Monday, December 10, 2012

ဘာသာသွေး အပိုင်း (၂၆) ( မြန်မာနိုင်ငံနောက်ပိုင်းသာသနာ)


၇။ မြန်မာနိုင်ငံနောက်ပိုင်းသာသနာ

ဘုန်းတော်ကြိးကျောင်းများ နိမ့်ကျခဲရပုံ

လောက၌ ဖြစ်တတ်သောသဘောကို ရေးသားခြင်းမှာ ဘုန်းတော်ကြီးကျောင်း များ နိမ့်ကျရခြင်း၌ လောကသဘောနှင့် ကိုက်ညီပုံကို ပြလိုသောကြောင့် ဖြစ်ပါသည်၊ မိမိသည် အစိုးရ အသိအမှတ် မပြုအပ်သော ဘုန်းကြိးကျောင်းမှာ နေခဲ့ရသောကြောင့် ထိုဘုန်းကြိးကျောင်းများ၏ တဖြည်းဖြည်း နိမ့်ကျလာပုံကို စုံစုံလင်လင် နားလည်ပါ သည်၊

မိမိငယ်စဉ်က မိမိတို့၏ ရပ်ရွာနှင့် ပတ်ဝန်းကျင် ရပ်ရွာများဝယ် တည်ရှိကြသော ဘုန်းတော်ကြိးကျောင်းများသည် ကျောင်းသား, ရှင်သာမဏေ,ရဟန်းငယ်များနှင့်တကွ မန္တလေးသို့ စာသင်သွားနေကြသော ရဟန်း သာမဏေများပါ အတော် စည်စည် ကားကား ရှိခဲ့ကြ၏၊ ယခုသော မိမိနေခဲ့ရာကျောင်း၌ ဘုန်းကြိးတစ်ပါး တည်းသာ ရှိ၏ ရှင် ရဟန်းကို မဆိုထားဘိ, ကျောင်းသားတစ်ယောက်မျှ မရှိတော့၊ အခြားကျောင်းများ၌လည်း ပိန်မသာ လိန်မသာပင် ဖြစ်၏၊ အနီးဆုံး ကျောင်းတစ်ကျောင်း၌ကား ကျောင်းစောင့်ဘုန်းကြိးမျှပင် မရှိရှာကြတော့ချေ။


ဘာကြောင့်ဤသို့ဖြစ်ရသနည်း

ဘုန်းကြီးတို့ကျောင်းမှ ဆရာတော်နှင့် အခြားတစ်ကျောင်းမှ ဆရာတော်ကြီးသည် သက်တော်ကြီးရင့်ပြီးဖြစ်၍ ကျောင်းတာဝန်ကို ဆောင်တော်မမူကြ၊ လက်ထောက်ရဟန်းဘုန်းတော်ကြီးများက တာဝန် ဆောင်နေကြသည်၊ ဝါတွင်းအခါ၌ မိမိတို့ရွှာနှင့် ပတ်ဝန်းကျင်ရွာများဝယ် တစ်သီတင်းအတွင်း၌ (၃)ရက်မျှ ဆွမ်းလုပ်ကျွေးနှင့် ဆွမ်းကြီးခံ ရှိ၏၊

ကျောင်းသား ကိုရင် ရဟန်းရှိသမျှ အားလုံး သွားကြ၏၊ ထိုရက်များ၌ နံနက်ပိုင်းဝယ် စာအံ စာတက် မရှိ၊ ကျောင်းသား ကိုရင်များကလည်း စာမအံရခြင်း, ဟင်းကောင်းစားရခြင်း, ရောက်ရာအရပ်၌ အမျိုးမျိုး ကစားရခြင်းတို့ကြောင့် ထိုသို့ လိုက်ရ သွားရသည်ကိုပင် ပျော်ရွှင်ကြ၏ ပျော်ရွှင်ရုံမက ကျောင်းသားကြီးတွေက ကိုရင်ဘဝကို အများဆုံး အားကျကြ၏၊ မိမိလည်း ထိုအချိန်က အားကျမိပါလိမ့်မည်၊

ဘာ့ကြောင့်နည်း...အလှူအတန်းရှိသောအခါ ကိုရင်များသည် ကျောင်းသား ထက် ဟင်းကောင်းစားရ, လက်ဖက်ရည် မုန့်များပါ ရဟန်းတော်များကဲ့သို့ စားရ သောက်ရသောကြောင့်တည်း။ ထိုသို့ ပုံမှန် ဆွမ်းကျွေးများအပြင် ဘုရားပွဲများလည်း ရှိသေး၏၊ စပါးရိတ်သိမ်းပြီးသောအခါ ပတ်ဝန်းကျင်ရွာများ၌ ရှင်ပြုကိစ္စများလည်း (စပါးရလျှင် ရသလောက်)ရှိသေး၏၊

ထိုရှင်ပြုကိစ္စ၌ကား ကျောင်းသား လေး ငါးယောက်နှင့်တကွ ကျောင်းအုပ်ချုပ်သော လက်ထောက် ဘုန်းတော်ကြီးကိုယ်တိုင် ညနေအထိ သွားရောက်တတ်၏၊ ကျောင်း၌ ကျန်ရစ်သော ကျောင်းသားများကို ကျန်ရစ်သော ဦးပဇင်း ကိုရင် ကျောင်းသား အချင်းချင်း စာချရသည်၊ ထိုကဲ့သို နေ့ပျက် ရက်ပျက်နှင့် စာသင်သည့်အပြင် များစွာသော မိဘတို့က မကြာမကြာ ကျောင်းမှ နုတ်ယူ၍ လူမမယ်သားငယ် ကလေးများကို နွားကျောင်းခိုင်း, စာခြောက်ခိုင်းကြလေ၏။
 
သင်ရသောစာ

ထိုကဲ့သို့ နေ့ပျက် ရက်ပျက်များစွာဖြင့် သင်ရသော စာကို ကြည့်ကြပါဦး ... သင်ပုန်းကြီး, မင်္ဂလသုတ်, ပရိတ်ကြီး, လောကနီတိ စသော သင်ရိုးစာများ ဖြစ်၏၊ မင်္ဂလသုတ် လောကနီတိမှာ လူ့ဘဝ၌ အလွန်အသုံးဝင်သော စာများ ဖြစ်ကြပါ၏၊ သို့သော်လည်း ကျောင်းသား သူငယ်များသည် နှုတ်တက်ရသည်မှတစ်ပါး စာ၏ဆိုလိုချက်ကို နားမလည်ရှာပါ၊

အမှန်အားဖြင့် စာကလည်း ကလေးနှင့်မတန်အောင် မြင့်လွန်းပါသည်၊ လက်ရေးကို သင်ကြရပါ၏၊ သို့သော် သတ်ပုံကို လည်းကောင်း, မြန်မာစကားပြေရေးနည်းကိုလည်းကောင်း မသင်ရပါ၊ အတော်အထက်တန်း ရောက်သောအခါ “နော ဧက နော”စသော ဂဏန်းအတွက်ကို သင်ရပါ၏၊

သို့သော် ထိုအခြေရောက်နိုင်သူကား အများအပြားမရှိပါ၊ ထို့ပြင် အကျင့်စာရိတ္တကိုလည်း မင်္ဂလသုတ် စသည်၌ ပါရှိပြီးဖြစ်၍ အထူးမသင်ကြတော့ပါ၊ ထိုသို့ စာရိတ္တယဉ်ကျေးမှုကို အထူး မသင်ရသောကြောင့်လား မသိ၊ ကျောင်းပေါင်းစုံ  ထမင်းစား ကြရာ၌ တိုး၍ ဝှေ့၍ လုယက်၍ စားကြလေသည်၊ ထိုသို့ စားရင်း ရန်ဖြစ်သူ လည်း မရှားပင်တည်း၊ “ကျန်းမာရေး”ဆိုသည်မှာ (သင်ပြဖို့ကို မဆိုထားဘိ) ကြားမျှ မကြားရပါ။

မြို့စာသင်ကိုယ်တော်များ

ဘုန်းကြီးတို့ ရွာကျောင်းမှ မန္တလေးမြို့သို့ စာသင် ထွက်ကြသော ကိုယ်တော်များ မနည်းလှပါ၊ ထိုကိုယ်တော်များသည် မြို့သို့ ရောက်သွား သောအခါ စာသင်တိုက်၌ သင်လေ့ရှိသော စာများကို သင်၍ စာမေးပွဲ များကို အောင်မြင်ကြပါ၏၊

စာမေးပွဲအောင်ပြီးအခါ တချို့ လူထွက် တချို့ ပျံတော်မူကြ၏၊ မိမိကျောင်းသို့ ပြန်၍ ကလေးသူငယ်များ ကိုလူတန်းစေ့အောင် လူရာဝင်အောင် စာသင်ပေးဖို့ အတတ်ပညာကိုကား ထိုစာမေးပွဲအောင်ရေးတွင် မသင်ခဲ့ရသဖြင့် မိမိ၏ ဆွေမျိုး သားချင်း ကလေးသူငယ်များ၏ အကျိုးကိုမဆောင်နိုင်ကြပါ၊

ဤနည်း အတိုင်းသာ သွားရပါမူ နောင်အခါ၌လည်း မျှော်လင့်ဖွယ် မရှိရုံသာ မကç မြို့သို့ စာသင်တက်ဖို့ရာ ရှင်ရဟန်း၏ အခြေခံကျောင်းသားပင် မရှိတော့သော အခြေအနေသို့ ရောက်နေပြီ မဟုတ်ပါလော။

ဘုန်းကြီးကျောင်းထွက်များ

ပြခဲ့သောနည်းဖြင့် နေ့ပျက်çရက်ပျက်နှင့် အရကျက် ပညာကို  နှုတ်တက်ရအောင် သင်အံပြီးနောက် ကျောင်းကထွက်သော ကလေးများသည် အိမ်သို့ ရောက်သောအခါ မိမိတို့၏ လုပ်ငန်းကို ကူညီလုပ်သူလည်း ရှိ၏၊ ကူညီမလုပ်ဘဲ ပေါ့ပေါ့ဆဆ နေသူလည်း ရှိ၏၊ ဖဲသမား ထန်းရည် သမားလည်း ရှိ၏၊

ကျောင်းကရခဲ့သောပညာကို အသုံးပြုနိုင်သူကား အလွန့် အလွန် နည်းပါး၏၊ ရှေးရှေးကသော် “မိမိကျောင်းထွက် တစ်ယောက်တလေ မိဘစကား နားမထောင်ဘဲ ဆိုးသွမ်းနေတယ်” ဟု ဆိုလျှင် ကျောင်းက ဘုန်းတော်ကြီးသည် ခေါ်၍ ဆုံးမနိုင်ခဲ့၏၊ ယခုသော် ထိုသို့ မဆုံးမနိုင်တော့၊ ဆုံးမနိုင်၍ ခေါ်ယူဆုံးမပြန်လျှင် ရှေ့တွင်တော့ “မသောက်တော့ပါ, မကစားတော့ပါ”ဟု တာဝန်ခံ၏၊ ရွာထဲ ရောက်လျှင်ကား  သောက်မြဲ သောက်, ကစားမြဲ ကစားသည်သာ။
 
ဘုန်းကြီးကျောင်းကိုအားမကိုးတော့

လောက၌အကျိုးမရသောဌာနကို လေးလေးစားစား အားမကိုးကြခြင်းသည် ထုံးစံဓမ္မတာဖြစ်၏၊ ထို့ကြောင့် ယခုအခါ များသောအားဖြင့် ဘုန်းတော်ကြီးများ၏ ကျောင်းမှ ထွက်ခဲ့ကြသူတို့သည် မိမိတို့၏ သားများကို မိမိနေခဲ့သော ဘုန်းတော်ကြီး ကျောင်း၌ ထားလို စိတ် မရှိကြတော့၊ လောကီလူကျောင်းသို့သာ ပို့ကြတော့၏၊

လောကီ လူကျောင်းမရှိသော ရွာကလေး၌သာ မလွှဲသာ၍ ဘုန်းတော်ကြီး ကျောင်းသို့ ပို့ရတော့သည်၊ မိမိတို့ ဘုန်းတော်ကြီးများသည် တစ်ချိန်က တစ်နိုင်ငံလုံး၏ အားကိုးရာဖြစ်၍ အားလည်း ကိုးလောက်ခဲ့ကြပါလျက် ယခုအခါ အားကိုးမခံရခြင်း, အားမကိုးလောက်ခြင်းကိုတွေးကာ မိမိတို့ အပြစ်ကို မိမိ သနားရတော့မလို ဖြစ်ပါတော့သည်။

ငြီးငြူသံနှင့် ပယ်လှယ်သံ

မိမိတို့ရွာကဲ့သို့ များစွာသော ရွာတို့ဝယ် ဘုန်းတော်ကြီးကျောင်းများ ၌ စာသင်မည့် ကျောင်းသား မရှိတော့ပါ၊ ရှိပြန်လျှင်လည်း များများစားစား မရှိတော့ပါ၊ ထိုသို့ ကျောင်းသား မရှိသည့်အတွက် ခိုင်းစရာ မရှိကြသော ဘုန်းတော်ကြီးများသည် “သားများကို မိမိတို့ ကျောင်းမထားသော မိဘများ၏ အပြစ်လိုလို, လောကီ လူကျောင်းများ ရှိသောကြောင့်လိုလို”နှင့် ကိုယ်၏ ချွတ်ယွင်းချက်ကို သတိမထားဘဲ သူတစ်ပါးကို အပြစ်တင်လိုကြ၏၊

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များ၌ “ခိုင်းစရာ ကျောင်းသား မရှိ”ဟု ကျက်သရေမင်္ဂလာမရှိသော  ငြီးငြူသည့်အသံ ဆူညံနေချိန်မှာ ဘာသာခြား သာသနာပြု ကျောင်းများ၌ကား ဗုဒ္ဓဘာသာဝင် ကလေးတွေကို အပြေးအလွှား အပ်နေကြသဖြင့် “လက်မခံနိုင်ဘူးç နေစရာမရှိတော့ဘူး”ဟု ပယ်လှန်ရလောက်   အောင် (ဉာဏ် ဝီရိယအကျိုးကို ဖော်ပြသည့်) ကျက်သရေမင်္ဂလာ အသံများ နားမဆံ့အောင် ကြားနေရပါသည်။

သတိရဖွယ် ကောင်းသောအချိန်

ယခုအခါ အလွန်တိုးတက်နေသော ဘာသာခြား ကျောင်းများ၏ အရင်းအစမှာ မင်းတုန်းမင်း လက်ထက်၌ မန္တလေးနေပြည်တော်ဝယ်  စ၍ ပေါ်ခဲ့သော (ယခုလည်း ရှိနေသော) “သံတဲကျောင်း”ပင် ဖြစ်၏၊ ထိုသံတဲကျောင်း၌ မင်းဆွေ မင်းမျိုးများအပြင် ဘုရင်မင်း၏ သားတော်အချို့ပါ အခြွေအရံများစွာ နေ့စဉ်သွား၍ အင်္ဂလိပ်စာကို သင်ကြပါသတဲ့၊

ထိုသို့ မင်းသားများ၏ ဘာသန္တရသင်ခြင်းသည် နိုင်ငံခြားနှင့် ဆက်ဆံရာဝယ် စကားပြန် မထားဘဲ မိမိတို့ဘာသာ ဆက်ဆံနိုင်အောင် သင်ခြင်း ဖြစ်ပါလိမ့်မည်၊ သို့ဖြစ်လျှင် “ဘုန်းတော် ကြီးများထံမှ ရရှိသော သင်ရိုးပညာသည် နေရာတိုင်းမှာ အသုံးချ၍ မရ”ဟူသော အဓိပ္ပာယ် သက်ရောက်နေရကား ထိုအချိန်ကပင် ထိပ်ခေါင်တင် ဆရာတော်အချို့လည်း ထိုအဓိပ္ပာယ်ကို စဉ်းစားမိတော် မူကြပါလိမ့်မည်၊ ထို့ကြောင့် ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားသည် အင်္ဂလိပ်စာကို အတော်အတန် လေ့လာတော်မူသည်ဟု တစ်ဆင့်စကား ကြားရဖူးပါသည်။

** မဟာဂန္ဓာရုံဆရာတော်၏ ဘာသာသွေးစာအုပ်မှ ပူဇော်ပါသည်။

** သာသနာ့အန္တရာယ်ပြခန်း ကို ဆက်လက်ပူဇော်ပါမည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ