ကိလေသာပိုးတွေ အဝင်မခံကြနဲ့
လက်သည်ကို ရှာပါ
ဒီခန္ဓာဝန်ကြီးရတာ ဘာကြောင့် ရတာလဲ၊ ကံကြောင့်ရတာ၊ ရှေးကကုသိုလ်ကံတွေကို
ပြုခဲ့ကြလို့ ဒီခန္ဓာဝန်ကြီးရလာတာ၊ အဲဒီ ကံက အဝိဇ္ဇာ တဏှာ အရင်းခံပဲ၊ ဒီခန္ဓာကိုယ်ကို
ရတာက မှားတယ်၊ လူ့ခန္ဓာ နတ်ခန္ဓာ ရတာလဲ မှားတယ်၊ အဝိဇ္ဇာ တဏှာကြောင့် မတရားတဲ့ အကုသိုလ်ကံတွေ
ပြုတယ်ဆို ပါတော့၊သူ့အသက်ကလေး သတ်လိုက်ရမှ ဘေးရန်ကင်းမယ်၊ သူ့ပစ္စည်း ခိုးလိုက်ရမှ ချမ်းသာမယ်၊ သူများ သားမယား
ပြစ်မှားလိုက်ရမှ, လိမ်ပြောလိုက်ရမှ, သေရည်သေရက် သောက်လိုက်ရမှ ချမ်းသာမယ်၊ ဘေးရန်ကင်းမယ်
ထင်တယ်၊ တို့ ဒီ ကံငါးပါး ပျက်တာလဲ အဝိဇ္ဇာ တဏှာကြောင့်ပဲ၊ လက်သည် ရှာလိုက်တော့ ဒီဟာပဲ၊
ဒီအကုသိုလ်ကံတွေက ငရဲမှာ ဖြစ်ရမယ်။
အနူ အယား မီးကင်တာလို
ဘုရားတရားတော်တွေက သိပ်ကောင်းတာပဲ၊ ဒီနေ့ မနက်ပဲ ဘုန်းကြီးတစ်ခု စဉ်းစား
မိတယ်၊ ဘုန်းကြီးလက်က အဖုကလေးတွေ ယားလို့
ကုတ်နေရင်း အနူတွေကို သတိရတယ်၊ တို့ အနူတစ်ယောက် ဆိုပါတော့၊ သူ့နူနာတွေက တော်တော် ယားလာတယ်၊
ယား တော့ မီးကင်ချင်လာတယ်၊ မီးကင်တော့ အယား သက်သာ တယ်၊ နောက် ပိုးတွေက ရွလာတော့ မီးပြန်ကင်ချင်လာတယ်၊
သူ့အယားဟာ သက်သာပါ့မလား၊
တဏှာအယားတွေ
ပတ်မကြီးက ဗေထိဗေထိဆိုရင် သွားကြည့်ချင်တယ်၊ ဒီလို ကြည့်ချင်လို့ ကြည့်လိုက်ရတော့
စိတ်သက်သာတယ်၊ ဆပ်ပြာမွှေး မတိုက် ပါနဲ့ဆို
ခိုးတိုက်တယ်၊ ရသာရုံကို ခံစားချင်တာရယ်၊ ဖောဋ္ဌဗ္ဗာရုံလေးကို တွေ့ထိချင်တာရယ်၊
ဒါတွေဟာ တို့တဏှာ ယားတာ၊
အရက်သမား အရက်သောက်လိုက်တော့ သောက် ကာစတော့ တဏှာအယား ပြေသွားတယ်၊ နောက်
အရက် တဏှာပိုးက ရွလာတယ်၊ ထပ်သောက်ပြန်တာပဲ၊ လောကီ အာရုံ ကာမဂုဏ်တွေဟာ မယားသေ လင်သေ
အရွယ်ရှိတုန်း ထပ်ပြီး မယူကြဘူးလား၊ ယူတယ်၊ ဒါဟာ တဏှာယားတာပဲ၊ ဒီတဏှာက တစ်သံသရာလုံး
မပျောက်ဘူး၊ နတ်ပြည်ဆိုရင် ဒီတဏှာက သာပြီး ယားလိုက်သေးတယ်။
အနူ မီးကျီးခဲ မြင်တာလို
အနူဟာ မီးကျီးခဲ မြင်ရတော့ ပိုးတွေက ရွရွလာတယ်၊ ဒီတော့ မီးကင်ချင်လာရ တာပေါ့၊ တို့ ရူပါရုံလှလှလေးတွေဟာ
မီးကျီးခဲလိုပဲ၊ သူ့ကို မြင်တော့ ကိလေသာတဏှာပိုး တွေက ကြွရွတက် လာတယ်၊ မနေနိုင် မထိုင်နိုင်အောင်
ယားကြတော့တာပဲ၊ ယားတော့ မီးကင်လိုက်ကြဦးပေါ့၊
အယားဟာ ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး၊
ပုထုဇဉ်တွေဟာ ဒီတဏှာပိုးကြောင့် ယားယားနေတာ၊ တဏှာပိုး သေအောင် အတွင်းဆေး
စားယူမှ ပျောက်မယ်၊ အတွင်းဆေးဆိုတာ ဘာဝနာပဲ၊ ဘာဝနာ ပွားတော့ တဏှာက ယားပါဦးတော့မလား၊
မယားဘူး၊ ပျောက်သွားတယ်၊ ပျောက်သွားတော့ သူ့မိတ်ဆွေတွေက ပွဲကြည့်ရအောင် လိုက်ခဲ့ပါဆိုရင်
“ဟာ ... မလုပ်ပါနဲ့, မလိုက် ပါရစေနဲ့”လို့ ပြောတယ်၊ “မလုပ်ပါနဲ့, မလိုက်
ပါရစေနဲ့လို့ မပြောပါနဲ့၊ ဟိုမှာ ရူပါရုံ ချောချောလှလှလေးတွေ ရှိပါတယ်၊ သွားကြည့်ရအောင်ပါ”
“အို ... ဟာ ... မလုပ်ပါနဲ့” ကဲ သူက မယားတော့တာပဲ၊ သူ့မှာ တဏှာက ကုန်သလောက်
ရှိသွားပြီ၊ ကဲ ... တို့ ရဟန္တာအရှင်မြတ်ကြီးတွေ ပွဲကြည့်တယ်လို့ မင်းတို့ ကြားဖူးကြရဲ့လား၊
မကြည့်ပါဘူး။
အနူရူး ရူးနေကြ
အခုလူတွေ နတ်ပွဲလာကြတာ ကုသိုလ်ရချင်လို့ ဟုတ်ပါ့မလား၊ မဟုတ်ပါဘူး၊ တဏှာယားလို့ လာကြတာပဲ၊ဟုတ်တယ်မဟုတ်လား၊ မကောင်းဘူး၊ ကိုရင်တို့ နီးစပ်ရာ ပုဂ္ဂိုလ်တွေကို
နတ်ပွဲတွင်း မလာကြနဲ့လို့ ပြောထားကြ၊ တော်တော်ကြာ အနူယားထဲ ပါသွားကြမယ်၊ တို့ ဒီက ခုလို
တရားစကားနဲ့ ပြောဆိုနေတော့ နတ်ပွဲနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်၊ တကယ်တော့ လူတွေဟာ အနူရူး
ရူးနေကြတာပဲ။
ကိလေသာနှင့် စစ်သူရဲကောင်း ဥပမာ
တို့ စစ်သူရဲကောင်းတွေဟာ စစ်တိုက်ပြီ
ဆိုတော့ တော်တော်ကလေး အပင်ပန်း ခံပြီးတိုက်မှ
စစ်အနိုင်ရသလို ဘဝသံသရာ အဆက်ဆက် ဓာတ်ခံပါလာတဲ့ကိလေသာ သူပုန်ရန်သူတွေကိုလဲ ကိုယ် စိတ်နှစ်ပါး
အပင်ပန်းခံပြီး တိုက်နိုင်မှ နိုင်မယ်၊ ကိလေသာက သုံးပါးရှိတယ်၊ (၁) အနုသယ ကိလေသာ၊
(၂)ပရိယုဋ္ဌာနကိလေသာ၊ (၃)ဝီတိက္ကမကိလေသာ ရယ်လို့ သုံးပါးရှိပါတယ်၊ အနုသယကိလေသာက လူတစ်
ယောက် အိပ်ပျော်ပြီး ငြိမ်သက်နေတာနဲ့ တူတယ်၊ ပရိယုဋ္ဌာန ကိလေသာက အိပ်ပျော်နေသူ လန့်နိုးတာနဲ့
တူတယ်၊ ဝီတိက္ကမ ကိလေသာ ဆိုတာက နိုးလာသူ ထထိုင်တာနဲ့ တူတယ်။
အနုသယဆိုတာ
ပဋိသန္ဓေ နေကတည်းက ပါလာတယ်၊ တို့ ဘယ်ဘုံဘဝမှာ ဖြစ်ဖြစ် ဖြစ်လာတဲ့ သတ္တဝါတွေမှာ
လောဘကိလေသာ ရှေးဦးစွာ ပါလာတာပဲ၊ ဒီအနုသယကလေး တစ်ခုက ဘုန်းကြီးတို့သန္တာန်, ကိုရင်တို့
ဦးပဉ္စင်းတို့ သန္တာန် မှာလဲ ရှိနေတာပဲ၊ ရဲနေတဲ့
မီးခဲဟာ ပြာဖုံးနေတော့ သူ့ရဲ့ နီရဲတဲ့အရောင်ကို မမြင်ရသလို သတ္တဝါတွေရဲ့ စိတ်အစဉ်မှာ
ကိန်းဝပ်နေတဲ့ ကိလေသာ အနုသယ မီးကျီးခဲလေးဟာလဲ မထင်ရှားတဲ့ အဝိဇ္ဇာပြာက ဖုံးအုပ်နေတော့
သူ့ရဲ့သတ္တိလို့ ထင်ထင်ရှားရှား မတွေ့ရဘူး၊
သာမညအရာဝတ္ထုနဲ့ ပိတ်ထားတဲ့ အရာဝတ္ထုတွေဟာ တော်တော်ကြမ်းတဲ့ လေက တိုက်ခိုက်
လိုက်တော့ လွင့်စင်ပြီး အဖုံးအောက်ရှိတဲ့ အရာဝတ္ထုအားလုံးကို မြင်ရတာလို ရူပါရုံ သဒ္ဒါရုံစတဲ့
လေနီကြမ်းတွေက တိုက်ခိုက် တော့ မထင်ရှားတဲ့
အာရုံပြာတွေ လွင့်သွားပြီး လောဘ, ဒေါသ စတဲ့ နီရဲတဲ့ မီးခဲတွေ ပေါ်လာတာပဲ။
ကိလေသာသုံးပါးကို သီလသုံးပါးဖြင့်သတ်
ပထမအနုသယက ကိန်းဝပ်နေတယ်၊ ကိန်းဝပ်နေရာက မတည့်တဲ့ အာရုံနဲ့တွေ့တော့ ပရိယုဋ္ဌာနကိလေသာက
တထောင်းထောင်းနဲ့ ထကြွလာတယ်၊ ထကြွလာရာက မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး ကျူးလွန်မှု
ဝီတိက္ကမကိလေသာတွေ ဖြစ်ရတယ်၊ အဲဒီ ဝီတိက္ကမကိလေသာကို သီလလုံခြုံအောင် ထိန်းပြီး သတ်ရတယ်၊
မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒစာအုပ်မှ ပူဇော်ပါသည်