ပါဠိစာပေထဲက "ခီရကောကာကောလီ" ဆိုတဲ့ပုဒ်ကို
"မျောက်ငိုပင်" လို့ မြန်မာမှုပြုကြတာတွေ့ရပါတယ်။
မျောက်ငိုပင်လို့ ဆိုလိုက်တော့
မြန်မာနှင့်ဣန္ဒိယနယ်စပ်မှာ ဈေးကွက်ကောင်းနေတဲ့
မျောက်ငိုသီးကို သွားပြီးသတိရမိကြမယ်ထင်ပါတယ်။

"မျောက်ငိုပင်လို့ ဘာသာပြန်ကြပုံ"
ရွှေဥမင်ဆရာတော်၊ ဆင်တဲဆရာတော်၊ ဘာသာဋီကာဆရာတော်နှင့်
ဇေတဝန်ဆရာတော်တို့ဟာ "ခီရကာကောလီ"ပုဒ်ကို
မျောက်ငိုပင် လို့ချည်း ဘာသာပြန်တော်မူခဲ့ကြပါတယ်။
ဦးဟုတ်စိန်ရဲ့ ပါဠိမြန်မာအဘိဓာန် ကလည်း ထိုနည်းလည်းကောင်းပဲ။

ဦးသာမြတ်ရေးတဲ့ မြန်မာ့ဆေးဝါးပင်များ စာအုပ်မှာလည်း မျောက်ငိုပင်ကို ပါဠိလို ခီရကာကောလီ လို့ခေါ်ကြောင်းရေးထားတာ တွေ့ရပါတယ်။
တိပိဋကပါဠိမြန်မာအဘိဓာန်ကျမ်းကလည်း မျောက်ငိုပင်လို့ပဲဘာသာပြန်ပြီး
SED ရဲ့ ဖွင့်ဆိုချက်ကိုပါ ထည့်သွင်းဖော်ပြထားတာတွေ့ရတယ်။

သက္ကတအင်္ဂလိပ်အဘိဓာန် (SED)ကို ကြည့်လိုက်တော့
Kshirakakolika, m, N. of a root from Himalaya
(Yielding a milky juice and used by the Hindus as one of the 8 principal medicaments.)
[ဟိမဝန္တာတောင်တန်းမှာရှိတဲ့ အမြစ်တစ်မျိုးရဲ့ အမည်ဖြစ်တယ်။
အဲဒီအမြစ်ကနေ နို့လိုအရည် ထွက်ပါတယ်။
ဟိန္ဒူတွေ အသုံးပြုတဲ့ အဓိက ဆေး(၈)မျိုးထဲမှာ တစ်မျိုးပါဝင်တယ်] လို့
ဆာမိုနာ မိုနာဝီလျံက ဖွင့်ဆိုထားတာတွေ့ရပါတယ်။

"ခီရကာလောလီ"ပုဒ်ကို
PALI TEXT SOCIETY PALI-ENGLISH DICTIONARY (PTS)မှာ
ဖော်ပြထားတာမတွေ့ရဘူး။
ဖော်ပြထားတာမတွေ့ရဘူး။
"ခီရကာကောလီ"ပုဒ်နဲ့ ပတ်သက်လို့
ပါဠိစာပေတွေမှာ ဖော်ပြချက်နဲ့ လေ့လာသုံးသပ်ချက်တွေကို
နောက်မှတင်ပြပါမယ်။ ခုတော့ မျောက်ငိုအကြောင်းကို နည်းနည်းတင်ပြပါရစေ။

"လေ့လာမိတဲ့ မျောက်ငို (၂)မျိုး"
ကျွန်တော်လေ့လာမိသမျှ မျောက်ငိုပင်ဟာ (၂)မျိုးဖြစ်နေတယ်။
တစ်မျိုးက ဈေးကွက်ဝင်မျောက်ငိုပါ။
တစ်မျိုးကတော့ စွယ်စုံကျမ်း၊ ပုံပြဆေးအဘိဓာန်နှင့်
ဦးဟုတ်စိန်ရဲ့ မြန်မာအင်္ဂလိပ်ပါဠိအဘိဓာန်မှာဖော်ပြတဲ့
ရုက္ခဗေဒအမည် "Duabanga Sonneratioides" မျောက်ငို(သစ်ကဇော်)ဖြစ်ပါတယ်။

ေ
ဈေးကွက်ဝင်မျောက်ငိုဆိုတာ ဂျာနယ်တွေမှာဖော်ပြကြတဲ့ မျောက်ငိုသီးကို ရည်ရွယ်ပြီး ပြောလိုက်တာပါ။
အပင်ကြီးမျိုးဖြစ်ပါတယ်။ မျိုးနွယ်ကတော့ စိန်ပန်းမျိုးနွယ်ဝင်ဖြစ်လို့ စိန်ပန်းပင်ပေါက်တဲ့ဒေသတွေမှာ
ပေါက်နိုင်ပါတယ်။ မုတ်သုန်သစ်တော ပေါက်ရောက်တဲ့ဒေသတွေမှာ ပေါက်ရောက်တာကို
တွေ့ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
အပင်ခြေရင်းမှာ ရေဝပ်တာကို မကြိုက်တဲ့ အပင်မျိုးပါ။

အရွက်တွေက စိန်ပန်းရွက်နဲ့တူတယ်၊
အသီးက ရိုးတံတစ်ခုရဲ့ ထိပ်ပိုင်းမှာ စုပြုံတွယ်ကပ်ပြီး
အညှာကိုယ်စီနဲ့ အခိုင်လိုက်သီးကြတယ်။

အသီးကတော့ အတောင့်ပုံစံနဲ့ တစ်ပေ တစ်ပေကျော်ကျော်လောက် အလျားရှိပါတယ်။
အပင်ကြီးမျိုးပေမယ့် အကိုင်းဆတ်တယ်၊ မျောက်တွေ အဲဒီမျောက်ငိုကိုင်းများကို ကိုင်ပြီး
ခုန်ကူးကြတဲ့အခါ အကိုင်းတွေကျိုးကျတတ်လို့
မျောက်တွေငိုရလောက်တာမို့ မျောက်ငိုပင်လို့ ခေါ်ကြတာပါတဲ့။

မျောက်ငိုပင်ရဲ့ မူလဇာတိကတော့ အာရှတိုက်နဲ့ အာဖရိကတိုက်ပါ။
အဲဒီကနေမှ တစ်ဆင့် တခြားဒေသတွေဆီ
ပြန့်နှံ့သွားတာလို့ဆိုပါတယ်။
အဲဒီကနေမှ တစ်ဆင့် တခြားဒေသတွေဆီ
ပြန့်နှံ့သွားတာလို့ဆိုပါတယ်။
အဲဒီမျောက်ငိုသီးကို မဏိပူရပြည်နယ်သား ကသည်းတွေ အလွန်နှစ်သက်တဲ့
ဟင်းသီးတစ်မျိုးဖြစ်ပါတယ်။ မျောက်ငိုသီးပေါ်ချိန်မှာဆို
မြန်မာနှင့်ဣန္ဒိယနယ်စပ်ဖြစ်တဲ့ နန်းဖာလုံဈေးဟာ မျောက်ငိုဈေးတန်းကြီး ဖြစ်နေပါသတဲ့။
မျောက်ငိုသီးကို ဟင်းလျာအဖြစ်အသုံးပြုရုံမက ဆေးဘက်လည်းဝင်ပါတယ်။
အပင်ကို လူသုံးကုန်ပစ္စည်းတွေအဖြစ် အသုံးပြုကြတယ်။
ဆေးကွက်ဝင်မျောက်ငိုအကြောင်းကို ဒီလောက်ပဲ တင်ပြပါရစေ။

ဆက်လက်ပြီး ရုက္ခဗေဒအမည် "Duabanga Sonneratioides"
ေ
ေ
မျောက်ငို(သစ်ကဇော်)အကြောင်းကို
ပုံပြဆေးအဘိဓာန်ကနေ ကောက်နှုတ်တင်ပြပါ့မယ်။
ဒီမျောက်ငိုကတော့ အများအားဖြင့် စိုစွတ်တဲ့အရပ်ဒေသတွေမှာ ပေါက်ပါတယ်။
အကိုင်းအခက်များဟာ အပြင်ဘက် တည့်တည့်ထွက်ပြီး အဖျားပိုင်းက မြေဘက်ကို ကိုင်းညွတ်ကြပါတယ်။
ရွက်ညှာတိုပြီး ထူတယ်။ ကိုင်းဖျားကနေ အဖြူရောင် အပွင့်တွေ ပွင့်တယ်။
အဲဒီအပွင့်ရဲ့ အချင်းဟာ တစ်လက်မကနေ သုံးလက်မအထိ ရှိတတ်ပါတယ်။
ပွင့်ချပ်ကတော့ ခပ်ထူထူ အသားပြည့်ပြည့်နဲ့ ခပ်စိမ်းစိမ်းအရောင် ရှိပါတယ်။
ပုံမှာ ကြည့်နိုင်ပါတယ်။

"ပါဠိစာပေကပြောတဲ့ ခီရကာကောလီ"
ပါဠိစာပေမှာ ခီရကာကောလီ-ကို သစ်ဥသစ်ဖုစားစရာတွေ(ကန္ဒခါဒနီယ)ကို
ဖော်ပြတဲ့ (ဝိ၊ ဋ္ဌ၊ ၃၊ ၁၀၀) နေရာမှာတွေ့ရပါတယ်။
အပင်ရဲ့ ပုံသဏ္ဌာန်ကိုတော့ ဖော်ပြတာ မတွေ့ရပါဘူး။
အဲဒီ ခီရကာကောလီ ဥ-ဟာ ယာဝဇီဝိက(ဆေးပစ္စည်း)လို့ ဖော်ပြထားတယ်။
ပြီးတော့ မဟာဝဂ္ဂပါဠိ၊ ဘေသဇ္ဇက္ခန္ဓကမှာ ဖော်ပြထားတဲ့
အမြစ်ဆေး(မူလဘေသဇ္ဇ)တွေထဲမှာ ဒီ "ခီရကာကောလီ-ဥ"ဟာ အကျုံးဝင်ပါတယ်လို့
အဋ္ဌကထာမှာ ဆက်လက် ဖော်ပြထားပါတယ်။

အမြစ်ဆေးဆိုတာ mula bulbs and roots (PTS) အပင်ရဲ့ "ဥ" နဲ့ "အမြစ်"ကိုဆိုလိုတာပါ။
အဲဒီ(ဝိ၊ ဋ္ဌ၊ ၃၊ ၁၀၀)မှာ ခီရကာကောလီနဲ့အတူ ဇီဝိက-သစ်ခွဥ၊
ဥသဘက-ကြက်သွန်နီဥ၊ လသုဏကန္ဒ-ကြက်သွန်ဖြူဥတို့ကိုပါ အတူတွဲပြီးဖော်ပြထားတယ်။
တွဲပြီးဖော်ပြထားတဲ့ အပင်တွေဟာ အပင်ကြီးမျိုးတွေ မဟုတ်ဘူး။

ဒီဖော်ပြချက်တွေအရဆိုရင်
အထက်မှာ တင်ပြထားတဲ့ အပင်ကြီးမျိုးတွေဖြစ်တဲ့ မျောက်ငိုပင်(၂)မျိုးဟာ
"ခီရကာကောလီ" ရဲ့ မြန်မာမှုအဓိပ္ပာယ် မဖြစ်နိုင်ဘူးလို့ တွေးမိတယ်။

နိဿယတွေ အဘိဓာန်တွေမှာဖော်ပြတဲ့
မျောက်ငိုပင်ဆိုတာ အထက်မှာ တင်ပြထားတဲ့
မျောက်ငို(၂)မျိုးကို ဆိုလိုတာကော ဟုတ်ပါ့မလားလို့
တွေးတောရင် ဆက်ရှာဖွေမိတယ်။

တွးတောရင်း ရှာဖွေလိုက်တော့
"Toxicologycentre.com"နှင့်"Yogawiki"တို့မှာ
ဖော်ပြထားတဲ့ "ခီရကာကောလီ"ကို တွေ့ပါတယ်။
အဲဒီနေရာက ဖော်ပြချက်တွေဟာ ပါဠိစာပေက ဖော်ပြထားတဲ့
အချက်အလက်တွေနဲ့ တူညီနေတာတွေ့ရတယ်။

English Name: white Himalayan Lily, many-leaved lily
lateinischer: Lilium polyphyllum, lilium polyphyllum var. uniflorum, lilium punctatum.
Hindi: ksirakakoli
Malayalam: ksirakakoli
Sanskrit: ksirakakoli ဆိုပြီးတွေ့ရပါတယ်။
သူတို့က "ခီရကာကောလီ"ဆိုတာ ဟိမဝန္တာက ကြာဖြူတဲ့၊ အဲဒီကြာက အရွက်အများကြီးရှိသတဲ့။
ဒီအပင်ကို ချောင်းဆိုးရင်ကြပ်မှစလို့ အားနည်းတဲ့ရောဂါမျိုးအမျိုးအပါအဝင်
ရောဂါအတော်များများအတွက် ဆေးအဖြစ်အသုံးပြုကြတယ်လို့ ဖော်ပြထားတာတွေ့ရတယ်။
ပုံမှာ ဟိန္ဒီ၊ သက္ကတ၊ မလေးတို့ရဲ့ စာလုံးအမှန်အတိုင်းရေးပြထားပါတယ်။

"အမြင်နဲ့သုံးသပ်ချက်"
"ခီရကာကောလီ" ဆိုတာ
(၁) မျောက်ငို
(၂) ဟိမဝန္တာတောင်တန်းက အမြစ်တစ်မျိုး
(၃) ဟိမဝန္တာက ကြာဖြူ လို့ သုံးမျိုး ဘာသာပြန်ဆိုထားတာတွေ့ရပါတယ်။
နံပါတ်(၂) နဲ့ (၃)ဟာ ဖော်ပြပုံကွာခြားပေမယ့် အယူအဆ အတူတူဖြစ်မယ်ထင်ပါတယ်။

ကျွန်တော်တင်ပြခဲ့တာတွေကို သုံးသပ်ရင်
ပါဠိစာပေမှာ သစ်ဥသစ်ဖုစားစရာ(ကန္ဒခါဒနီယ)ထဲမှာ ဖော်ပြထားတာကတစ်ကြောင်း
ဆေးပစ္စည်းအဖြစ် ဥ-ကိုအသုံးပြုတယ်လို့ ဖော်ပြထားတာကတစ်ကြောင်းမို့ ခီရကာာကေလီဆိုတာ
အထက်မှာ တင်ပြထားတဲ့ မျောက်ငိုပင်တော့ မဖြစ်နိုင်ပါ။
မျောက်ငိုဆိုတဲ့ ဝေါဟာရနဲ့ တခြားအပင်တစ်ပင်များ ရှိဦးမလားဆိုတာတော့

ဆက်လက် သုတေသနလုပ်သင့်ပါသေးတယ်။
(အရှင်နာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်မှာ ကာကောလီပင်အကြောင်းပါပါတယ်၊ ခီရကာကောလီနဲ့ သိပ်နည်းစပ်ပါတယ်၊)

"Toxicologycentre.com"နှင့်"Yogawiki"တို့မှာ ဖော်ပြထားတဲ့
white Himalayan Lily, many-leaved lily (ဟိမဝန္တာက ကြာဖြူ)ဟာ
"ဥ" အုတဲ့အပင်လည်းဖြစ်တယ်။ ဆေးအမျိုးမျိုး ဖော်စပ်အသုံးပြုကြတယ်။

ဒါကြောင့် "ခီရကာကောလီ"ပုဒ် ရည်ညွှန်းတဲ့ အပင်ဟာ
ပုံမှာဖော်ပြထားတဲ့ "kshirakakolI"အပင်ပဲလို့ ယူဆမိပါတယ်။

ဆက်လက် သုတေသနပြုကြပါဦးလို့လည်း တိုက်တွန်းပါရစေ…..
ကိုကိုသက်မှူး