နောက်ဆုံးသွားရာလမ်း
သာသနာတော်ဟာ အမြဲတမ်း
တည်တံ့ ခိုင်မြဲနေမှာ မဟုတ်ဘူး၊ နောက်ဆုံးကာလ
ကွယ်ပျောက်မှာ မလွဲဘူး၊ သာသနာတော်ကြီး မကွယ်ပျောက်ခင် မိမိတို့ တစ်ဖက် တစ်လမ်း ကနေ
စောင့်ထိန်းရမယ်၊ သာသနာတော်ကြီးဟာ ပြောင်းလဲနေတယ်၊ မတည်မြဲဘူး၊
တကယ့် ရဟန္တာများ လက်ထက်ကတောင် ပြောင်းလဲနေသေးတယ်၊ ခုခေတ်ပုဂ္ဂိုလ်များ လက်ထက်မှာ
ပြောစရာ မလိုတော့ဘူး။
မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံသွားပေမယ့်
ဟောကြား ဆုံးမတော်မူတဲ့ တရားဒေသနာ တော်တွေ များစွာကျန်ခဲ့တယ်၊ အဲဒီ တရားတော်တွေအတိုင်း
ပြောဆိုနေထိုင်သွားရင် နိဗ္ဗာန်နဲ့ မဝေးဘူး၊ နီးဖို့ရန်သာ အကြောင်းရှိပါတယ်၊ ဗုဒ္ဓတရားတော်တွေကို
သိနေတဲ့သူဟာ သေရမှာကို မကြောက်ပါနဲ့၊ သေရမှာ ကြောက်သူဟာ တရားတော်ကို အထင်သေးရာ ရောက်နေပါတယ်၊
ဒါ့ကြောင့် မတည်မြဲနိုင်တဲ့ သာသနာတော်ကြီးမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းထားလိုက်ရမယ်။
လူတွေက
တို့ဘုန်းကြီးတွေရဲ့ အပေါ်မှာ ဒုက္ခနဲ့ ကြုံတွေ့မှ အရေးပါကြတယ်၊ သူတို့မှာ ကျန်းမာ ချမ်းသာစွာနဲ့
သား သမီး စည်းစိမ် ဥစ္စာ ရတနာတွေကို ပျော်တပြုံးပြုံး သုံးဆောင် ခံစားနေရတဲ့အချိန်မှာတော့
တယ်သတိမရကြဘူး၊ မိမိတို့ အိမ်ထောင်ရေး အဆင် မပြေလို့ဘဲ ဖြစ်ဖြစ်, စီးပွားဥစ္စာ မရှာကြံနိုင်လို့
သားကမုန်း သမီးကကန်း လုံးလုံးမှ အသုံးမကျတဲ့ဘဝကို ရောက်နေတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်,
မိမိတို့မှာ အန္တရာယ်ကြမ္မာဆိုးတွေနဲ့ ကြုံ တွေ့နေရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒီအခါမျိုးကျမှ
အမှတ်ရတတ် ကြတယ်၊ တွေ့လိုမြင်လို ကြည်ညိုလိုကြတယ်၊ အမှန်တကယ်တော့လဲ ဘုန်းကြီးများရဲ့
သာသနာက ရုပ်သေးမင်းသမီး မင်းသားတွေလို အစစ်မဟုတ်ဘဲ အတုတွေဖြစ်နေကြလို့ပဲ။
အန်ဖတ်စားရသည့်နှယ်
တို့က
လူတွေရဲ့ မလိုလဲလိုလဲအသုံး ပြုနေတာကို ပြုံးပြုံး ပြုံးပြုံးနဲ့ နေလို့ကို မဖြစ်ဘူး၊
တို့ ခွေးတွေဟာ လူတွေ မစားချင်တော့လို့ စွန့်ပစ်တဲ့ ထမင်းကျန် ဟင်းကျန်တွေကို စားကြရ
သောက်ကြရတယ်၊ ဒီခွေးတွေကို လူတွေကသာ မကျွေးဘဲ ထားကြည့်စမ်းပါလား၊ သူတို့အဖို့ စားစရာလမ်း
မရှိတော့ဘူး၊ သတ္တဝါတွေမှာ နေရေးထက် ဝတ်ရေးခက်တယ်၊ ဝတ်ရေးထက် စားရေးခက် တယ်၊ နေဖို့ရာ
ဌာနက မခဲယဉ်းဘူး၊ ဘယ်နေရာ ကပ်နေနေ ရနိုင်သေးတယ်၊ စားရေးအတွက်က ကပ်နေလို့ မရချင်ဘူး၊
ဒါကြောင့် သတ္တဝါတွေဟာ စားရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခ တွေ ဖြစ်ပွားနေကြရတယ်။
တို့ဘုန်းကြီးတွေမှာလဲ လူတွေရဲ့ အစားအသောက်,
အဝတ် အစားထဲက ပိုလျှံမှ စားကြရတယ်၊ ဝတ်ကြရတယ်၊ နေကြရတယ်၊ ဒါကို တို့က လောဘတွေ, ဒေါသတွေနဲ့
မြိန်ရေ ရှက်ရေ စားလို့ သေလို့ ဖြစ်ပါ့မလား၊ မဖြစ်ပါဘူး၊ တစ်ပါးနဲ့ တစ်ပါး ကျောင်းတွေ
လုနေလို့ကော သင့်တော်ပါ့မလား၊ တို့မှာက လူတွေက ကျွေးတဲ့ ပစ္စည်းလေးပါးကို မြိန်ရေရှက်ရေ
သုံးဆောင်နေလို့ မသင့်ဘူး၊ ဒီလိုသာ သုံးဆောင်နေရင် အန်ဖတ်တွေ စားပြီး အပါယ်လေးပါး သွားကြရမှာ
အလွန် ဝမ်းနည်းစရာ ကောင်းတယ်။
ဘာဝနာမပါ ကြောက်စရာ
ဒါကြောင့် ကိုရင်တို့ ဦးပဉ္စင်းတို့ ဒီအန်ဖတ်တွေ စားပြီး သာယာမနေကြနဲ့၊ ဝမ်းသာမနေ ကြနဲ့၊ လောဘ ဒေါသတွေ
ဖြစ်မနေကြနဲ့၊ အစာ အာဟာရ စသည်မှာ အာဟာရပဋိကူလ သညာ ဖြစ်လောက်အောင် ကြိုးစားကြရမယ်၊ စားသောက်ကြရမယ်၊
မိမိရဲ့ ရုပ် နာမ်ခန္ဓာ တရားနှစ်ပါးအပေါ်မှာ သံဝေဂ ရစရာတွေ ရှာဖွေပြီး အားထုတ်ကြရမယ်၊
ဒီလို
အမြဲမပြတ် အားထုတ်သွားမယ်ဆို ရင် ဘဝသံသရာအတွက် ကြောက်စရာ မရှိဘူး၊ အားမထုတ်ဘဲ ဘာဝနာမပါဘဲ
လူတွေရဲ့ ထွေးအန်ဖတ်တွေကို နေ့စဉ် စား သုံးပြီး သွားမယ်ဆိုရင် သံသရာအတွက် မတွေးဝံ့အောင်ဘဲ၊
အလွန်ကြောက်စရာ ကောင်းတယ်။
ကိုယ့်လမ်းကိုယ်မြင် ကိုယ်တီထွင်
သတ္တဝါတို့ရဲ့ သံသရာသွားလမ်းဟာ နှစ်လမ်းပဲ ရှိတယ်၊
သုဂတိလမ်းနဲ့ ဒုဂ္ဂတိလမ်း၊ ဒီနှစ်လမ်းပဲ ရှိတယ်၊ ဒီနှစ်လမ်းမှာ သတ္တဝါ တွေက ဘယ်လမ်းကို
အလိုက်များနေသလဲ၊ ဒါကို စဉ်းစားကြ ရမယ်၊ ဒုဂ္ဂတိလမ်းဘက်ကို လိုက်နေကြတာက များမနေ ဘူးလား၊
သိပ်များနေတယ်၊ သတ္တဝါတွေက သုဂတိလမ်း ဘက်ထက် ဒုဂ္ဂတိလမ်းဘက်ကို ခြေဦးလှည့်နေကြတာက များတယ်၊
ကိုယ့်လမ်းကိုယ်
မြင်အောင်ကြည့်ကြ၊ ငါသွားမယ့် လမ်းဟာ ဘယ်လမ်းလဲ၊ ငါ့ရဲ့ ခြေထောက်တွေဟာ သုဂတိ ဘက်ကို
ဦးတည်နေသလား၊ ဒါမှမဟုတ် ဒုဂ္ဂတိဘက်ကို ဦးတည်နေသလား၊ ဒါကို မျက်ခြေမပြတ် ကြည့်ပေးကြ၊
ဒီလမ်းကို ဘယ်သူကမှ ထွင်ပေးနေတာ မဟုတ်ဘူး၊ ကိုယ့် ဘာသာ ကိုယ်ထွင်နေကြတာပဲ။
လမ်းဖြောင့်လမ်းမှန် ရွေးဖို့
အရေးကြီး
ဒီနေရာမှာ လမ်းဖြောင့်ကို ရွေးဖို့
အရေးကြီးတယ်၊ စာပေကျမ်းဂန်တွေကို အမှားမှား အယွင်းယွင်း လေ့လာပြီး တရားအားထုတ်
အဟုတ်ကျင့်တဲ့အခါ မိမိ မှားယွင်းစွာ လေ့လာထားတဲ့အတိုင်း ကျင့်ကြတယ်၊ ဒီလို ကျင့်ကြတော့
လမ်းဖြောင့်မရဘဲ လမ်းကောက်သို့ ရောက်ကြရတာပေါ့။
မိမိကောက်နေတဲ့ လမ်းကို ဖြောင့်အောင် ပြုပြင်ဖို့ရန်
လိုတယ်၊ စာပေပညာ အမျိုးမျိုး ရှိတယ်၊ စာရေးတဲ့ ပုဂ္ဂိုလ်တွေက အမှားဘက် လမ်းညွှန်ထားရင်
ကြည့်ရှုတဲ့ ပုဂ္ဂိုလ်တွေ မှာလဲ အမှားမှား အယွင်းယွင်း ဖြစ်ကြရတယ်၊ ဒါကြောင့် စာပေရေးသားတဲ့
ပုဂ္ဂိုလ်တွေဟာ အရေးကြီးတယ်၊ ရေးတဲ့ စာတွေကို ကြည့်ရှု မှတ်သား လေ့လာကြတဲ့ ပုဂ္ဂိုလ်တွေလဲ
အရေးကြီးတယ်၊
စာပေကို
လေ့လာမှတ်သားကြတဲ့အခါ ကိုယ့် ဉာဏ်နဲ့ကိုယ် နှိုင်းချိန်ပြီး ဒါကတော့ မှန်တယ်၊ ဒါကတော့
မှားတယ် စသည်ဖြင့် အမှား အမှန် လမ်းဖြောင့် လမ်းမှန်ကို ရွေးချယ်ဖို့ အရေးကြီးတယ်။
သာသနာ့တာဝန်ကို လေးလေးပင်ပင်ထမ်းကြ
ဘုရားသာသနာတွေ့တဲ့အခါ ကိုရင်တို့ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ လေးလေးပင်ပင်နဲ့
ကြိုးစားအား ထုတ်ကြ၊ လောကကြီးမှာ သတ္တဝါ အကျိုးကို သယ်ပိုး ရွက်ဆောင်တဲ့ ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်တွေဟာ ပေါ်လာစမြဲ ဖြစ်တယ်၊ ထိုပုဂ္ဂိုလ်များဟာ အတ္တဟိတ-မိမိအကျိုး ပြည့်စုံ
ပြီး၊ ပရဟိတ-သူတစ်ပါးအကျိုး, သတ္တဝါများ၏အကျိုး သယ်ပိုးဆောင်ရွက်ကာ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်း
ဆောင်ရွက်ကြတယ်၊ ကိုရင်တို့ကလဲ အားသွန်ကြိုးပမ်း ဆောင်ရွက်ကြ။
ထိုက်သူပန်
လောကီရတနာထက် ဘုရားရှင်ရတနာကပိုပြီး တန်ဖိုးရှိတယ်၊ တန်ဖိုး
မဖြတ်နိုင်ဘူး၊ ဘုရားရတနာဟာ ဘဝအဆက်ဆက် ပါရမီဖြည့်သူများသာ ပန်ဆင်နိုင်တယ်၊ လောကီရတနာတွေဟာ
ကံထိုက်သူများသာ ရသလို ဘုရားရတနာကိုလဲ ထိုက်သူများသာ ပန်ဆင်နိုင်တယ်၊ အာရုံယူနိုင်တယ်။
နာမည်ကြီးတာ
ချမ်းသာတာလား
လောကကြီးက နာမည်ကြီးလာရင် ဟုတ်တယ်လို့ ထင်ကြတယ်၊
တစ်သက်လုံး နာမည်ကြီးလာပေမယ့် သဘာဝကတော့ တယ်မဟုတ်လှပါဘူး၊ ဘုန်းကြီးရဲ့ဘဝဟာ
ချမ်းသာတဲ့ဘဝ မဟုတ်ပါဘူး၊ ပါရမီဖြည့်တဲ့ဘဝကတော့ ဟုတ်ပါတယ်၊ ဘဝ သံသရာမှာ ပါရမီဖြည့်တယ်ဆိုရင်
ကျန်းမာရေး ဂရုစိုက်ကြရတယ်၊ သက်တော့ မသက်သာဘူး၊
ဒါပေမယ့်
စိတ်ကို ထိန်း ပေးကြ၊ နာမည်ကြီးအောင် မလုပ်ကြနဲ့၊ နာမည်ကြီးတာကို အချို့က ချမ်းသာတယ်လို့
ထင်ကြတယ်၊ အမှန်ကတော့ မချမ်းသာပါဘူး၊ တော်ကြာ ဟိုက လာ, ဒီက လာနဲ့ ဒုက္ခ တော်တော်များတယ်၊
သူတို့ကို ဟောရ ပြောရလို့ ကုသိုလ် တော့ ရပါတယ်၊ တာဝန်ကတော့ တော်တော်ကြီးတယ်၊ ခု ထိုက်တန်တဲ့
တာဝန်ကြီးကို ထမ်းရွက်နေတာဟာ နည်းတဲ့ တာဝန်ကြီး မဟုတ်ပါဘူး။
နာမည်ကြီးရင် တာဝန် ပိုကြီး
နာမည်ကြီးရင် တာဝန်တွေကလဲ ပိုပြီး ကြီးလာတယ်၊
တာဝန်ဆောင်ပိုင်းတွေမှာလဲ ပိုပြီး အလုပ်ရှုပ်လာတယ်၊ ခု သံဃာတွေက များ လာတယ်၊ သံဃာများတော့
တာဝန်ပိုင်း ဆိုင်ရာ လုပ်ငန်းတွေ ကလဲ ပိုများလာတယ်၊ မသက်သာပါဘူး၊ ကိုယ်တော်တို့ ကောင်းကောင်းနေနိုင်မှ
ဒီကျောင်းကို နေကြပါ၊ ဆိုင်ရာဆိုင်ရာ အုပ်ချုပ်နေတဲ့ ကျောင်းဘုန်းကြီးတွေကလဲ ဘယ်ပုဂ္ဂိုလ်
ဟာဖြင့် သူတော်ကောင်းစိတ် မရှိဘူးထင်ရင် မထားကြနဲ့၊ ပြန်လွှတ်ကြ။
ကိုယ့်အောက်ကို မကြည့်နဲ့
ဘယ်သူမဆို
တာဝန်ဆောင်တဲ့ ပုဂ္ဂိုလ်ဟာရှေ့ကြည့်ယ နောက်ကြည့် အရှည်ကို ကြည့်ရတယ်၊ မိမိ မျက်စိအောက်တစ်ဝိုက်လောက်တွင်
မကြည့်ရဘူး၊ မျက်စိဟာ ရှင်နေရတယ်၊ ဒါကြောင့် တာဝန်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိရဲ့
မျက်စိတွေကို ဖြန့်ကြည့်ကြပါ၊ ကိုယ့်အောက်တွင် ကိုယ်မကြည့်ပါနဲ့။
လူတွေ မျက်စိ မှောက်နေကြ
ကိုရင်တို့ စာတတ်နေရုံနဲ့မပြီးဘူး၊ သီလဝန္တစာတတ်တွေ
ဖြစ်လာအောင် ကြိုးစားအားထုတ်ကြရမယ်၊ ဒါမှ သာသနာတော်ကြီး ကျက်သရေ ရှိမယ်၊ ခုခေတ် လူတွေ
မျက်စိမှောက်နေကြတယ်၊ လောဘ, ဒေါသတွေ ကြီးနေတယ်၊ ခုခေတ် တိုးတက်နေတာ တော့ လောဘ, ဒေါသတွေ
တိုးတက်နေတာပဲ၊ ဆွေမျိုး အချင်းချင်း ဂုဏ်တု ဂုဏ်ပြိုင်တွေ ပြုကြ၊ အလှူအတန်းတွေ ဆိုလဲ
ပကာသနတွေ ဖက်ပြီး စားနေကြ၊ လောဘ, ဒေါသတွေ တိုးတက်နေတာ၊ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာတွေ
မဟုတ်ဘူး။
အိပ်မက်ကောင်း မလာနိုင်
နူးနူးညံ့ညံ့ မနေရဘူးလို့
ဘုန်းကြီးက မက်မဆိုလိုပါဘူး၊ အကုသိုလ်တွေ
တိုးတက် လာပုံကိုသာ ဘုန်းကြီး ပြောလိုရင်း ဖြစ်တယ်၊ အမှန်ကတော့ ခုတင်အကောင်းနဲ့ အိပ်လဲ
ဒီလူပဲ၊ မကောင်းတာနဲ့ အိပ်လဲ ဒီလူပဲ၊ ခုတင်အကောင်းနဲ့ အိပ်ရုံနဲ့ အိပ်မက်ကောင်း မက်မလာနိုင်ဘူး၊
အပို အသုံးအဆောင်တွေ တိုးတက်နေခြင်းဟာ လောဘ, ဒေါသတွေ အားကြီးနေလို့ မကောင်းဘူး၊ ခမ်းခမ်းနားနားနဲ့
နေဖို့ရန် မစဉ်းစားကြနဲ့၊ သေသွားရင် ဂုဏ်ပကာသနတွေက ပါလာမှာ မဟုတ်ဘူး။
ကိုရင်တို့ ပါရမီဖြည့်တယ်ဆိုတာ ဒီဘဝရဖို့ရာ
မဟုတ်ဘူး၊ ဘဝသံသရာအတွက်လဲ မဟုတ်ဘူး၊ နိဗ္ဗာန်အတွက်ပဲ၊ ပါရမီဟာ မြင့်မြတ်သော ပုဂ္ဂိုလ်တို့ရဲ့
လုပ်ငန်းဖြစ်တယ်၊ ဘာပဲဖြစ်ဖြစ် အတွေးအခေါ်ဆိုတာ ကိုယ်တိုင်လဲ ရှိရတယ်၊ ကိုယ်နဲ့ စပ်ဆိုင်တဲ့
ဒါယကာ ဒါယိကာမတွေကိုလဲ ရှိစေရမယ်၊ လိမ္မာအောင် စာသင်ကြ၊ တကယ်လဲ အမြော်အမြင် ရှိကြ၊ တို့
အားလုံးရဲ့ မျက်လုံးများသဖွယ် နေတဲ့ ပိဋကတ်ကျမ်း တွေသာ မရှိရင် အကန်းတွေ ဖြစ်ကုန်ကြမှာပဲ။
မျက်စိတစ်ဖက် ကန်းနေသူများ
အနောက်နိုင်ငံသားတွေဟာ တို့မြန်မာတွေနဲ့
နှိုင်းယှဉ်လိုက်ရင် သိပ္ပံပညာဘက် ဆိုင်ရာမှာတော့
ထိပ်တန်းပညာရှိတွေပါပဲ၊ ဒါပေမယ့် ကိုယ့်နိုင်ငံ တိုးတက်ဖို့ရာနဲ့ ကိုယ့်လူမျိုး ကြီးပွား
ဖို့လောက်ကိုသာ မြင်နေကြတယ်၊ ဒီဘဝ ကောင်းစားရေး ကိုသာ ဦးစားပေးပြီး ကြည့်ကြတယ်၊ လာမယ့်
သံသရာ အတွက်ကို သူတို့ မမြင်ကြဘူး၊
အဲဒီလို
တစ်ဖက်က သိပံ္ပ ပညာရပ် ထွန်းကားနေပေမယ့် တရားတော်အနေနဲ့ကတော့ တစ်ဖက်က ကင်းမဲ့နေပြန်တယ်၊ ကိုရင်တို့
ဦးပဉ္စင်းတို့ ဝတ်တတ်, စားတတ်, ဆက်ဆံတတ်ရတယ်၊ ဘဝသံသရာမှ နိဗ္ဗာန်အထိပါအောင် လုပ်ကြ၊
လက်ကလွတ် ခြေကမြဲဆိုသလို ပညာရေးအနေနဲ့ ညံ့နေပေမယ့်
တရားဘက်ကတော့ မြဲမြဲ ကိုင်ထားကြ၊ အသက်ရှည်ရှည်နဲ့ ကျန်းမာရေးကောင်းအောင် ကိုယ်တိုင်
ပြုလုပ်ကြ။
ပရိယတ်, ပဋိပတ် စုံပါစေ
တချို့ပုဂ္ဂိုလ်တွေက
ကိစ္စတစ်ခုကို ကြီးကြီးကျယ်ကျယ် လုပ်ချင်ကြတယ်၊
တချို့က တော့ ကြီးကြီးကျယ်ကျယ် မလုပ်ချင်ကြဘူး၊ ကြီးကြီးကျယ်ကျယ် သိုင်းသိုင်းဝိုင်းဝိုင်း
လုပ်ချင်ကြတာ ဟာ နုတဲ့ လူတွေ လုပ်ချင်ကြတာ၊ ဒါတွေဟာ အပေါ်ယံ အကာဖုံးနေတဲ့ ပကာသနတွေပဲ၊
တချို့က
ပရိယတ္တိသာသနာကို အထင်သေးပြီး ပဋိပတ္တိကို အဟုတ်ထင်ကြတယ်၊ ပဋိပတ် မှာ ပရိယတ်ပါမှ ဖြစ်တယ်ဆိုတာကို
စဉ်းစားဖို့ ကောင်းတယ်၊ အမှန်ကတော့ ပရိယတ် ပဋိပတ် စုံနေမှ နိဗ္ဗာန် သွားရာလမ်းဟာ ဖြောင့်မယ်၊
ပရိယတ်ချည်း ကြိုးစား အားထုတ်နေပြန်လို့ ရှိရင်လဲ ဂုဏ်ပကာသနဘက် လိုက်ပြီး ပဋိပတ်ဘက်က
ကင်း လွတ်သွားမယ်။
နောက်ဆုံး သွားရာလမ်း
လူတွေရဲ့ နောက်ဆုံးသွားရာလမ်းဟာနိဗ္ဗာန်ပဲ၊ နိဗ္ဗာန်ကို မရောက်ခင် စပ်ကြားမှာ သံသရာကြီးထဲ ကျင်လည်ကြရဦးမှာပဲ၊ ဒီလိုကျင်လည် ကြရတာကလဲ
အလုပ်ကို တကယ်တမ်း အားကြိုးမာန်တက် မလုပ်ကြလို့ ဖြစ်တယ်၊
လူတွေက
ပကာသနတွေ ခြယ်လှယ် ထားတဲ့ အသိုင်းအဝိုင်းနဲ့ ဂုဏ်များကို မြတ်နိုးခင်မင် နှစ်သက် တယ်၊
ရအောင်လဲ လုပ်ကြတယ်၊ ဒီလိုသာဆိုရင် သတ္တဝါတွေ သံသရာကြီးမှ မလွတ်ဘဲ ကျင်လည်ကြရဦးမှာ၊
ကိုရင်တို့ အလုပ်ကို ကြိုးစားလုပ်ကြ၊ တရားကို မမေ့ကြနဲ့၊ ကဲ ... တော်ပြီ၊ သွားကြတော့။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊
အမှတ်(၁)
(၁၉၈၀၊ မတ်လ)