ဒီနေ့မနက်ခင်းမှာပေါ့ ကော်ဖီသောက်လိုက်လို့ ထင်ပါရဲ့ ဦးခေါင်းကို တစ်စုံတစ်ယောက်က ဝှေ့ရမ်းကစားနေသလို ခံစားနေရတယ်၊ နောက်ကျုနေတယ်ပေါ့။ ဆင်ကြည်စားရာ ဆိတ်မခံသာဆိုတာလို အခံရခက်လိုက်ပါဘိ။
သို့ပေမယ့် "တယ်ဆိုးတဲ့ ကော်ဖီပါလား" လို့ ကော်ဖီကို အပြစ်တင်ဖို့က အခက်သား၊ ကိုယ်ကိုယ်တိုင် ကော်ဖီကို ယုံကြည်မြတ်နိုးစွာနဲ့ မိမိအသွေးအသားထဲကို ၀င်ခွင့်ပေးခဲ့တာကိုး။
ခုတော့ မိမိ ခန္ဓာကိုယ်ရဲ့ အထွဋ်မြတ်ဆုံးဖြစ်တဲ့ ဦးခေါင်းကို ဆော့ကစားနေတာကိုပဲ ဒီအတိုင်းကြည့်နေရုံကလွဲလို့ ဘာတတ်နိုင်ဦးမှာလည်းလေ….
တကယ်တော့ ကော်ဖီကို မိမိက ခွန်အားအဖြစ် အသုံးပြုဖို့ အားကိုးခဲ့တာ၊ ခုတော့ အားနည်းချက်ကို ကြည်စယ်နေပြီပေါ့..လို့ ပေါတောတော အတွေးကို တိခနဲ ဖြတ်ပေမယ့် ရေကို ဓားနဲ့ ခုတ်ဖြတ်သလို အရာမထင်…။
လေသည် တောမီးကို ဆွပေး၏၊
သို့သော် ဘုရားမီးကို ငြိမ်းသတ်လိုက်သည်။
ဆိုလိုရင်းမှာ---
အားနည်းသူကို မည်သူမျှ မကူညီချင်ကြပေ၊
ထို့ကြောင့် အင်အား စုဆောင်းထားရမည်။ တဲ့
မှန်လိုက်တဲ့ နီတိအဆိုအမိန့်ကလေးပါလားဟရို့ လို့ အထက်က နီတိစာသားလေးကို ထောက်ခံမဲပေးလိုက်အပြည့်ပေးလိုက်မိတယ်၊
ဟုတ်တယ်၊ ခန္ဓာကိုယ်အင်အားနည်းနေတဲ့အချိန်မှာ အလွန်ကောင်းမွန်ပြီး အဆီသြဇာပြည့်ဝပါတယ်ဆိုတဲ့ အစာဟာ ခွန်အားမဖြစ်ပဲ ဆိုးကျိုးပေးတတ်တယ်မဟုတ်လားလေ…။
ဒါနဲ့ဆက်စပ်ပြီး အင်္ဂုတ္တိုရ်မှာလာတဲ့ ဒုက္ကထာသုတ်ကလေးကို ပြေးပြီး မြင်ယောင်မိပြန်တယ်၊
အဿဒ္ဓဿ, ဘိက္ခဝေ, သဒ္ဓါကထာ ဒုက္ကထာ
သဒ္ဓါမရှိသူအား သဒ္ဓါနှင့်စပ်သောစကားသည် စကားကောင်းမဟုတ်။
ဒုဿီလဿ သီလကထာ ဒုက္ကထာ
သီလမရှိသူအား သီလနှင့်စပ်သောစကားသည် စကားကောင်းမဟုတ်။
အပ္ပဿုတဿ ဗာဟုသစ္စကထာ ဒုက္ကထာ
သုတမရှိသူအား သုတနှင့်စပ်သောစကားသည် စကားကောင်းမဟုတ်။
မစ္ဆရိဿ စာဂကထာ ဒုက္ကထာ
နှမြောဝန်တိုသူအား စာဂနှင့်စပ်သောစကားသည် စကားကောင်းမဟုတ်။
ဒုပ္ပညဿ ပညာကထာ ဒုက္ကထာ။
ပညာမရှိသူအား ပညာနှင့်စပ်သောစကားသည် စကားကောင်းမဟုတ်။
(အံ-၂၊ ၁၅၉) တဲ့
ဒါကြောင့် သဒ္ဓါအင်အား သီလအင်အား၊ သုတအင်အား၊ စာဂ(စွန့်လွတ်မှု)အင်အား၊ ပညာအင်အားတွေ ကိုယ်ဆီမှာ ရှိနေဖို့ လိုအပ်တယ်ပေါ့…
တောမီးလို အင်အားရှိနေမှ လေဟာ ကိုယ့်မိတ်ဆွေဖြစ်မယ်၊ ဘုရားမီးလို အင်အားချိနေရင်တော့ လေဟာ ကိုယ့်ရန်သူဖြစ်သွားမှာပါ။
မိမိ ရင်ထဲက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဆိုတဲ့ ဘုရားမီးတွေကိုတော့ ခဏခဏ လေအတိုက်ခံနေရပါတယ်၊ လေအတိုက်ခံလိုက်ရတိုင် ငြိမ်းသွားစမြဲပါပဲလေ…ဟုတ်တယ်လေ မိမိရင်ထဲက သဒ္ဓါစတဲ့တရားတွေကို တောမီလိုမှ အားမကောင်းတာကိုး…
တော်သေးတာပေါ့ လေတိုက်လို့ ငြိမ်းသွားတိုင်း သတိ-ဆိုတဲ့ မီးခြစ်ကလေးနဲ့ ပြန်ပြန်ပြီး ထွန်းညှိပေးခွင့်ရနေလို့ မိမိရင်ထဲမှာ ဘုရားမီးလေးတွေ ဆက်လက် ရှင်သန်နေနိုင်တာ။
နောက်ဆိုရင် ဘယ်လောက်ကြမ်းတမ်းတဲ့ လေမုန်းတိုင်းဖြစ်စေ ရင်ထဲက ဘုရားမီးကလေးကို အနှောက်အယှက်မပေးနိုင်အောင် သမာဓိ ဖန်မီးအိမ်လေးတစ်လုံး လိုချင်လိုက်တာ….
ဒီလိုတွေးလိုက်လို့ ထင်ပါရဲ့ ကော်ဖီကြောင့် ခံစားနေရတဲ့ နောက်ကျုဝှေ့ရမ်းမှုကလေးက တဖြည်းဖြည်းနဲ့ တပ်ဆုတ်သွားကြလေပြီလေ….
