာအား ကျောင်းဒကာက ပြန်လည်လျှောက်ထားရာ အထက်တွင် ဖော်ပြခဲ့သည့် မိန့်ခွန်းတော်ကို မိန့်တော်မူခဲ့ပါသည်။

ကိုးကား ။    ။ (အင်္ဂုတ္တိုရ်၊ တတိယတွဲ-နှာ၄၀၆-၉၊ နှင့် ညီတော်အာနန္ဒာ၏ တသက်တာမှတ်တမ်း(၀ဏ္ဏသိရီ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ