တဏှာတွင်ကျယ် သူခြယ်လှယ်
နေရာတိုင်းမှာ ဤတဏှာ
ခွေးနှစ်ကောင် ကိုက်တာဟာ ကိုက်တုန်းတော့
ဒေါသပဲ၊ အရင်းခံကဘာလဲ၊ တဏှာ၊ တဏှာကြောင့် ခွေးနှစ်ကောင် ကိုက်ကြတယ်၊ ကိုက်တော့ ဒေါသဖြစ်တယ်၊
လူနှစ်ယောက် ရိုက်ကြ တာလဲ ရိုက်တုန်းက ဒေါသ၊ အရင်းခံက တဏှာကြောင့် ရိုက်နှက်ကြတာတွေပဲ၊
တဏှာ လက်ထောက်ချနေတာ၊
ရှင်ဘုရင် နှစ်ဦး တိုင်းပြည်လုတာကလဲ တဏှာကြောင့်၊ တို့နိုင်ငံမှာ မြင်းကွန်းမင်းသား,
ကနောင် အိမ်ရှေ့မင်းသား နှစ်ပါးရှိတယ်၊ မြင်းကွန်းမင်းသားက မင်းတုန်းမင်းရဲ့ သားအကြီး
ဟုတ်ချင်မှ ဟုတ်မယ်၊ မင်းတုန်းမင်းကြီးရဲ့ ညီတော် ကနောင်မင်းသားက နန်းတွင်းမှာ ဩဇာလွှမ်း
ခြယ်လှယ်နေတော့ မြင်းကွန်း မင်းသားဟာ သူ့ဘထွေး ကနောင်ကို လုပ်ကြံ သတ်ဖြတ် လိုက်တယ်၊
ဒါဟာ အရင်းခံက တဏှာပဲ။
အမိဝမ်းလဲဒီတဏှာ
မဟာဇနကဇာတ်မှာ မဟာဇနကရယ်, ပေါလဇနကရယ် ရှိတယ်၊ မဟာဇနကမင်းကို ဘေးက ကုန်းတိုက်ကြတော့
ညီတော် ပေါလဇနကကို ထောင်ချတယ်၊ ဒါဟာ သူ့ရဲ့
နန်းစည်းစိမ်ကို ယူမှာ ကြောက်လို့၊
ဒီလို ဖြစ်ရတာဟာလဲ တဏှာကြောင့်ပဲ၊ နောက် တော့ ညီတော်က ထောင်က ထွက်ပြေးပြီး စစ်သည်အင်အား
စုရုံးတယ်၊ ထီးနန်းကို ပေးပါ၊ မပေးရင် စီးချင်းတိုက်မယ်လို့ ကြေညာတယ်၊ ဒါဟာလဲ သူတို့
အရင်းခံက တဏှာပဲ၊
ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံး
ကိုယ့်ကိုယ်ကို ချစ်ရင် တဏှာကို ပစ်ကြရမယ်၊ ဘုန်းကြီးတို့ဘုရားလက်ထက်မှာ
နတ်သားတစ်ယောက်က ဘုရားကို လာ လျှောက်တယ်၊ “နတ္ထိ ပုတ္တသမံ ပေမံ”-လောကမှာ မိမိသား ကိုသာ
မိမိအချစ်ဆုံးလို့ နတ်က လျှောက်တော့
မြတ်စွာဘုရား က “နတ္ထိ အတ္တသမံ ပေမံ”လို့ အမိန့်ရှိတယ်၊ ဒီတော့ နတ်က “ဟာ တယ်ဟုတ်ပါလား၊ လောကမှာ ကိုယ့်ကိုယ်
ကိုသာ အချစ်ဆုံးဆိုတာ တယ်မှန်ပါလား”လို့ နတ်သား သဘောကျသွားတယ်၊ ကိုယ့်ကိုယ်ကို ချစ်တာဟာ
သူတကာနဲ့ တူပါ့မလား၊ မတူဘူး၊
ပြီးတော့လဲ “ယံပိစံ္ဆ န လဘတိ”
ဆိုတာလို ကိုယ်လိုချင်တာမရတော့ ဒုက္ခရောက်ပြီး စိတ်ဆင်းရဲ ရတယ်၊ ဒီဒုက္ခကို ဘယ်သူက လာပေးသလဲ၊
ဘယ်သူကမှ လာပေးတာ မဟုတ်ဘူး၊ ကံတရားကြောင့် ဒီခန္ဓာကြီး ရလာ, ဖြစ်လာတာ၊ ဒီခန္ဓာကြီး ရှိနေလို့သာ
ဒီဒုက္ခတွေ ခံနေရတာ။
ဘာဝနာမှု နေ့စဉ်ပြု
ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ချစ်တတ်ကြရမယ်၊ ကိုယ့်ကိုယ်ကို
ချစ်တယ်ဆိုတာ လူဆိုလဲ မိမိတို့ သီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်၊ ဘုန်းကြီး ရဟန်း
သာမဏေတွေဆိုလဲ မိမိ သီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်၊ ဘဝနာတရား ကိုလဲ လက်မလွှတ်ရဘူး၊
မိမိရဲ့ ရုပ်ခန္ဓာအပေါ်မှာ အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာတင်ပြီး ဆင်ခြင်သုံးသပ်ပေးရတယ်။
ဒုက္ခမှန်းသိလျက် မပယ်နိုင်
ရန်သူတစ်ယောက်ဟာ သူတစ်ယောက် တည်းနေရင်
ဒုက္ခပေးပါ့မလား၊ မပေးဘူး၊ သူများဆီ သွားတိုက်ရ ခိုက်ရတော့ ဒုက္ခ တွေ အများကြီးရတယ်၊
ဒါတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံး ဖြစ်နေလို့ပဲ၊ လူတွေဟာ ဒီအလုပ်ကို လုပ်ရင် ဒုက္ခရောက်မယ်
ဆိုတာ သိတယ်၊ သိလျက်နဲ့ မပယ်စွန့်နိုင်ကြဘူး၊
ဒါဟာ အရင်းခံက ဘာလဲ၊ ကိုယ့်ကိုယ်ကို အချစ်ဆုံး ဖြစ်နေလို့ပဲ၊ ဒီအချစ်ဆုံးသာ
မရှိရင် ဒုက္ခတွေလဲ မရှိတော့ မဖြစ်တော့ဘူး၊ ကိုယ့်ကိုယ်ကို ချစ်ရင် ချစ်တတ်အောင် နေတတ်ကြရတယ်၊
ကိုယ့်ကိုယ်ကို မချစ်တတ်ရင် သံသရာနစ်ကြဦးမှာ သေချာ နေတာပဲ။
မသူတော်မေ့ မေ့နေကြ
သံသရာမှာ နစ်မျောမနေကြအောင် သတိရှိရှိနဲ့ ကြိုးစားကြရမယ်၊ လောကမှာ မေ့မေ့
လျော့လျော့ ပေါ့ပေါ့ဆဆ နေတဲ့လူတွေကို ထုတ်ပြပါ၊ ဆွဲပြပါဆိုရင် အများကြီးပဲ၊ တို့ တချို့ဘုန်းကြီး
တွေဆိုရင် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေတာတွေ မရှိဘူးလား၊ ရှိတယ်၊ ကုသိုလ်စိတ်နဲ့
မနေရင် ကုသိုလ်တရား တွေမှာ သတိလစ်ဟင်းနေတာပဲ၊
မေ့နေတာကို မြတ်စွာဘုရားက “အပ္ပမာဒေန သမ္ပာဒေထ”လို့ ဆိုတာပေါ့၊ ခုတော့ သတ္တဝါတွေ
မေ့နေတာက ‘ဖွတ်မေ့ ပဒတ်မေ့ မဟုတ်ဘူး၊ မသူတော်မေ့ မေ့နေကြတာ၊’ ကိုရင်တို့ ဦးပဉ္စင်းတို့လဲ
မသူတော်မေ့ မေ့မနေ ကြနဲ့၊ သတိနဲ့ နေကြ၊ သံသရာကြီး အရှည်သဖြင့် သွားကြရ ဦးမှာ၊ ကုသိုလ်တရားနဲ့
နေကြ၊ ကုသိုလ်တရားတွေကို အမှတ် ရနေကြ။
စာထဲမှာ လူပါးဝအောင် လုပ်ကြ
ဒါကြောင့် ဘုန်းကြီးက အင်္ဂုတ္တိုရ်တို့ ဓမ္မပဒတို့ကို အကြည့်ခိုင်းတာ၊ ကြည့်ပါများတော့
အနက်ဉာဏ်သွားလာတယ်၊ စာကြည့်တတ်လာတယ်၊ ဥပုသ်နေ့ အဖိတ်နေ့တွေမှာ ဒါတွေ ကြည့်ပေးကြ၊ ဘုရားအကြောင်းတွေကို
စဉ်းစားနေရတော့ ကုသိုလ်တွေ ရနေတယ်၊ လောကကြီး လူ့အကြောင်း တွေကို မသိတာ ကောင်းတယ်၊
စာကို ကြပ်ကြပ်နိုင်လာတော့ လူ့အကြောင်းတွေ သိလာတယ်၊ လူ့အကြောင်းတွေသာ
မကဘူး၊ နတ်အကြောင်းတွေပါ သိလာရတယ်၊ စာတွေဟာ သိပ်ကောင်းတယ်၊ လူ့ဘဝလမ်းစဉ်တစ်လျှောက်လုံး
အမွှန်း တင်ပေးနေတာဟာ ဒီစာတွေပဲ၊ ကိုရင်တို့ စာထဲမှာ လူပါးဝ အောင် လုပ်ကြ။
တဏှာမရှိရင်
မလိုချင်
ကိုယ့်ကိုယ်ကို ချစ်တာလဲ တဏှာပဲ၊ သူတစ်ပါး ချစ်တာကော တဏှာပဲ၊ ဝိသာခါဟာ သူ့မြေးကလေး
ဆုံးတော့ ငိုလိုက်တာ၊ ဆံပင်တွေ ရေတွေ ရွှဲလို့၊ သူတို့ အိန္ဒိယက လူသေရင် ခေါင်းလျော်ရတာမျိုးကိုး၊
ဒါနဲ့ ဝိသာခါဟာ ငိုပြီး ဘုရားဆီလာတော့ ဘုရားက-
“ဝိသာခါ ... ဘာကြောင့် ငိုရတာလဲ”
“ဘုရားတပည့်တော်မ မြေးလေး
ဆုံးသွားလို့ပါဘုရား၊ မြေးကလေးက လိမ္မာလဲ လိမ္မာ, ရုပ်ကလဲ ချောဆိုတော့ စိပ်ချစ်ပါတယ်ဘုရား”
“အဲဒီလို လိမ္မာ ရုပ်ချောတဲ့
မြေးကလေး နောက်ထပ်ရရင်ကော မလိုချင်ဘူးလား”
“နောက်ထပ် ဒီလို ရုပ်ချောလိမ္မာတဲ့
မြေးမျိုးသာ ရမယ် ဆိုရင် လိုချင်တာပေါ့ဘုရား”
“သာဝတ္ထိပြည်မှာ လူဦးရေ
ဘယ်လောက်ရှိသလဲ ဝိသာခါ”
“လူဦးရေ ခုနစ်ကုဋေ ရှိပါတယ်ဘုရား”
“သာဝတ္ထိပြည်မှာ ရှိတဲ့
လူတွေကကော ဒီလို ရုပ်ချော လိမ္မာတဲ့ မြေးကလေးတွေ မလိုချင်ဘူးလား”
“ရရင် လိုချင်တာပေါ့ဘုရာ”
“ဒီလိုဆိုရင် သာဝတ္ထိပြည်မှာ
တစ်နေ့ လူတွေဘယ်လောက် သေနေသလဲ”
“ဒါတော့ဘုရား မြို့မှာ
လူတွေက အများကြီးဆိုတော့ နေ့ရှိသရွေ့ သေနေကြရ တာပေါ့ဘုရား”
“ဒီလိုဆို ဝိသာခါ
... သင့်ခေါင်းက ဆံပင် ရေခြောက်နိုင် ပါဦးတော့မလား”
“ဟာ .... တပည့်တော်မ
မလိုချင်တော့ပါဘုရား” တဲ့။
ဒါဟာ ဘာလဲဟေ့၊ ဒုက္ခကို
မြင်လို့ တဏှာက နောက်ဆုတ်သွားတာ၊ တဏှာက ရှိနေတော့ “ရလေ လိုလေ အိုတစ္ဆေ” ဆိုတာလို ဖြစ်နေကြတယ်၊
တို့ လောကက မိုက်တဲ့ သား သမီးဆိုရင် မိဘတွေက မလိုချင်ကြဘူး၊ လိမ္မာတဲ့ သား သမီးမှ လိုချင်ကြတယ်၊
ဝိသာခါကလဲ သူ့မြေးကလေးက လိမ္မာတော့ လိုချင်မှာပဲ၊ ဒီလို လိုချင်တာကလဲ တဏှာမှန်း မသိလို့
လိုချင်တာ၊ မြတ်စွာဘုရားက ဟောလိုက်တော့မှ တဏှာမှန်း
သိလို့ နောက်ဆုတ်သွားတာ။
တဏှာနည်းအောင်
ကျင့်ကြံဆောင်
သတ္တဝါတွေဟာ တဏှာအရင်းခံပြီး ဖြစ်လာကြရတယ်၊ ဒီ တဏှာကို
လျော့အောင် မလုပ်ဘဲ တိုးပွားအောင် ထပ်လုပ်နေကြတယ်၊
တဏှာနည်းရင် ကောင်းတယ်၊ တဏှာ သူပုန်ဟာ တော်တော် ကြောက်စရာ ကောင်းတယ်၊ ကိုယ်က သူ့ကို
အရင်ဦးအောင် တိုက်နိုင်မှ ကောင်းတယ်၊ ဒီတဏှာ သူပုန် ဝင်အစီးခံရရင် မသက်သာဘူး၊
တို့ ဒီတဏှာသူပုန်ကို အပြုတ်တိုက်ကြရမယ်၊ ဘယ်လို တိုက်ကြမလဲ၊ သီလနဲ့တူတဲ့
ချပ်ဝတ်မိန်ညိုကို ဝတ်ဆင်ပြီး သမာဓိနဲ့တူတဲ့ သန်လျက် ဓားကို ထုတ်ပြီး ဝီရိယအားနဲ့ ထိုးခုတ်သတ်နိုင်မှ
ဒီတဏှာ သူပုန် သေမယ်၊ တို့သန္တာန်မှာ တဏှာနည်းလေ စိတ်ချမ်းသာ လေပဲ၊ ဒါကြောင့် တဏှာ နည်းအောင်
ကျင့်ကြ၊ ကြံကြ။
နွားချိုပမာ ထိုတဏှာ
တို့ တဏှာက အသက်ကြီးလာလို့ လျော့သွားမယ် မထင်နဲ့၊ အသက်ကြီးလေ တဏှာ က တိုးပွားလေပဲ၊
စာက ဘာလဲ ....
“ဂဝံဝ သိင်္ဂီနော သိင်္ဂံ, ဝဍ္ဎုမာနဿ
ဝဍ္ဎုတိ၊
ဧဝံ ဗာလဿ ပေါသဿ, သဒ္ဓမံ္မ အဝိဇာနတော၊
ဘိယျော တဏှာ ပိပါသာ စ, ဝဍ္ဎမာနဿ ဝဍ္ဎုတိ” လို့ ဆိုတယ်မဟုတ်လား၊
ဧဝံ ဗာလဿ ပေါသဿ, သဒ္ဓမံ္မ အဝိဇာနတော၊
ဘိယျော တဏှာ ပိပါသာ စ, ဝဍ္ဎမာနဿ ဝဍ္ဎုတိ” လို့ ဆိုတယ်မဟုတ်လား၊
တို့ နွားများဟာ ကြီးလေ ချိုရှည်လာလေပဲ၊ လူတွေလဲ ကြီးလေ တဏှာလောဘ ကြီးလာလေပဲ၊
ရှည်လာတဲ့ ချိုကို ကတ်ကြေးနဲ့ ကိုက်ပေးရသလို တို့ တဏှာဦးချိုကိုလဲ ဘာဝနာ ကတ်ကြေးနဲ့
ကိုက်ပေးရမယ်၊ သူတော်ကောင်းတရားတွေကို မသိသမျှတော့ တဏှာက တိုးနေဦးမှာပဲ၊ စာထဲက တရားတွေကို
မိမိတို့ သန္တာန်ထဲ ရောက်အောင် လုပ်ကြ၊ ကဲ ... တော်ပြီ၊ သွားကြတော့။
ဓမ္မဗျူဟာ
အတွဲ(၁၈)၊
အမှတ်(၈)
(၁၉၇၉၊
အောက်တိုဘာလ)