စိတ်တန်ခိုး မြှင့်တင်ရေး
တဏှာကြောင့် ဒုက္ခရောက်
ဒီ လေးလိုက်တဲ့ ခန္ဓာ ဝန်ထုပ်
ဝန်ပိုးတွေ ဘာနဲ့ပဲ ဆက်သွယ်ကြည့်ကြည့်ဇာတိ, ဇရာ ဗျာဓိ, မရဏဆိုတဲ့ တရားတွေနဲ့ပဲ ဆက်သွယ်ကြည့်ရမယ်၊ တစ်လောက ကလေးတစ်ယောက်
နှစ်လရှိပြီ၊ တစ်ယောက်က သန္ဓေသားအဖြစ်နဲ့ ကျန်နေတယ်၊ ကျန်နေတဲ့ ကလေးကို ခွဲထုတ်လိုက်တော့
သေရော၊
တဏှာ ချုပ်သွားရင် ဘာမှ ရှိမှာ မဟုတ်တော့ဘူး၊ ဒုက္ခတွေ ခံနေရတာ ဒီတဏှာကြောင့်
ခံနေရတာ၊ ဒုက္ခသာ မရှိရင် တဏှာက သာယာပါဦးမလား၊ ဒုက္ခတွေ တော်တော် စိတ်ပျက်စရာ ကောင်းတယ်၊
မစဉ်းစားဘဲနေလို့ မဖြစ်ဘူး၊ ဒီခန္ဓာဝန်ကြီးဟာ အမိဝမ်းထဲမှ စပြီး
သေတဲ့အထိ ဒုက္ခတွေ ခြံရံနေတယ်၊ ဒုက္ခတွေ ခံရတာ ဘယ်သူ့ကြောင့်လဲ၊ တဏှာကြောင့်၊
တဏှာ ကုန်ခန်းတဲ့ ရဟန္တာအရှင်မြတ်တွေဟာ နောက်ထပ် တဏှာ ဖြစ်စရာ လိုပါဦးတော့မလား၊ မလိုတော့ဘူး။
တဏှာလျှင် နှစ်ယောက်မြောက်
အဖော်
“တဏှာ ဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါနသံသရံ” တဏှာလျှင်
နှစ်ယောက်မြောက် အဖော် ရှိသော ယောကျာ်းသည် ရှည်လျားစွာသော နေ့ညဥ့်ပတ်လုံး ဆင်းရဲ
ရမယ်၊ “ဣတ္ထဘာဝအညထာဘာဝ”ဆိုတဲ့အတိုင်း တဏှာက ပါနေတော့ မသာယာပေဘူးလား၊ သာယာတယ်၊ မသာယာ
လို့ကော ဖြစ်ပါ့မလား၊
ရုပ် နာမ်သာ ရှိ
အခု ဓမ္မာစရိယကိုယ်တော်လေးတွေ ဘုန်းကြီးက သီလရှိလို့သာ ထားတာ၊ စာတတ်ပေမယ့်
သူတော်ကောင်း မဟုတ်, သိက္ခာ မရှိရင် မထားပါဘူး၊ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြ၊ တရားတွေက
ကောင်းတယ်၊ မလိုက်စားလို့ မဖြစ်ဘူး၊ အများစုအနေနဲ့တော့ လိုက်စားလာကြပြီ၊ စဉ်းစားကြ၊
တဏှာ ပျောက်အောင်က ရုပ်နာမ် အဖြစ်အပျက်ကို ရှုလိုက်ရတယ်၊
အမိဝမ်းတွင်းမှာ ရုပ်ကလာပ် သုံးစည်း, စိတ်, စေတသိက်၊ ဒါကို ဘာနဲ့ ကြည့်
ကြည့် မမြင်နိုင်ဘူး၊ မမြင်တော့ ဘယ်ထင်လိမ့်မလဲ၊ နောက် ၇ ရက်လောက် ကြာတော့ အဟောင်းက
စိတ္တက္ခဏ ၁၇ ချက် ပျက်တော့ ခဏငယ် ၁ ချက်၊ ရုပ်တွေက ထပ်တိုးတယ်၊ တိုးတဲ့ ရုပ်တွေက တည်၊ အရင်တိုးတဲ့
ရုပ်တွေက ပျက်၊ နောက် တိုးတဲ့ ရုပ်တွေက
ဖြစ်၊ ဖြစ်ပျက် ဖြစ်ပျက်ပဲ၊ ဖြစ်ဆဲ ပျက်ဆဲပဲ၊ အဲဒီလို ဖြစ်ပြီးနောက် ၇ ရက်လောက်ကြာတော့
အရည်ကြည် တည်တယ်၊ နောက် ၇ ရက်ကြာတော့ အမြှုပ် တည်တယ်၊ ဒီရုပ်နာမ်ဟာ ဘာတစ်ခုမှ ခိုင်မြဲမှု
မရှိဘူး၊ ဒီ လောကကြီးမှာ ရုပ်နာမ်အပြင် ဘာမှ မရှိပါဘူး၊ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာလဲ မရှိဘူး။
တရားရှာ ကိုယ်မှာတွေ့
ကိုရင်တို့တရားရှာတယ်, တရားရှာတယ်ဆိုတာ တခြားသွားရှာနေရတာ မဟုတ်ဘူး၊ ကိုယ့်ခန္ဓာကိုယ်မှာ
တရားတွေ ပြည့်နေတာပဲ၊ ခန္ဓာမှာ တရားရှာရတယ်၊ ကိုယ့်ခန္ဓာကို ဉာဏ်နဲ့ စိုက်ကြည့်ရင် ရုပ်
နာမ်တွေဟာ နာရီ, မိနစ်, စက္ကန့်မစဲ တဖွဲဖွဲ ဖြစ်ပျက်နေတယ်၊ ဥဒယဗ္ဗယဉာဏ် အမြင်သန်မှ ကောင်းတယ်။
လူတွေက ရိပ်သာသွား တရားအားထုတ်ကြ၊ ဘုန်းကြီးက မသွားရဘူးလို့မဆိုပါဘူး၊
သွားရပါတယ်၊ သွားပြီးတော့စကား များနေတာကတော့ မကောင်းဘူး၊ တကယ်တရားကို မိမိရရ အားထုတ်မှ
ကောင်းတယ်၊ ခုတော့ တချို့နေရာတွေမှာကြားနေ ရတာက တယ် မကောင်းလှဘူး၊ ဘုန်းကြီးက အပြစ်
ပြော နေတာ မဟုတ်ပါဘူး၊
တရားအားထုတ်တယ်ဆိုတာ လောဘ ဒေါသနည်းအောင်လို့ အားထုတ်တာ၊ နည်းမှလဲ ကောင်းတယ်၊
တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်နေတာကတော့ မကောင်းဘူး၊ ဗုဒ္ဓရိပ်သာက ဒီလို မဟုတ်ဘူး၊ အေးချမ်းတယ်၊
ငြိမ်သက်တယ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ရစေနိုင်တယ်၊ ဗုဒ္ဓရိပ်သာကို အကုန်လိုက် မမီတောင် လက်လှမ်းမီသမျှ
လိုက်နိုင်အောင် ကြိုးစားရမယ်။
တရားအရသာ
တရားတော်တွေက လိုက်စားလေ ကောင်းလေပဲ၊ တရားတော်တွေကို စဉ်းစားနေရတာ စိတ်ချမ်းသာတယ်၊
လောကအကြောင်းတွေ တွေးနေရတာ သံဝေဂ ဖြစ်တယ်၊ သံဝေဂဖြစ်မှလဲ တရားဘက်ကို လိုက်ဖြစ်တယ်၊
တရားဘက်က လိုက်မှလဲ သူတော်ကောင်းတွေ ဖြစ်မယ်၊ တရားကို အာရုံပြုနေတော့ သမာဓိ ရလာတယ်၊
သမာဓိ ရလာတော့ စိတ်က တည်ကြည်လာတယ်၊
စိတ် တည် ကြည်လာတော့ ဉာဏ်တွေက ပွင့်လာတယ်၊ ဘုရားပေါ်မှာလဲ ယုံကြည်စိတ်ဟာ
ပြင်းထန်လာတယ်၊ တရားအပေါ်မှာလဲ ယုံကြည်စိတ်ဟာ ပြင်းထန်လာတယ်၊ ဒီတော့ ပိုအားထုတ် လာတယ်၊
အားထုတ်လေ စိတ်ချမ်းသာလေပဲ၊ စိတ်ချမ်းသာလေ တရားအရသာက ကောင်းလေပဲ။
ဘဝအမှီကောင်း ရှာ
လောကမှာ အမှီအခိုဆိုတာ ရှိရတယ်၊ တပည့်ဟာ
ဆရာကို မှီခိုနေရတယ်၊ သား သမီးများဟာ မိဘများကို မှီခိုနေရတယ်၊ ဒီအတိုင်းပဲ သံသရာသွားတဲ့အခါ တရား အမှီအခိုရှိမှ ကောင်းတယ်၊ ဘဝ အမှီကောင်း ရှာရတယ်၊
ဘဝအမှီကောင်းရှာဆိုတာ ဒီဘဝမှာ အမှီကောင်းရှိမှလဲ နောင်လာမယ့် ဘဝမှာ အမှီကောင်းမယ်၊
ဒီဘဝမှာ အမှီကောင်းဖို့က ပုဗ္ဗေ စက ကောင်းခဲ့ဦးမှ၊ ပုဗ္ဗေ စက ကောင်းပြန်သော်လဲ
ဆရာအမှီကောင်း ရှိဦးမှ ဖြစ်တယ်၊ ဆရာကောင်းနေပြန်တော့လဲ ထိုဆရာရဲ့တရား အမှီကောင်း ရဦးမှ ဖြစ်တယ်၊
ကိုယ်ကလဲ ဆရာ ဆုံးမတဲ့အတိုင်း ကောင်းကောင်းနေဦးမှ ဖြစ်တယ်၊ ဒါမှ
ဒီဘဝကော နောက် ဘဝပါ အမှီကောင်းမယ်။
ကိုယ်ကျင့်တရား
ကိုယ်ကျင့်တရားဟာ အလွန် အရေးကြီးပါတယ်၊ လူတွေမှာ ကိုယ်ကျင့်တရားဟာ အရေးကြီးဆုံးပဲ၊
လူတွေမှ မဟုတ်ဘူး၊ တို့ ဘုန်းကြီးတွေလဲ အရေးကြီးတာပဲ၊ သတ္တဝါတွေက ကိုယ်ကျင့်တရားကို
တယ်ပြီး တန်ဖိုးမထားချင်ကြဘူး၊
မလစ်နဲ့ လစ်ရင် ခိုးမယ်၊ သောက် မယ်၊ စားမယ်၊ ဒီလို ယုတ်မာတဲ့ စိတ်တွေက
တယ်များကြ တာပဲ၊ ဒါတွေ ကြီးစိုးနေသမျှ လူမျိုးလဲ မကောင်းဘူး၊ တိုင်းပြည်လဲ မကောင်းဘူး၊
ဘုန်းကြီးများဘက်က ကြည့်ရင်လဲ သာသနာလဲ မကောင်းဘူး၊ ဒါကြောင့် လူကလဲ လူ့သီလ လုံအောင်
ထိန်းလို့၊ ဘုန်းကြီးတွေကလဲ ကိုယ့်သီလကိုယ် လုံခြုံအောင်ထိန်းလို့ဆိုရင် ခုဘဝ နောက်ဘဝ
နှစ်ဖက်ကောင်း ကောင်းရတယ်။
ရှေးသူတော်ကောင်း တို့၏ လမ်း
ရှေးသူတော်ကောင်းတွေဟာ လွန်ခဲ့ပြီးတဲ့ အတိတ်ဘဝကလဲ
လောဘ, ဒေါသတွေကို ပယ်ခဲ့တယ်၊ နောက် လာမယ့် သူတော်ကောင်းတွေလဲ ပယ်ရဦးမှာပဲ၊ ခု
သူတော် ကောင်းတွေလဲ ပယ်ရမှာပဲ၊ သူတော်ကောင်းကို စာနဲ့ချိန်ထိုးလို့ မရဘူး၊ သူတော်ကောင်းတို့ရဲ့
သွားရာ လမ်းဟာ နိဗ္ဗာန် တစ်လမ်းပဲ ရှိတယ်၊ သူတော်ကောင်းတွေရဲ့ လမ်းကို ကိုယ် လိုက်နိုင်အောင်
ကြိုးစားကြ၊ ကိုယ်နဲ့ စပ်လာတဲ့ ကိုယ်တော် လေးတွေကိုလဲ အနေအထိုင်, အစားအသောက်ကအစ ပြုပြင်
ပေးကြ၊အဖိတ်နေ့, ဥပုသ်နေ့တွေမှာခေါ်ခေါ်ပြီး ဩဝါဒပေးကြ။
သူများ ဩဝါဒပေး ဆိုတာ
ဦးဇနိတကျောင်းထိုင်တဲ့ ရွာမှာ.. သူက ဒါယကာ, ဒါယကာမတွေကို ကိုယ့် သား သမီး ရှင်မပြုခင် ဖိုးသူတော်
ဝတ်ထားဖို့ရာ ဩဝါဒပေးသတဲ့၊ လူတွေက မလိုက်နိုင်ကြဘူး၊ ဒါနဲ့ စိတ်ပျက်ပြီး တောထွက်သွားသတဲ့၊
သူများဩဝါဒပေး ဆိုတာ အများ လိုက်နာနိုင်အောင် ပေးရမယ်၊ တို့ မြတ်စွာ ဘုရားဟာ ဒါတွေ
ကြည်ညိုစရာ ကောင်းတာပဲ၊ မြတ်စွာ ဘုရားက ယောကျာ်းမှန်သမျှကို မိန်းမ မယူစေချင်ဘူး၊
ယူတော့လဲ ....
“ဥဘော သဒ္ဓါ
ဝဒညူ စ, သညတာ ဓမ္မဇီဝိနော၊ တေ
ဟောန္တိ ဇာနိပတယော, အညမညပိယံဝဒါ” လို့ ဟောတော်မူတယ်။
မိမိတို့ ဇနီးမောင်နှံရယ်လို့
ဖြစ်လာရင် နှစ်ယောက်လုံး သဒ္ဓါတရား တူမျှရတယ်၊ အသိဉာဏ် တူမျှရတယ်၊ ကိုယ်ကျင့် သီလ ကောင်းရမယ်၊
တရားသဖြင့် ရောင်းဝယ် ဖောက်ကား စားသောက်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုရင်လဲ ချစ်ဖွယ်သော
စကားကိုပဲ ပြောရမယ်”လို့ ဟောလိုက်တယ်၊ ဟော-ဘယ်လောက်ကောင်းလဲ၊ ဒါကြောင့် သူများ ဩဝါဒ
ပေးတယ်ဆိုတာ လိုက်နာနိုင်အောင် ပေးရတယ်။
ဩဇာအာဏာ ပေးဆိုတာ
ဩဇာအာဏာပေးတယ်ဆိုတာ ပေးတိုင်းကောင်းတာ မဟုတ်ဘူး၊ ဦးအဂ္ဂ တံမြက် စည်းသည်
ခေါ်လာတယ်၊ ဒါယကာကြီး ကလဲ သံဃိကအတွက် မှာထားတယ်လို့ ပြောတယ်၊ ဦးအဂ္ဂ ကလဲ ခေါ်ပါဆိုလို့
ခေါ်ရတဲ့အကြောင်း ပြောတယ်၊ သူ့ အပြစ်လဲ မဟုတ်ဘူး၊ ဘုန်းကြီးမှာ တော်တော် စိတ်ရှုပ်သွား
တယ်၊
ဘုန်းကြီးမှာ ထာဝရဩဇာကိုမသုံးပါဘူး၊ ဒါယကာကြီးကိုလဲ စိတ်အနှောင့် အယှက်မဖြစ်စေရဘူး၊
ကိုယ်သာ စိတ်အရှုပ် ခံမယ်၊ သူများကို ဩဇာသိပ်မသုံးဘူး၊ ဩဇာသုံးလိုက်ရင် သူတို့မှာ စိတ်မကောင်းပေဘူး၊
ဒါကြောင့် ဩဇာအာဏာ သုံးတယ်ဆိုတာ နေရာတိုင်း သုံးလို့ ကောင်းတာ မဟုတ်ဘူး။
စိတ်ပြဒါးရှင်
ဖမ်းနိုင်လျှင်
ကိုရင်တို့ ကိုယ့်စိတ်ကို ဘာဝနာနဲ့ ထုံထားကြ၊ လုံထဲမှာ ဓာတ်လုံး ထည့်ပြီး
ဖိုထိုးသလိုပေါ့၊ မီးဘယ်လောက်ရှိရင် ပြဒါးလုံးဟာ ဘယ်အထိ တန်ခိုးထက်လာမယ်ဆိုတာ သိရသလို
စိတ်တည်း ဟူသော ပြဒါးလုံးလေးကို ဘာဝနာဖိုပေါ် တင်ထားလိုက်ရင် စိတ်တန်ခိုး ဘယ်လောက်အထိ
တက်လာမယ်ဆိုတာ ကြာ တော့ သိလာရတာပဲ၊ စိတ်ပြဒါးလုံးကို ဖမ်းနိုင်ဖို့ရာ အရေး ကြီးတယ်၊
ကဲ ... တော်ပြီ၊ သွားကြတော့။
ဓမ္မဗျူဟာ
အတွဲ(၁၈)၊
အမှတ်(၉)
(၁၉၇၉၊ နိုဝင်ဘာလ)
မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်း သြဝါဒ စာအုပ်မှ ပူဇော်ပါသည်။