တစ်နေ့တစ်လံ နိဗ္ဗာန်ဘယ်ပြေးမလဲ
သာသနာပမှာ မလွယ်
လူတွေက
တရား အားထုတ်ချင်ကြတယ်၊ သူတို့က သားသမီးတွေ တတွဲတွဲနဲ့၊
ငါးပါး သီလနဲ့နေကြဖို့ ပြောရတယ်၊သူတို့အားထုတ် တာက မဂ်ပေါက် ဖိုလ်ပေါက် ဟုတ်ချင်မှ
ဟုတ်မှာ၊ လူတွေက အကွက် မသိကြဘူး၊ ခု ကိုယ်ကျင့်သီလ မကောင်းကြလို့ ဘာဖြစ်နေသလဲ၊ ကိုယ်ကျင့်သီလကို
အထူးကောင်းအောင် ကြိုးစားကြရမယ်၊ သာသနာအတွင်းမှာ အလုပ် လုပ်စရာတွေက အများကြီးပဲ၊ လုပ်ချင်ရာ
လုပ်လို့ရတယ်၊ သာသနာပမှာ ကျတော့ မလွယ်ဘူး၊ နောက်ဘဝက ဒီဘဝ ပြန်ရောက်ရင် ဆရာမိဘကောင်းနဲ့
တွေ့ချင်မှ တွေ့မှာ၊ ဒါကြောင့် ခု ရဟန်း ဘဝနဲ့ နေရတာဟာ နိဗ္ဗာန်ရောက်ကြောင်းလမ်းက
ဖြောင့် တယ်၊ ဝမ်းမြောက်ဝမ်းသာ နေထိုင်ကြ။
ဘုန်းကြီးဆိုတာ ဟန်မဆောင်ရ
ဘာလုပ် လုပ် ဆရာ တင်ရတယ်၊ လွဲသွားတော့ သူ့ကိုသာ လွှဲလိုက်ရုံပဲ၊
အပြစ်တင်ရင် သူသာ ခံရမှာ၊ ကိုယ်တော်တို့ စကားပြော, တရားဟော, စာရေး စာဖြေတာဟာ အလေ့အကျင့်
ရတယ်၊ လူတွေ စကားပြောတာက စည်းကမ်းနဲ့ စကားပြောတာ မဟုတ်ဘူး၊ ပါးစပ်ကြီး ဟဟပြီး အလွဲချည်း
လျှောက်လျှောက် ပြောနေတာပဲ၊ တို့ သာသနာမှာက ဘာဖြစ်ဖြစ် စည်းကမ်းကျ တယ်၊ ဘုန်းကြီးလုပ်
နေပြီး ဟန်မဆောင်ကြနဲ့၊ ဘုန်းကြီးဆိုတာ ဟန်မဆောင်ရဘူး။
“
ရဟန်းကိစ္စ, နှစ်ဓုရ၌, လုံ့လအားသည်း,
ဟိတ်ဟန်နည်း၍, ပစ္စည်း မသို, စိတ်မတို,
ခင်ပျို ကြီးပွားကြောင်း၊ ခင်အိုလဲ ကြီးပွားကြောင်း။”
လူဆိုတာ အကွက်ကျော် သိရတယ်၊သူများလှူတာ စားနေရုံနဲ့ မပြီးဘူး၊
လှူတဲ့ လူတွေက သာသနာအတွက် ရည်မှန်းပြီး လှူကြတာ၊ အလှူဆိုတာက ဝါသနာရှိမှ လှူဖြစ်တာ၊
အြွမာပူးမွေးတဲ့ အမျိုးသား အမျိုးသမီးတောင်မှ စိတ်ချင်း မတူကြဘူး၊ တစ် ယောက်က လောဘကြီးတယ်၊
စိတ်ကောင်း မရှိဘူး၊ တစ် ယောက်က သဒ္ဓါတရားနဲ့ လှူချင် ပေးချင်တယ်၊ နောက်ဘဝ အထုံဆိုတာ
မပြယ်ဘူး၊ ကွက်ကျော်သိရမယ်ဆိုတာ ဒါကို ပြောတာ၊ ငယ်ငယ်က သဒ္ဓါတရားရှိရင် ကြီးတော့ အဘိုး
အဘွားဖြစ်လဲ မပြယ်ဘူး၊ လူချင်းအတူတူပေမယ့် ကိုယ်က သာအောင် ကြိုးစားရတယ်၊ ကိုယ်ကသာမှ
ဘယ်မှာဖြစ်ဖြစ် ကောင်းတယ်၊ အဘိုး အဘွားဖြစ် သေခါနီးလဲ ကောင်းနေရင် သုဂတိသာ ရောက်ရမှာ။
အားလုံးစိတ်မချရဘူး
မကောင်းရင်လဲ ခုဘဝရော နောင်သံသရာရော မကောင်းဘူး၊ တစ်ဘဝ မှာ လုပ်တဲ့ ကံတွေက
နောင်ဘဝကျအောင် အထုံပါလာတယ်၊ ဘုန်းကြီးတို့က လှူတာတွေကို အချောင် စားမနေကြနဲ့၊နောင်
ဘဝမှာ ပြိတ္တာ ဖြစ်တတ်တယ်၊ ဒါနပြုတဲ့အခါမှာ စိတ် အေးအေးထား ပြုရတယ်၊ ဘုန်းကြီးတွေဘက်ကလဲ
စင်စင် ကြယ်ကြယ်နဲ့ ကောင်းကောင်းနေမှ အပြစ်ကင်းပြီး အလှူရှင် တွေလဲ ကုသိုလ်များများ
ရတယ်၊ အလှူ လှူရင် အပိုတွေ မပါပါစေနဲ့၊ အလှူခံပီပီ အလှူရှင်ပီပီ နှစ်ဖက်စလုံးက ညီမျှ
ရတယ်၊ ကောင်းကောင်း နေကြပါ၊ အားလုံး စိတ်မချရဘူး။
အလုပ်ကောင်း ကံကောင်း
လူတွေ အကြည့်များတာက အပြင်ကိုသာ ကြည့်နေကြတာ၊အတွင်းကိုလဲ သတိပြုကြ၊ အမျိုးက
ညံ့နေရင် ကိုယ့်စိတ်ကလဲ အောက် တန်းကျနေတတ်တယ်၊ ကိုယ့်အမျိုးက ပစ္စည်းမရှိရင် သူများ
ကို အထင်ကြီးပြီး ကိုယ့်ဘက်က မတိုးတက်ဘူး၊ အတွင်းစိတ် ကောင်းအောင် လုပ်ကြပါ၊ အတွင်းစိတ်
ကောင်းနေမှလဲ ချစ်စရာ ကောင်းတယ်၊ တချို့က လှပေမယ့် ချစ်စရာ မကောင်းဘူး၊ တချို့က လှတော့
မလှဘူး၊ ဒါပေမယ့် သူ့မြင်ရတာ ယဉ်ကျေးတာနဲ့ ချစ်စရာကောင်းတယ်၊ ခုလူတွေက ဘုရားရှင်ကို
မှန်းဖူးနေရတော့ ကံ, ကံ၏အကျိုး သိပ် မယုံကြဘူး၊ ဘုန်းကြီးကဒီထက်အလုပ်လုပ်ချင်တယ်၊ သူတော်ကောင်းဘဝ
ကာမဂုဏ်ကိုမခံစားဘူး၊ အလုပ်ကောင်းရင်ကံကောင်းတာပေါ့။
ဟိုဘက်ဘဝက
သူများကို မယားမယူအောင် တရားဟော ခဲ့လို့ ဘုန်းကြီးဖြစ်နေတာ မဟုတ်ဘူး၊ သူများကို ယောကျာ်း
မယူအောင် တရားဟောခဲ့လို့ ခုဘဝ သီလရှင်ဖြစ်နေတာ မဟုတ်ဘူး၊ “ပုဗ္ဗေ ကတ”လို့ ခေါ်တဲ့ ရှေးကံက
ပါလာလို့ ဝတ်နေတာ၊ ဒီဘဝ ကောင်းနေရင် နောင်ဘဝအတွက် သေရမှာ မကြောက်ပါဘူး၊ ဒီကျောင်းမှာ
တာဝန်ဆောင် နေတဲ့သူတွေကလဲ သူတော်ကောင်းတွေကိုသာ စောင့်ရှောက်ပါ၊ သူတော်ကောင်း မဟုတ်တဲ့သူတွေကလဲ
မနေကြပါနဲ့၊ ဒီ့ပြင်နေရာတွေမှာ ကောင်းပါတယ်။
ကိုယ့်တရားနဲ့ကိုယ် နေပါ
ဘုန်းကြီးအလုပ်တွေက အရေးကြီးတယ်၊ အသက်ကလဲ ကြီးç လုပ်စရာတွေကလဲ
များနေတယ်၊ လူတွေမှာ လောကီအာရုံ တွေနဲ့ လုံးလည် လိုက်နေတယ်၊ နံနက်လင်းလာရင် ဝမ်းရေး
အတွက် ပူပန်ရတာ စိတ်ကို အေးအေးမထားကြရဘူး၊
တို့ ဘုန်းကြိးတွေကျတော့ ဘာမှ ပူပင်စရာ မရှိဘူး၊ ကိုယ့်တရားနဲ့ ကိုယ်နေရုံပဲ၊
ကောင်းကောင်း နေကြ၊ လောကဟာ ဘာမှ မဆန်းဘူး၊ ဘုန်းကြီးက ပျက်စီးသွားလို့ ပူမယ် မှတ်သလား၊
မပူပါဘူး။
မေ့နေရင် အသေပဲ
ဘုန်းကြီး ဒါတွေ သာယာနေရင်
ခုဘဝရော နောက်ဘဝရော အောက်ကျ နောက်ကျတတ်တယ်၊
နတ်ဖြစ်တောင်မှ တောနတ် အညံ့စား ဖြစ်ရတယ်၊ လူ့ထိပ်တန်းတွေလဲ စိတ်မထားတတ်ရင် အထက် မတက်ကြဘူး၊
ဘုန်းကြီးတွေ လူတော်တွေဟာ စိတ်မထား တတ်ရင် အောက်တန်းမှာချည်း ကျရတယ်၊ ကိုယ်တော်တို့
ပါရမီ များများဖြည့်ကြ၊ စိတ်နေ စိတ်ထားကို မြင့်ပါစေ၊ ဒီဘဝ မြင့်မြင့်နေမှ နောင်ဘဝ
မြင့်မယ်၊ မမေ့ကြနဲ့၊ မေ့နေရင် အသေပဲ။
သာသနာပြုရတာ အားမရ
အသေဆိုတာ
ကုသိုလ် ဒါနစသည်ဘာမှ မပြုလုပ်ရဘူး၊ အများစုက မေ့နေကြတာ၊ ပေါ့ပေါ့မနေကြနဲ့၊ ဘုန်းကြီးက
ပြင်ရ သလောက်တော့ ရုပ်မချောတဲ့ ကိုယ်တော်လေးတွေ ပျောက်ပြီး ချောလာအောင် ပြင်ပေးနေတာ၊
ကိုရင်တို့ တရားနှလုံးသွင်းကြ၊ တရားဆိုတာ အစတော့ ပျင်းတယ်၊ အသားကျသွားတော့ ဒီအလုပ်ကိုချည်း
လုပ်နေတာပဲ၊ စိတ်ကို ပျော်လို့၊ အရိယာတို့ ကျက်စားရာဖြစ်တဲ့ နေရာဆိုတာ စိတ်ချမ်းသာစရာပါပဲ၊
ဘုန်းကြီးအနေနဲ့ ဘုန်းမကြီးပါစေနဲ့၊ ဒီကျောင်းမှာ ဘုန်းကြီး ဝါဒနဲ့ မကိုက်ရင် မနေကြပါနဲ့၊
ကိုယ်တော်တို့ ကြိုးစားကြပါ၊ “တစ်နေ့ တစ်လံ ပုဂံဘယ်ပြေးမလဲ”ဆိုတာလို တစ်နေ့တစ်လံ နိဗ္ဗာန်
ဘယ်ပြေးမလဲ၊ ဘုန်းကြီးက သာသနာပြုရတာကို အားမရဘူး။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊ အမှတ်(၈)
(၁၉၈၀၊ အောက်တိုဘာလ)