Sunday, June 18, 2017

"ကျွန်တော် ရှာဖွေမိတဲ့ ကရဝိက် အပိုင်း၂"




ဆရာကြီး မွန်ဗိုကေ တင်ပြခဲ့တာကို ကျွန်တော်လိုရင်းလောက် တင်ပြပါ့မယ်။

ပုဂံမြင်းကပါ ဂူပြောက်ကြီးအတွင်းရှိ
နံရံပန်းချီတွေထဲက ၅၇၄ ဇာတ်မြောက်ဖြစ်တဲ့ စက္ကဝါကဇာတ် အကွက်အမှတ် (၄၅၁)မှာ "ဗောဓိသတ်ဒသ် ကိဉ္စေမ် စာကရ်ဝါက်" လို့ ရေးထိုးထားပါသတဲ့။

စာကရ်ဝါက်=စာကရဝါက်၊ "စာ" ကို ဖယ်လိုက်တဲ့အခါ "ကရဝါက်" သာကျန်ပါတော့တယ်။ အဲဒီ "ကရဝါက်"ကနေ စကားရွေ့လျောပြီး "ကရဝိက်"လို့ ဖြစ်သွားတယ်လို့ ဆရာကြီးက သူ့အမြင်ကို တင်ပြခဲ့ပါတယ်။

စက္ကဝါက်ဖော်တော်၊ ကရဝိက်ဖောင်တော်ဆိုပြီး အမည်နှစ်မျိုးရှိပေမယ့် ဝေါဟာရရောထွေးလို့သာ အမည်သီးခြားဖြစ်နေတာ။ တကယ်တော့ အတူတူသာဖြစ်တယ်လို့ မွန်ဗိုကေ-က ရှာဖွေတင်ပြခဲ့ပါတယ်။


ဆရာကြီး မွန်ဗိုကေဆိုလိုချင်တာက ကရဝိက်"ဆိုတဲ့ ဝေါဟာရဟာ "ကရဝီက" သဒ္ဒါက လာတာမဟုတ်ဘူး။ စက္ကဝါက စက္ကဝါက် ကနေပြောင်းလဲ လာတယ်လို့ ယူဆတာပါ။
အများကတော့ "ကရဝီက"ပါဠိကို နာမသတ်ပြုပြီး "ကရဝိက်" လို့ မြန်မာ့ဝေါဟာရဖြစ်လာတယ်လို့ ယူဆကြပါတယ်။

ဒီဝေါဟာရပြဿနာ ဘာကြောင့်တက်သလဲ ဆိုရင် ဒီငှက်ဟာ မြန်မာပြည်မှာ မရှိလို့ပါပဲ။

မြန်မာပြည်မှာ မရှိတဲ့အကြောင်း ဝေါဟာရလီနတ္ထဒီပနီမှာ "ကာသိတိုင်း၊ ကောသလတိုင်း၊ မဂဓတိုင်းစသော မဇ္ဈိမဒေသအရပ်၊ သုနာပရန္တတိုင်း တမ္ဗဒီပတိုင်းစသော ငါတို့မြန်မာတိုင်ပြည် အဝင်အပါ ရာမညတိုင်း, တလိုင်း သုံးရပ်များတွင် ရှိဟန်မထင်၊ ကျမ်းဂန်ရာဇဝင်မတွေ့။

သရေခေတ္တရာ ပုဂံ ပင်းယ ရွှေထီးရွှေနန်းအဆက်ဆက် ဆင်းသက်ဆောင်ရွက်တော်မူကြသည့် ကရဝိက်ကွမ်းအုပ်များကိုသာ တွေ့မြင်ကြရသည်၊" လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီစကားအရ လှေသင်းအတွင်းဝန်တို့ လက်ထက်အထိ ကရဝိက်ငှက်ဆိုတာမျိုး မြန်မာပြည်မှာရှိခဲ့ပုံ မပေါ်ပါဘူး။

သို့သော်လည်း ဘကြီးတော်စစ်ကိုင်းမင်းလက်ထက်မှာ အာသံမဏိပူရ, ဂေါ်ရခေါင်မြို့မှာ အမှုထမ်းနေတဲ့ ဗိုလ်မှူးမဟာသီလဝက ကရဝိက်အသေတစ်ကောင် ရရှိလို့ နန်းတော်အရောက် ဆက်သခဲ့ဖူးပါသတဲ့။

အဲဒီကရဝိက်ငှက်အသေကောင်ကို ကြည့်ပြီး ပန်းချီတော်များက ပုံတူရေးဆွဲမှတ်တမ်းတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ကရဝိက်ပန်းချီပုံကို မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းထံက တဆင့် အရှင်နာဂသိန်က ရရှိခဲ့ပါသတဲ့။

ကရဝိက်ငှက်ပန်ချီပုံကို ပုံပြဆေးအဘိဓာန် ပဉ္စမတွဲမှာ ထည့်သွင်းဖော်ပြခဲ့တယ်လို့ ရေးသားထားပါတယ်။

ကျွန်တော်ကြည့်ရတဲ့ စာအုပ်မှာ ကရဝိက်ပန်းချီပုံပါမလာတော့ပါ။

ကရဝိက်ပုံတူပန်းချီမှာပါတဲ့ ကရဝိက်ငှက်ဟာ တကယ့်ကရဝိက်အစစ်ဟုတ်မဟုတ်ဆိုတာကို စိစစ်ဝေဖန်ထားတာမျိုးတော့ မတွေ့ရပါဘူး။

အဲဒီကရဝိက်ပန်းချီပုံကို
သူများဆီကတဆင့် သုတပွားစေဖို့ ရှာဖွေ တင်ပြလိုက်ပါတယ်။

နိဂုံးချုပ်ပြောချင်တာက
ပါဠိစာပေတွေမှာ ကရဝိက်ရဲ့ အမွှေးတောင် အရောင်အဆင်းနဲ့ အသားအသွေးတို့ကို ဖော်ပြထားတာ မတွေ့ရပါဘူး။ အသံသာယာမှုရှိကြောင်းသာ ဖော်ပြကြပါတယ်။ ဒါကြောင့် ကရဝိက်ဆိုတာ ဘယ်လိုပုံလို့ ပြောဖို့ခက်ပါတယ်။

ကျွန်တော်တို့တတွေ မြင်လည်းမမြင်ဖူး မြင်ရဖို့လည်း မလွယ်ကူလှပေမယ့် "ကရဝိက်"ဆိုတဲ့ ဝေါဟာရကတော့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ အလွန်အရေးပါနေတဲ့ ဝေါဟာရတစ်ခုဖြစ်နေကြောင်း တင်ပြရင် နိဂုံးချုပ်ပါရစေဗျာ။







မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ