ချွေတာစုဆောင်း သူဌေးလောင်း
သေခြင်းတရားကို စောစောက တွေးထားပါ
လူတစ်ယောက် အလုပ် လုပ်တဲ့အခါ အချောင်နေရင် ကောင်းတော့ ကောင်းတယ်၊
ဒါပေမယ့် အကျိုးပေးတဲ့အခါကျတော့လဲ ချောင်နေတတ်တယ်၊ ဘုန်းကြီးစိတ်ကတော့ အချောင်မနေချင်တဲ့
စိတ်ပဲ၊ ဘုန်းကြီး အလုပ်က သူများလုပ်လို့ကို မဖြစ်ဘူး၊
ဘုန်းကြီးသေရင်လဲ
အမြန်သေတာ ကောင်းတယ်၊ ဝေဒနာတော့ မခံချင်ဘူး၊ သေတော့လဲ နီးစပ်တဲ့ ပရိသတ်တွေကြားထဲ မသေချင်ဘူး၊
ချုံကြားထဲ သွား သေချင်တယ်၊ သေမှာ ဆိုတာ စောစောက တွေးထားရတယ်၊ ဒါမှ ကြောက်တာ၊ တရားနဲ့
ဆင်ခြင်တယ်၊ လူ့လောက ရောက်လာရင် အို နာ သေရေးကို မလွန်ဆန်နိုင်ကြဘူး။
ဒီကျောင်းမှာ
ခုတလော လူဝင် လူထွက်တွေ များနေတယ်၊ လူတွေ ဒါလောက် များလာတာကို သတိထားရမယ်၊ ဘုန်းကြီးက
အလုပ်တစ်ခု တိုးတက်လာရင် သတိထား လုပ်တယ်၊ မကောင်းမှု
ပြုသူဟာ ကိုယ်က မမြင်တော့ ရှက်စရာ မကောင်းဘူး၊ ဆွမ်းခံရင်း သပိတ်ခေါင်းစွပ်ပြီး နောက်ဖေးသွားတဲ့
ကိုယ်တော် မရှက်ပါဘူး၊ ဒီကျောင်းမှာလဲ မကောင်းတာတွေ ရှိနေတာပဲ၊ သတိထားကြ။
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတာ
ပုဂ္ဂိုလ်တစ်ယောက် ကောင်းတယ်ဆိုတာ အထက် ဆရာ, မိဘက ဆင်းသက်လို့ ကောင်းလာသူသာ နောင်လဲ အရှည်သဖြင့်
ကောင်းတာပါ၊ လူတစ်ယောက်မှာ လက်က လွတ်ရင် ခြေမြဲ ဆိုတဲ့ အကျင့် ရှိရတယ်၊ စိတ်ကူးကတစ်မျိုး,
အလုပ်ကတစ်မျိုး ဆိုရင် မတိုးတက်ပါဘူး၊ “ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ”တဲ့
သီလရှိတဲ့လူဟာ လိုရာကို ပြီးစေတတ်တယ်၊ စိတ်ကိုသာ စင်ကြယ်စွာနဲ့နေ၊ လောက စကား ရှိသားပဲ၊
ဥစ္စာလိုချင်ရင် ဥစ္စာနဲ့ ရင်းယူမှ၊ သီလ သမာဓိ ပညာလိုချင်ရင်လဲ ထို့အတူပဲ၊
သူတော်ကောင်း ခိုအောင်းစုံခဲ့
မိဘရိုးရာ ဆရာသမားနဲ့ဆိုတာကတစ်ဖက် ဘက်က ကောင်းရတယ်၊ ဘုန်းကြီးရဲ့ သူတော်ကောင်း မှီခိုရတာက လူဘက်ကရော ရဟန်းဘက်ကရော စုံခဲ့တယ်၊ဒါကြောင့်
ဘုန်းကြီးမှာ ငယ်ငယ် ကတည်းက သတ္တိကောင်းခဲ့တယ်၊ မိဘ ဆွေမျိုး ဆရာကောင်း တွေရဲ့ လက်အောက်က
လာခဲ့သူတွေဟာ သိမ်မွေ့တယ်၊ လူဆိုရင်လဲ သားသမီးတွေနဲ့
နေရပေမယ့် သူတော်ကောင်း စိတ်ဓာတ်ပါလာရင် ဒီဘဝ မပျက်တော့ဘူး၊ မလိမ္မာသူ အတွက်ကတော့ မထူးပါဘူး၊
လိမ္မာသူတွေအတွက်တော့ တိုးတက်မြဲပဲ။
ဘုန်းကြီးတို့
ကျောင်းတိုက်ဟာ ပေါ့ပေါ့နဲ့ ကြီးပွားလာတာ မဟုတ်ပါဘူး၊ ဂျပန်ခေတ်က ရူပသိဒ္ဓိဘာသာဋီကာစာအုပ်ကို
လေယာဉ်ဗုံးချစဉ် ရေးခဲ့တယ်၊ ဒီလိုနဲ့ တက်လာခဲ့ရတယ်၊ ပေါ့ပေါ့ဆဆ မတွက်ကြနဲ့၊ ကိုယ်မှာ
လောဘစတဲ့ တရားတွေ အဝင်မခံကြနဲ့၊ သူတော်ကောင်းတရားတွေ နာကြားနေရတာ ဟာ စိတ်ထားက စပြီး
အားလုံး အချိုးကျနေကြတယ်၊
တို့ ဘုရားနဲ့ တွေ့လို့ ဒီလိုအခါမျိုးမှာ ဒီလိုတရားတွေကို
နာကြား နေရတာ တခြားနိုင်ငံတွေမှာဆိုရင် မလွယ်ဘူး၊ နိုင်ငံခြား တိုင်းပြည်တွေဟာ လောကီဘက်ကတော့
ထိပ်တန်းနိုင်ငံ တွေပဲ၊ ကားလိုချင်လဲ ချက်ချင်းရ၊ လေယာဉ်ပျံလိုချင်လဲ ချက်ချင်းရ၊ ဒါပေမယ့်
ဘဝသံသရာကျအောင် ကောင်းရာ သုဂတိ ရောက်ဖို့ရာက မလွယ်ဘူး၊ ဘာပြုလို့လဲ၊ ပဋိရူပဒေသ မဟုတ်လို့။
ပဋိရူပဒေသ ကောင်းခဲ့
ဆရာသမားတွေက ကိုယ့် တပည့်တွေကို ဂရုစိုက်ပေးကြပါ၊ ဒီကျောင်းတိုက်
တိုးတက် လာတာ ကံတော်ကံငြား တိုးတက်လာတာ မဟုတ်ဘူး၊ ဘုန်းကြီးရဲ့ ဆရာတွေကလဲကောင်း, ဘိုးဘွား
ဆွေမျိုးတွေကလဲ ကောင်းခဲ့တော့ အားလုံးက ဘုန်းကြီးကို အရေးပေးကြတယ်၊ ဘုန်းကြီးရဲ့ ရေသောက်မြစ်က
ဒီလို လာခဲ့တာ၊ ဘုန်းကြီးက ပဋိရူပဒေသ ကောင်းတယ်၊ ဘုန်းကြီး ကံက မသေးသိမ်ပါဘူး၊ အားလုံး
ဒကာ ဒကာမတွေç တပည့် ပရိသတ်တွေ ရှိနေလို့ ပြောဟောနေရတာ။
ဒီကျောင်းမှာ
ဘုန်းကြီးက ဒီလောက် ပြောဟောနေပေမယ့် တချို့က မလိုက်နာချင်ကြဘူး၊ မလိုက်နာချင်တဲ့ ကိုယ်တော်
တွေ ဒီကျောင်းမှာ မနေကြပါနဲ့၊ “အမေ ဘယ်လို ချော့သိပ် ပေမယ့် ငါအိပ်မှ ပျော်မယ်”ဆိုတာလို
ဆရာက ဘယ်လို ဆုံးမပေမယ့် ငါက လိုက်နာမှ တော်မယ်၊ ကိုရင်တို့က ဟုတ်နေရင် ဘာမှ ကြောက်စရာ
မလိုပါဘူး၊ တကယ် အခွင့် ကောင်းလို့ ဒီလိုဘဝမျိုးနဲ့ ဒီလို အဝတ် ဝတ်နေရတာ၊ အသိ တရားနဲ့
ကောင်းကောင်းနေကြပါ။
သာသနာ့ဝန် သူတော်ကောင်းဆောင်
ဗုဒ္ဓမြတ်စွာက သိက္ခာပုဒ်တော်ကို တစ်ခါ လွန်ကျူးမိရင် အားလုံး အတွက်တစ်ခါ တည်း ပညတ်လိုက်တယ်၊ အားလုံးကလဲ
လိုက်နာကြတယ်၊ ကိုယ်တော်တွေက ဘုန်းကြီးစကားကို ကောင်းကောင်းနားမထောင်ကြဘူး၊ ရှေ့မှာ တစ်မျိုး, ကွယ်ရာမှာ တစ်မျိုး မလုပ်ကြနဲ့၊
ဘုရားရဲ့ စနစ်ကို မလိုက်ရင် မနေကြနဲ့၊
သာသနာ့ဝန်ကို ဆောင်တယ်ဆိုတာ သူတော်ကောင်းတွေသာ ဆောင်တယ်၊
အများအကျိုး သာသနာ့အကျိုး ဆောင်နိုင်အောင် ကြိုးစားကြ၊ ရွာတစ်ရွာမှာ တစ်အိမ်
ကောင်းစားဖို့နဲ့ တစ်ရွာလုံး ကောင်းစားဖို့ဆိုရင် တစ်ရွာလုံး ကောင်းစားရေး လုပ်သူက
နည်းတယ်၊ အားလုံး ကိုယ်ကျိုးချည်း များနေကြတယ်၊ ဘုန်းကြီးကတော့အားလုံးကို ကြည့်တာပါ၊
ဘုန်းကြီး စေတနာတွေက ဘဝသံသရာမှာ အကောင်းဆုံးပဲ။
သာသနာ့လမ်းစဉ် ရွေ့လျောလာ
ဖြစ်နေတာက ကုသိုလ်အရ နည်းနေကြတယ်၊ ဘာနဲ့တူသလဲဆိုတော့”ဗာရာဏသီ
ပြည်မှာ ဘာပင်ကြီးက ဘာသီးကြီးသီးလို့ ဘာဓားမကြီးနဲ့ဆိုလား ခွဲကြည့်တော့ ဘာမှ မရှိဘူး”ဆိုတာ
လိုပဲ၊ ခုလဲ အားလုံးဟာ ဘာကုသိုလ်မှ သိပ်မရှိကြဘူး၊ ကိုယ် တော်တို့ သိက္ခာသုံးပါးနဲ့
နေကြ၊ ဒီကျောင်းမှာ ကန့်လန့် မလုပ်ကြနဲ့၊
ကိုယ်တော်တို့က တရားကို တန်ဖိုးမထားကြဘူး၊ ငှက်ပျောပွဲ,
အုန်းပွဲရဖို့ရာလောက် မျှော်နေကြတယ်၊ဘုန်းကြီးက သတ္တဝါတစ်ယောက်ကို အရေးတကြီးနဲ့ ဂရုထားမယ်
မထင်နဲ့၊ တစ်ဘဝဆိုတာ ဆန်းတာ မဟုတ်ဘူး၊ မပြုနဲ့ ဆိုတာ ပြုလို့ တစ်စုံတစ်ခု ဖြစ်သွားရင်
ပျာပျာသလဲ လုပ်မယ် မထင်နဲ့၊ ဘုန်းကြီးက အပိုအလုပ်တွေကို မကြိုက်ပါဘူး၊ ခုမှ မဟုတ်ဘူး၊
ရှေးကတည်းက အထုံ ပါလာတာ၊ မဂ် ဖိုလ် နိဗ္ဗာန်ဘက် မဟုတ်ရင် တားမြစ်ရမှာပဲ၊ ကိုယ်တော်တို့
ကြိုးစားကြ၊ ဘုရား သာသနာက တဖြည်းဖြည်း ရွေ့လျောလာပြီ။
ပေါ်ယံကောင်း မလုပ်ကြနဲ့
ဘုန်းကြီးက ပဋိပတ် မပါဘဲ ပရိယတ်ကို မမျှော်ပါဘူး၊ အပေါ်ယံ
ကောင်းနေရုံနဲ့ အတွင်းအနှစ် မရှိရင် အလကားပဲ၊ ဘုန်းကြီး လမ်းစဉ်က အများလမ်းစဉ်နဲ့
မတူပါဘူး၊ သူများနဲ့ မတူလို့ ခုအကျိုးတွေ ရနေတာ အများကြီး၊ ကိုယ်တော်တို့ အလုပ် လုပ်ရင်
လာဘ်လာဘနဲ့ဂုဏ်ကို မျှော်လုပ်ရင် ပါရမီမဟုတ်ဘူး။
ရှိရင် လှူရတယ်
လူတွေက ရူပါရုံစတဲ့ အာရုံတွေကို ခံစားပြီး ကုသိုလ်တရားတွေနဲ့
ကင်းနေကြ, မေ့နေကြတယ်၊ ကုသိုလ်တရား မေ့သောသူဟာ သေနေတာပဲ၊ သေတဲ့သူတွေက ထင်းတုံးနဲ့ တူတယ်၊
သေပါတယ်ဆို ခြေထောက်ကို ကြိုးနဲ့ အတုပ်ခံရသေးတယ်၊ ဘုန်းကြီးသာ သေ ရင်တော့ နီးရာဆွဲပြီး
မီးနဲ့ ရှို့လိုက်၊ ဘုန်းကြီးတွေ ပျံတော် မူရင် နိဗ္ဗာန်ကျောင်း ချသတဲ့၊ နောက်တစ်ခါ ဧယင်ကျူးသတဲ့၊
ဘာဟုတ်မလဲ၊ တန်ဆာဆင်ကြတာ၊ မေ့လျော့နေတဲ့ ရဟန်း တွေက ဖရိုဖရဲ ကိုးရိုးကားရားနဲ့ လျှောက်သွားနေကြတာ၊
လူတွေလဲ ဒါန သီလ ကုသိုလ်ကောင်းမှု ဆိုင်ရာတွေ မေ့နေ ကြရင် အသေပါပဲ၊ ရဟန်းတွေ ဒါနပြုရမယ်လို့
သတိမထား ကြဘူး၊ ရှိရင် လှူရတယ်၊ ရှိလျက်နဲ့ မလှူရင် အသေပါပဲ။
ချွေတာဆုဆောင်း သူဌေးလောင်း
ဘယ်နေရာမျိုးမဆို ချွေတာရတယ်၊ ချွေတာတယ်ဆိုတာ နှမြောလို့မဟုတ်ဘူး၊
ပစ္စည်းကို သူ့နေရာနဲ့သူသုံးတတ် စွဲတတ်တာဟာ ချွေတာတာပဲ၊ ဘုန်းကြီးက မီးကို အလကား ဖွင့်
ထားရင် နှမြောတယ်၊ ကုန်သင့်လို့ ကုန်တာက အကြောင်း မဟုတ်ဘူး၊ မကုန်သင့်ဘဲ အလကား လျှောက်ကုန်နေတာ
ကတော့ အကျိုးမရှိဘူး၊ ဘာတဲ့လဲ -
“
မူးနုတ် ပဲနုတ်, စု၍လုပ်, တရုတ်တိုက်ကြီးတည်၊ တစ်ပြား
နှစ်ပြား, စုပါများ, ကုလား တိုက်ကြီးတည်။”
တို့မြန်မာတွေက
ဆင်းရဲမှာပေါ့၊ အကျိုးမများတဲ့ နေရာ တွေမှာ အကုန်အကျတွေက များနေတာကိုး။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊
အမှတ်(၇)
(၁၉၈၀၊
စက်တင်ဘာလ)