နတ်ပြည်ကို မလိုက်ချင်
ဘုရားသာသနာမှာ သက်သာစွာ မနေကြနဲ့
မြတ်စွာဘုရားက
ကမ္ဘာပေါင်းများစွာ သူတစ်ပါးအကျိုးကို ဆောင်ခဲ့တယ်၊ သာသနာတော်က အလုပ် လုပ်နေမှ၊ အလုပ်မရှိရင်
အပြစ်နဲ့ချည်းပဲ၊ ကောင်းကောင်းနေရင် အပြစ် မရှိဘူး၊ သက်သက်သာသာ နေခဲ့ရဲ့လား၊ မနေခဲ့ပါဘူး၊
သတ္တဝါတွေအပေါ် သနားခဲ့တယ်၊ ပရိနိဗ္ဗာန်စံခါနီးကျတော့ “သင်တို့ မေးစရာရှိရင် မေးထားကြ”လို့
နောက်ဆုံးထိအောင် အများအကျိုး သယ်ဆောင်သွားတယ်၊ သက်သာရဲ့လား၊ မသက်သာပါဘူး၊ သာသနာမှာ
သက်သာစွာ မနေကြနဲ့။
ဘုရားအမိန့်တော်က ၂၅၀ဝ ကျော်ခဲ့ပြီ၊ မြတ်စွာဘုရားရဲ့
တရားတော်ကို လိုက်စားသူတွေဟာ စိတ်ချမ်းသာရတယ်၊ ဘုရားကို မြင်သူတွေကလဲ ကြည်ညိုလို့
မြတ်စွာဘုရားက အခု ဟောလိုက်တယ်ဆိုရင် အများကြီး ကိစ္စပြီးခဲ့တယ်၊ ဘုရား သာသနာကို စောင့်ရှောက်ရတာက
ကျေးဇူးများပါတယ်၊ ဘုရားတရားတော်ကို လိုက်နာနေရင် ဘုရားစကား နားထောင် နေတာပါပဲ၊ ဘုန်းကြီးတွေက
လောဘတွေ များရင် သာသနာ ကွယ်သွားမယ်၊ ဒီကျောင်းတိုက်ကြီး စည်ကားအောင်ဘုန်းကြီး တစ်ပါးတည်း
မဖြစ်ပါဘူး၊
ငွေအား,
လူအား, ဉာဏ်အားနဲ့ ပြည့်စုံနေမှ ဖြစ်တာ၊ တချို့က ကျောင်းကြီးတွေ ဆောက်ထား ဘုန်းကြီးက
မရှိ၊ ဘုန်းကြီးတွေက ကိုရင်တွေ ခိုင်းကြတယ်၊ ကိုယ့်ချစ်မယားက မွေးတာဆိုရင် ခိုင်းရက်မှာ
မဟုတ်ဘူး၊ ယောကျာ်းက ကလေးခိုင်းတာကို မိန်းမက မကြိုက်ဘူး၊ မကြိုက်တော့ ဘာပြောသလဲ၊ “ကိုယ်မွေးရတာ
မဟုတ်တိုင်း ခိုင်းနေတာကိုး”တဲ့၊ ကိုယ်တော်တို့လဲ ကိုယ်မွေးရတာ မဟုတ်တိုင်း မခိုင်းကြနဲ့။
အလိမ္မာစာမှာရှိ
ရဟန်းဆိုတာ
တရားနဲ့နေပြီး ဒကာ ဒကာမတွေ လာတယ်ဆိုရင် တရားစကားပြောပေး ရတယ်၊ တွေ့ကရာတွေ လျှောက်ပြောမနေရဘူး၊
ဘုန်းကြီး ဆိုတာ ခေါင်းတုံးပဲ ရှိတယ်၊ အဝတ်ကလဲ တစ်ရောင်တည်း ဝတ်ရတာ၊ ဘာမှ မလှဘူး၊ ဘုန်းကြီးဖြစ်လာရင်
အလှမပြရ တော့ဘူး၊ သူများပေးတာ စားပြီး နှာခေါင်း မရှုံ့ကြနဲ့၊ စကား တွေကို ဗရပွ ပြောမနေနဲ့၊
သာသနာက ကောင်းကောင်းနေမှ အရသာ ရှိတယ်၊ ဘုရားစီမံထားတဲ့ သာသနာက အနေ ကောင်းရင် တကယ် အကျိုးရှိပါတယ်။
တစ်လောကလုံး အပိုကုန်တာတွေ မကောင်းဘူး၊ ပိုက်ဆံတွေ
ချေးနေမယ့်အစား မရှိဆင်းရဲသူတွေ ဝေပေးရတယ်၊ မြတ်စွာ ဘုရားက “ ဆွမ်းတစ်လုံးဖြစ်ဖို့ရန်
မလွယ်ဘူး”တဲ့၊ အလှူပေး တယ်ဆိုတာ ပိုက်ဆံရှိသူ ဂုဏ်ရှိသူတွေ ပေးဖို့ မရည်မှန်းဘူး၊ စာတွေက
သိပ်ကောင်းတာ၊ စာကောင်းတာက လောကလဲ ကောင်း, သံသရာလဲ ကောင်း၊
အလိမ္မာ
စာမှာ ရှိတယ်ဆိုတာ မှန်တယ်၊ အချို့က ‘ဂုဏ်ရှိမလား’လို့ အလှူပေးကြပါတယ်၊ ကြွေးတောင်
တင်သေးတယ်၊ ကိုယ်တော်တို့ တိတ်တိတ် ဆိတ် ဆိတ် နေကြပါ၊ တိတ်ဆိတ်ခြင်းဟာ အရသာ ရှိပါတယ်၊
ဘုန်းကြီးက ဩဇာရှိရင် အစစအရာရာ ကောင်းအောင်ပြင်ချင်တယ်၊ ဘုန်းကြီးတို့ ဒီကျောင်းမှာ ဆေးမသောက်ရ၊ ကွမ်း မစားရ၊ လက်ဖက်မစားရဆိုတာ ရွှေကျင်မို့
မဟုတ်ပါဘူး၊ ဘုန်းကြီးက အပိုတွေကို ခွင့်မပြုချင်ဘူး၊ ဘုရားလက်ထက် တော်တုန်းက ဝိသာခါç
အနာထပိဏ်တို့ ကွမ်းçဆေး ဝတ် တည်တာ မရှိပါဘူး၊ သာသနာတော်တွင်းမှာ အပိုမကုန်ရဘူး။
ဘုန်းကြီးက ဆေးလိပ်စသည်သောက်မယ့်အစား အားရှိတဲ့
အစားအစာကို စားလိုက်ပါ၊ ဘုန်းကြီးက သာသနာတွင်မကဘူး၊ နိုင်ငံပါ ပြင်ပေးချင်တယ်၊ ကိုယ်တော်တို့
ဒကာ ဒကာမ တွေနဲ့ ရေလာမြောင်းပေး မလုပ်ကြနဲ့၊ သာသနာကို ခေတ် နည်းနဲ့ မပြုကြနဲ့၊ ရှေးရှေးသာသနာကို
ကြည့်ပါ၊ သာသနာက တစ်ကွက်ကျော် ကိုးကွယ်လို့ မရပါဘူး၊ အတွင်းကျကျမှ ကောင်းတယ်၊ ဘုရား
အာရုံပြုကြပါ၊ လောကမှာ တော်တဲ့ ပုဂ္ဂိုလ်တွေ ရှိသေးတယ်၊ စဉ်းစားထားကြပါ၊ သူတော်ကောင်း
တွေ ဘယ်လောက်ရှိတယ်ဆိုတာ မပြောနိုင်ပါဘူး။
စိတ်ကြီးမဝင်ကြနဲ့
ဘုန်းကြီး
ဩဝါဒနေ့တိုင်း ပေးနေသော်လဲ တက်တက်ကြွကြွရှိတဲ့သူက နည်းနည်း နေမှာပါ၊ အပြင်ဘက် ဝိနည်းတော်နေရုံနဲ့
မပြီးသေးပါဘူး၊ အတွင်းက ကောင်းမှ ကောင်းပါတယ်၊ သင်္ကန်းဝတ်ထားရင် လူတွေက ကောင်းတယ်လို့
အောက်မေ့နေကြတာ၊ ဒါ မှားနေ ကြတာပါ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေကို စဉ်းစားထားကြပါ၊ နောက်ဘဝမှာ
အဆင့်အတန်း မရှိပါဘူး၊ သင်္ကန်းလေးဝတ်ပြီး စိတ်ကြီးမဝင်ကြနဲ့၊
စာမေးပွဲကျတော့
ကြိုးစားလိုက်ကြတာ၊ ဘုရား အာရုံပြု တရားနှလုံးသွင်းကျတော့ မလုပ်ကြဘူး၊ စာ တတ်ပြီး စာတော်တဲ့
(ဆရာတော်)အခေါ်ခံနေတဲ့ ဆရာတော် ကြီးနှစ်ပါးဟာ အဂတိလိုက်စားလို့ သာတာဂိရိ, ဟေမဝတ နတ်ဘီလူးများ
ဖြစ်ကြရတယ်၊ သင်္ကန်းပြပြီး အချောင်မနေကြ ပါနဲ့၊ ဝိနည်းလေးစားပြီး တရားနဲ့ နေကြပါ၊ လောကမှာ
ဂုဏ် လာဘ်ကို ပန်းတိုင်လုပ်မနေကြပါနဲ့၊ ဂုဏ်လာဘ်ဆိုတာ မျက်စိမှိတ်လိုက်ရင် မပါပါဘူး၊
စေတနာသာ ပါမှာ။
ဝိနည်းရှိမှ သာသနာရှိတယ်
ရဟန်းဒကာ ဒကာမတွေက ကိုယ့်ရဟန်း ကလေးတွေကို
နာမည်ကျော်အောင် အား ပေးကြတယ်၊ မကောင်းဘူး၊ အားလုံးက မျက်စိမှောက်နေကြတာ၊ ဝိနည်းရှိမှ
သာသနာရှိတယ်ဆိုတာ နားလည်ထားကြပါ၊ ဘုရားလက်ထက်က ရဟန်းတော်တွေက သာသနာတော်ကို ပျော်ပျော်ကြီး
ထမ်းဆောင်တော်မူကြတယ်၊ သာသနာတော်ကို ဝိုင်းပြုနေကြတယ်၊ ဒကာ ဒကာမတွေ လမ်းမှန်ကို မြင်ကြပါစေ၊
ရဟန်းတွေကလဲ သူများကြည်ညို တာကို ဟန်လုပ်ပြီး အကြည်ညိုခံမနေပါနဲ့၊ သီလစင်ကြယ်ရင် ဝမ်းမြောက်ပါတယ်၊
ဒါဟာ အရေးကြီးပါတယ်။
ဘုရား အာရုံပြုပြီး နေရတာ စိတ်ငြိမ်သက်
အေးဆေးမှု ရှိတယ်၊ တို့ဘုရားရဲ့ သာသနာကို တွေ့ရတော့ ရုပ်နဲ့နာမ်ကို ကွဲကွဲပြားပြား သိလာရတယ်၊
အတ္တတွေ ပျောက်ပြီး အနတ္တ သဘောတွေကို ပိုင်ပိုင်နိုင်နိုင် သိလာရတယ်၊တိတ္ထိတွေကတော့ ဝမ်းထဲမှာ
အတ္တကောင်လေး ရှိသတဲ့၊ ဘုန်းကြီးက ဒါဖြင့် လူတွေ ဘာကြောင့် သေရသလဲ၊ သူတို့က လူတွေ သွားနေ
တာဟာ အတ္တကောင်လေးက ခိုင်းလို့တဲ့၊ ကိုရင်တို့ ဒါတွေကို ကောင်းကောင်းလေ့လာထားကြပါ၊
အရေးအကြီးဆုံးကတော့
သာသနာတော်မှာ ဝိနည်းပဲ၊ သာသနာဆိုတာဘုရားအဆုံးအမတော်ကို ခေါ်တယ်၊ ဘုရားအဆုံးအမဆိုတာ သီလ
သမာဓိ ပညာပဲ၊ နောင် အနာဂတ်သာသနာတော်ကို လဇ္ဇီပုဂ္ဂိုလ် သူတော်မွန်တွေ စောင့်ရှောက်ကြလိမ့်မယ်။
နတ်ပြည်ထက် လူ့ပြည်ကသာ
စစ်ကိုင်းတောင်ရိုးပေါ်မှာ ရှေးကနာမည်ကြီး
ဆရာတော်တွေ နေကြတာ၊ ချမ်းအေးဆရာတော်တို့ တောထွက်တော့ ခေါင်းအုံးမပါခဲ့ဘူးတဲ့၊ ကျောက်တုံးကို
ခေါင်းအုံးလိုက်တာပဲ၊ ကမ္မဋ္ဌာန်းကို စာကဲ့သို့ အားထုတ်ကြပါ၊ ဘုန်းကြီးက အားထုတ်မှု ရှိခဲ့ပါ
တယ်၊ ဘုရား အောက်မေ့နေရင် သွားလေရာရာမှာ ဘုရား ပါနေပါတယ်၊ တရားအားထုတ်တယ်ဆိုတာ ပရိသတ်
မလို ပါဘူး၊
တို့ဂန္ဓာရုံဆရာတော်ကြီး
စစ်ကိုင်းတောင်ရိုးပေါ်မှာ တရားအားထုတ်တော့ ဂူထဲမှာ တစ်ပါးတည်း အောင်းနေတာ ပါ၊ ဆရာတော်ပျံလွန်တောမူတော့
စစ်ကိုင်းတောင်ရိုးတစ်ခုလုံး ဝင်းနေတာပဲလို့တောင် အနောက်ဘက်က တက်လာတဲ့ ဘုန်းကြီးတွေက
ပြောကြတယ်။
ဒီဘဝ အသေအလဲ အားထုတ်ပေမယ့် ကံပါရမီက ပါနေမှ၊
တို့ဘုန်းကြီးတွေက ထိပ်တန်းရောက်အောင် အားမထုတ်ချင် ဘဲ ဖြစ်နေကြတယ်၊ ကိုယ်တော်တို့
ကိုယ့်ကိုယ်ကို လှုံ့ဆော် ပေးကြပါ၊ ခုဘဝကောင်းကို ရနေတာပါ၊ နတ်ပြည်နဲ့ လူ့ပြည် နဲ့ လူ့ပြည်က
သာပါတယ်၊ ဘုန်းကြီးကို နတ်ပြည်က လာခေါ်ရင် မလိုက်ပါဘူး၊
ဘာပြုလို့လဲဆိုတော့
နတ်ပြည်က ကာမဂုဏ်အာရုံတွေ ခံစားပြီး ပါရမီဖြည့်မရဘူး၊ ဒါနပြုမှု မရှိဘူး၊ အလှူခံပုဂ္ဂိုလ်
မရှိဘူး၊ လူ့ပြည်လောက် မကောင်းဘူး၊ လူ့ပြည်က ဘာမဆို လုပ်ရတယ်၊ နတ်ပြည်မှာက သဘာဝ ကလဲ
လှလှလေးတွေဆိုတော့ အာရုံတွေက များနေတာနဲ့ ဘာမှ လုပ်မဖြစ်ဘူး။
ဘုရားကို အာရုံပြုရင်
တို့နိုင်ငံက မကောင်းတဲ့တရားတွေမရှိသလောက်ပါပဲ၊
ခုအချိန်အခါ အရတော်တဲ့ ဘဝကို ရနေကြတာ၊ သူများကို မကြည့်ကြပါနဲ့၊ သာသနာမှာဘုန်းကြီးနည်းနည်းနဲ့
ကောင်းတာတွေချည်း ဖြစ်စေချင် တယ်၊ ခေတ်က ဆယ်နှစ်လောက်ဆိုရင် ပြောင်းတော့မှာ၊ တခြားနိုင်ငံ
က အစားအစာတွေ ဒီနိုင်ငံ လာမှာ မဟုတ်ဘူး၊ ဘုန်းကြီးက အပိုတွေ မလှူပါနဲ့ဆိုတာ နောင်တစ်ချိန်
ရည်မှန်းပြောတာ၊ ကိုယ်တော်တို့က ဘုန်းကြီးရည်မှန်းချက်ကို မသိရင် အရသာ မရှိပါဘူး၊
ဘုရားအကြောင်း
ကောင်းကောင်းကြီးသိမှ အရသာ ရှိပါတယ်၊ ကောင်းစွာသိမှ ဘုရား ကြီးကျယ်ပုံ သိရတယ်၊ ဒီသာသနာကို
ပြုရတာက ကံကောင်းလို့ ပြုရတာပါ၊ ဘုရားကို အာရုံပြုရင် စိမ့်လာအောင် အာရုံပြုကြစမ်းပါ၊
ဘုန်းကြီးက ကျောင်းတိုက်ရော ကိုယ်တော်တွေရော ဘုရား လှူထားတာပါ၊ ဝမ်းမနည်းကြပါနဲ့၊ ဘုရားစကား
နားထောင်ရင် မဂ်ဖိုလ် နိဗ္ဗာန်နဲ့ ကပ်နေတာပါ၊ ဒီဘဝကို ဘုန်းကြီးက နှမြောပါတယ်၊ နောက်ဘဝကျတော့
အမေကောင်း အဖေကောင်းနဲ့ တွေ့ဖို့ မလွယ်ဘူး၊ ကိုရင်တို့ ဦးပဉ္စင်းတို့က မသိကြဘူး။
ဘုရားကို အာရုံပြုပြီး တွေးရ ကြံရတာဟာ အရသာ
ရှိလှ ပါတယ်၊ ဘယ်နေရာမဆို ဗုဒ္ဓတရားတော်က အံကိုက်ချည်း
ပါပဲ၊ ဗုဒ္ဓတရားတော်တွေက လေးနက်တယ်၊ ကိုယ်တော်တို့က ပေါ့တဲ့ဘက်ကို လိုက်ချင်ကြတယ်၊ ဘုန်းကြီးပြောတဲ့
လေးတဲ့ ဘက်ကို မလိုက်ချင်ကြဘူး၊ အပ္ပမာဒတရားနဲ့ နေတဲ့သူက ဘဝသံသရာမှာ မလည်ရတော့ပါဘူး၊
ခုကာလ လူတွေက အချောင်လိုချင်ကြတယ်၊ တရားကျတော့ မလိုလဲ လိုလဲ၊ စာ ကျတော့ မျက်စိမွဲç
ငွေအကုန်ခံပြီး သင်နေကြတာ၊ တစ်ဘဝစာ ကျတော့ မိဝေး ဖဝေးနဲ့ သွားပြီး သင်နေကြတယ်၊ ဗုဒ္ဓတရား
တော်ကျတော့ ကောင်းကောင်း မသိကြဘူး။
မျက်နှာချို မသွေးကြနဲ့
စာစကား
မဟုတ်ဘဲ အလွတ်စကားတွေ ပြောမနေကြနဲ့၊ ဘုန်းကြီးက ဆွေရယ်
မျိုးရယ်လို့ ဒကာ ဒကာမတွေကို မျက်နှာလိုက်ခြင်း
မရှိပါဘူး၊ နိုင်ငံတစ်ခုလုံးကို ထိန်းတာပါ၊ ဗုဒ္ဓလမ်းစဉ်အတိုင်း လုပ်တာပါ၊ ဗုဒ္ဓက မဂ်
ဖိုလ် နိဗ္ဗာန်ကို သူ့ဆွေမျိုးတွေချည်းပဲ သယ်မသွားပါဘူး၊ အားလုံးသတ္တဝါတွေကို ကြည့်တာပါ၊
ကိုယ်တော်တို့ တရားသဘော, လောကသဘောတွေကို သိထားကြပါ၊ လာဘ်လာဘကို မငဲ့ကြပါနဲ့၊ မျက်နှာချို
မသွေး ကြပါနဲ့။
ဟိုတုန်းက လူတစ်ယောက် ကျောင်းနားနီးနီးမှာ
လယ်ထွန် နေတယ်၊ နွားက မသွားတော့ ရိုက်ထင်ပါရဲ့၊ ဒီတော့ ဘုန်းကြီး က မရိုက်ရန် ပြောတယ်၊
ဒကာက “ရိုက်ပေးမှ ကိုယ်တော်, ရိုက်ပေးမှ၊ နောက်ဘဝက ဘုန်းကြီးဝတ်ပြီး ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ
သူများပစ္စည်းတွေ သုံးစွဲခဲ့တာ ကိုယ်တော်”လို့ ပြောသတဲ့၊ ဘုန်းကြီးကတော့ ဟောလိုက်ရတာ၊
ကိုယ်တော် တို့ကတော့ ဆားတန်း ဆင်နင်းကိုးကွယ့်၊ ကိုယ်တော်တို့ လောကီအာရုံနဲ့ တရားကတော့
ကျောချင်းတောင် ကပ်မရဘူး၊ သူများပစ္စည်းတွေ သုံးစွဲပြီး ပေါ့ပေါ့နေလို့တော့ မကောင်းဘူး၊
ကိုယ့်နည်းနဲ့ကိုယ် ကောင်းတာဘက်ကို ကြိုးစားကြပါ။
အစစ်ကို ဘာကွယ်နေသလဲ
ရှေးလူကြီးများက
ဘုန်းကြီးကို ပြောဖူးတယ်။
ဘုရားအစစ်ကို ဆင်းတုတော်တွေက ဖုံးနေတယ်။
တရားအစစ်ကို အချို့ တရားဟောဓမ္မထိကတွေနဲ့
ကျမ်းစာတွေက ဖုံးနေတယ်။
သံဃာအစစ်ကို တို့ဘုန်းကြီးတွေက ဖုံးနေတယ်တဲ့။
ဘုန်းကြီးက ဒါတွေ ကိုးကွယ်လို့ အပြစ်ရှိတယ်လို့
မဆိုလို ပါဘူး၊
အစစ်ကို
ရောက်အောင် အာရုံမပြုနိုင်လို့ ပြောတာပါ၊ အစစ်ကို အာရုံမရောက်တော့ အကျိုးပေး နည်းတာပေါ့၊
နောင် လာမယ့်နှစ် ကလေးတွေက ဘာသာကို မယုံတာက အစစ် အမှန်ကို မတွေ့ရလို့ မယုံတာ၊ အစစ်အမှန်ကို
တွေ့ဖို့ကလဲ အဘိုး အဘွားတွေက အရေးကြီးတယ်။
တစ်ခါက ဇာတ်ပွဲတစ်ခုထဲမှာ လူတစ်ယောက်က ရသေ့
ဝတ်ပြီး တပည့်တစ်ယောက်နဲ့ ထွက်ခဲ့ရာ ဆိုင်းက တီးတော့ ရသေ့ကြီးက ကွေးနေအောင်က, ပြီး
မောတော့ ကုလားထိုင်ပေါ် ပစ်ထိုင်လိုက်တယ်၊ နောက် တပည့်က “တို့ ဆရာကြီး ဒါလောက်တောင်
ကြိုးစားတာ ဈာန် မဂ် ဖိုလ်မရတာ နာလိုက် လေကွာ”တဲ့၊
ခုလဲ
တို့ သာသနာကို ဘာသာခြားတွေက မဖျက် ပါဘူး၊ တို့ ဗုဒ္ဓဘာသာဝင်တွေကပဲ ဖျက်နေတာ၊ မပျက်လို့
တော်သေးတာပေါ့၊ သာသနာ-ဘာသာဆိုတာ တို့က အချိုး မကျရင် ပျက်တော့မှာ၊ ဘုန်းကြီးက ဒါကြောင့်
ပြောနေတာ၊ ဘုန်းကြီးကလဲ ကိုယ်တော်တို့စိတ် မသိ၊ ကိုယ်တော်တို့ကလဲ ငိုက်ချင်သလို ငိုက်နေကြ၊
မသိç မသိချင်းဆိုတာတော့ ဘာမှ မဖြစ်ဘူးပေါ့။
ဂိုဏ်းတွေ လူတွေအပေါ်လွှမ်းလာပြီ
ဒုတိယသံဂါယနာတင်တော့
ဘုရားပရိနိဗ္ဗာန်စံပြီးလို့ အနှစ်တစ်ရာ ရှိပါပြီ၊ မသန့်ရှင်းတဲ့ သာသနာကတော့ မရှိတာက
ကောင်းပါသေးတယ်၊ ခုသာသနာက အစိုးရဘက်က မပါရင် လျော့တော့မှာ၊ ဘုန်းကြီးက အစိုးရ ပါလာရင် သာသနာကို ပြင်ချင်သေးတာ၊
ဟိုတုန်းက
မြန်မာပြည်မှာ
အရည်းကြီးတွေ အုပ်စိုးခဲ့တယ်၊ အရှင်အရဟံ ရောက်မှ ကွယ် ပျောက်သွားတယ်၊ ခု ဘာဂိုဏ်း ညာဂိုဏ်းတွေက
လူတွေရဲ့ အပေါ် လွှမ်းလာပြီ၊ ရန်ကုန် မန္တလေးက လူတွေက ဂိုဏ်း ဘုန်းကြီးတွေလာရင် ကလေးတွေကို
ရှိခိုးခိုင်းကြသတဲ့၊ ဘာ လုပ်ဖို့လဲဆိုတော့ စာမေးပွဲအောင်ဖို့ရန်တဲ့။
အလုပ်ကောင်းလုပ်သူ နတ်ကောင်းစောင့်ရှောက်
တစ်ခါ တစ်ခါ ကျောင်းကို ကမ္မဋ္ဌာန်းသမားတွေလဲ ရောက်ရောက်လာကြတယ်၊ ကမ္မဋ္ဌာန်း
အားထုတ်တဲ့ ယောဂီတွေ မေးကြည့်ရင် ငါးပါးသီလတောင် ဟိုကပေါက် ဒီကပေါက်တယ်၊ မလုံကြပါဘူး၊
ပထမဆုံး သရဏဂုံကို လုံအောင် ထိန်းကြပါဦး၊ သရဏဂုံယူရင် ဘုရား, တရား, အရိယာသံဃာကို အာရုံပြုမိအောင်
ပြုရတယ်၊ ဘုန်းကြီးမှာ လူအမျိုးမျိုးနဲ့ တွေ့ရတယ်၊ အချို့က ဘုန်းကြီးကို ဂိုဏ်းထဲ ဝင်စေချင်ကြတယ်၊
ဘုန်းကြီးက မဝင်ချင်ပါဘူး၊ နာမည်ကြီးဆရာတော် ဂိုဏ်းဝင်တယ်ဆိုတော့ ကြည်ညိုလိုက် ကြမယ့်ဖြစ်ခြင်း,
ဘာပြောကောင်းမလဲ၊ ဘုန်းကြီးတို့ဘာသာ အလုပ်တွေ ထမြောက်နေတာကို ဂိုဏ်းက မလို့, လို့ ထင်နေကြ
ပါဦးမယ်၊ အလုပ်ကောင်း လုပ်နေသူကတော့ နတ်ကောင်း တွေက စောင့်ရှောက်ကြပါလိမ့်မယ်ဆိုတာ
ယုံကြည်ပါတယ်။
မျက်စိလည် လှူလိုက်ကြရော
သာသနာက
ဘုံဆိုင်(အများဆိုင်) ဖြစ်နေတယ်၊ ဒါကို အားလုံးက ဝိုင်း မပြုနိုင်ရင် ကိုယ်နိုင်သလောက်
ပြုမှာပါပဲ၊ ခုဘုန်းကြီး မေတ္တာပို့ရင် တစ်နာရီခွဲလောက် ကြာတယ်၊ ဒါကို မပြီးသေးဘူး၊
လောကကြီးက သာသနာရေးမှာ မျက်စိတော်တော် မှောက်ပြီး ချာချာလည်နေကြတယ်၊ ဘုရားပွဲတွေက ဘုရား
အလိုတော်ကျ မဟုတ်ပါဘူး၊ တို့မြန်မာပြည်သာသနာက ရှင်ဘုရင် အမတ်တွေက စတည်ထောင်ခဲ့တာ၊ ရှင်ဘုရင်
ဆိုသူတွေက သူတို့ကို နတ်ရုပ်ပေါက်အောင် ဆင်ထား ကြတယ်၊ လှူကြ တန်းကြ, ပေးကြ ကမ်းကြဆိုတော့
နှစ်ဖက်ရ ကြည့်ပြီး ဘုန်းကြီးတွေက ဟောကြတာကိုး၊ ဒါနဲ့ ဟောတဲ့ ဘုန်းကြီးကလဲ ဟောခလေး
ရရော၊ လှူတဲ့သူကလဲ နတ်ပြည်ရောက်ချင်ဇောနဲ့ မျက်စိလည် လှူလိုက်ကြရော။
တို့ သာသနာက အောက်ခြေ လွတ်ပြီး လဲတော့မှာ၊
သာသနာကို ပြုပြင်မယ့်သူ မရှိရင် မလွယ်တော့ဘူး၊ သာသနာ ကို ဖျက်မယ့်သူတွေက ပေါနေတယ်၊
ဘုန်းကြီးတွေကို ဆွဲဆောင်စရာတွေက အများကြီး ရှိတယ်၊ သာသနာမှာ လမ်းမှားခေါင်းဆောင်ကိုတော့
ဘုန်းကြီးက ဘယ်တော့မှ မမြင်ပါရစေနဲ့လို့ ဆုတောင်းပေးပါတယ်။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊
အမှတ်(၁၁)
(၁၉၈၁၊
ဇန်နဝါရီလ)