Sunday, June 18, 2017

"ကျွန်တော် ရှာဖွေမိတဲ့ ကရဝိက် (အပိုင်း ၁)"



"ကရဝီက"ဆိုတဲ့ ပါဠိကို မြန်မာတို့က ကရဝိက်ငှက် လို့ မြန်မာမှုပြုကြပါတယ်။
PTS အဘိဓာန် karavī ကရဝီပုဒ်မှာ
the Indian cuckoo
အိန္ဒိယဥဩလို့ ဖွင့်ပြပြီး
ကရဝီကပုဒ်မှာ speaking like the cuckoo
ဥဩငှက်လို သန့်ရှင်းသာယာတဲ့ အသံရှိတဲ့ငှက်တမျိုးလို့ ဖွင့်ဆိုထားတယ်။
အရှင်ဗုဒတ္တရဲ့ အဘိဓာန်မှာလည်း
အိန္ဒိယဥဩငှက်လို့ပဲ ဖွင့်ပြထားတာပါ။

"ကရဝိကသကုဏာတိ ဧဝံနာမိကာ ကောကိလာ" လို့ ဥဩငှက်မျိုး ဖြစ်ကြောင်း မဟာဝင်ဋီကာမှာ ဖွင့်ဆိုထားတယ်လို့ ဝေါဟာရလီနတ္ထဒီပနီမှာ ဖော်ပြထားတယ်။


ဒီဃနိကယ်၊ မဟာဝဂ္ဂပါဠိတော်နှင့် သုတ္တနိပါတ်အဋ္ဌကထာတို့မှာတော့
ဟိမဝန္တာတောင်မှာသာရှိတဲ့
ကရဝီကငှက်မျိုးလို့ ဖော်ပြထားပါတယ်။

ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရအဘိဓာန်မှာ
ဟိမဝန္တာဥဩခေါ်သော အသံသာသည့်ငှက်တမျိုး"လို့
ဖွင့်ပြထားတာဟာ
အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခြုံငုံမိတဲ့
ဖွင့်ဆိုချက်ပါပဲ။

သို့သော်လည်း အဘိဓာန်ဋီကာ
ဂါထာနံပါတ် ၂၆-မှာ
ကရဝိက်ငှက်များစွာ ရှိတဲ့တောင်ကို ကရဝီကတောင်ခေါ်ကြောင်း
ဖော်ပြထားတာတွေ့ရပြန်တယ်။

ကရဝီရတောင်ဆိုတာ
မြင်းမိုရ်တောင်ရဲ့ အခြံအရံတောင်
၇-လုံးထဲက တစ်လုံးပါ။

အဲဒီအဘိဓာန်ဋီကာရဲ့ ဖွင့်ဆိုချက်ထဲမှာ
ဥဒေါင်းတွေ ပျော်မြူးတွန်ကျူးတဲ့
တောင်ဖြစ်လို့ "ကရဝီရ(ကရဝီက)"တောင်လို့ခေါ်တဲ့အကြောင်းကို
တနည်းဖွင့်ဆိုပြထားပြန်တယ်။

"ကေ ဝါ မယူရာ ရဝန္တိ ဧတ္ထာတိ ကရဝီရော၊ ကရဝီကောတိပိ ပါဌော" ဆိုတဲ့ ဖော်ပြချက်ဟာ ကရဝိက်ဆိုတာ
ဥဒေါင်းများ ဖြစ်လေမလားလို့ တွေးတောစရာဖြစ်နေပါတယ်။

ဒါပေမယ့် ဝိမာနဝတ္ထုပါဠိ၊ မလ္လိကာဝိမာန မှာ
မယူရသုဿရော, ဟံသဿရညော ကရဝီကသုဿရော လို့
ဥဒေါင်းသံ၊ ဟင်္သာသံ၊ ကရဝိက်သံဆိုပြီး ဒေါင်းနဲ့ ကရဝိက်ကို အမည်တစ်မျိုးစီ သရုပ်ပြထားလေတော့
ဥဒေါင်းဟာ ကရဝိက်ငှက် မဖြစ်နိုင်တော့ဘူး။

ဒီတော့ အဘိဓာန်တွေ ဖော်ပြကြသလို
ကရဝိက်ငှက်ဆိုတာ
ဥဩငှက်များဖြစ်လေမလားလို့ပဲ
တွေးတောရတော့မှာပါ။

မြန်မာစွယ်စုံကျမ်းကလည်း
ကရဝိက်ငှက်ဟာ ဟိမဝန္တာဥဩတစ်မျိုးလို့ ဆိုကြတဲ့အကြောင်း
ကရဝိက်ငှက်ရဲ့
ဥ, အသိုက်နှင့် အလေ့အထတွေကို
ဘယ်သူမှ တပ်အပ်သေချာ မသိကြတဲ့အကြောင်း ရေးသားထားတယ်။

မြန်မာမှုနယ်ပယ်မှာ
ဖောင်တော်တည်ဆောက်ကြတဲ့အခါ
ကရဝိက်နဲ့ ဟင်္သာ မကွဲပြားကြတဲ့အကြောင်း
မောင်အေးမြင့် (မြန်မာမှုဒီဇိုင်းသုတေသီ)က မြတ်ဆုမွန်မဂ္ဂဇင်းမှာ ရေးခဲ့ဖူးပါသတဲ့။

ဆရာကြီးက ဟင်္သာနှင့်ကရဝိက်ကို
"နှုတ်သီးဖြောင့်ရှည်က ဟင်္သာ၊ နှုတ်သီးကောက်ပါက ကရဝိတ်" လို့
လွယ်အောင် မှတ်ထားရတယ်လို့ဆိုပါတယ်။
"ဟင်္သာက ဘဲမျိုး၊ ကရ၀ိတ်က ကြက်မျိုး။
ဘဲက ခြေတံတို၊ ကြက်က ခြေတံရှည်၊ လို့ မှတ်ထားမိကြောင်းလည်း ဖော်ပြထားပါတယ်။
ဦးထိပ်မှာ ဟင်္သာရုပ်ထားပြီး ခေါ်တော့ ကရဝိတ်ဖောင်လို့ ခေါ်နေကြတာလည်း ရှိတဲ့အကြောင်း ဆရာကြီးက ထောက်ပြခဲ့ပါတယ်။

အရှင်နာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်မှာတော့
ကရဝိက်နှင့်ဟင်္သာကွဲပြားပုံကို
"ဟင်္သာနှင့်ကရဝိက်တို့မှာ ခြေအကြားနှင့်အပြား၊
ခြေသည်းရှိ, မရှိ၊
အတောင်အမြီး ကော့ထောင်ခြင်း ရှိ, မရှိနှင့် မြီးကောင်အနေအထား ကွာခြားသည်" လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

မြန်မာမှုနယ်မှာ ဟင်္သာရုပ်က ညီညွတ်တင့်တယ်မှုကိုပြပြီး ကရဝိတ်က ဗုဒ္ဓမြတ်စွာ၏ အသံတော်နှင့် ခိုင်းနှိုင်းမှုကြောင့် မြင့်မား၊ ရင့်ကျက်၊ တင့်တယ်မှုကို ပြသတဲ့သဘောပါတဲ့။

ကရဝိက်ငှက်ဟာ မြန်မာမှုနယ်ပယ်အထိတောင်
ဒုက္ခပေးတဲ့ ငှက်မျိုးပါ။

မြန်မာမှုနယ်ပယ်ကို ထားပါဦး
ဒီငှက်ရဲ့ ကျက်စားရာဌာနကလည်း အယူအဆကွဲလွဲကြပါတယ်။
ပုံပြဆေးအဘိဓာန် ပဉ္စမတွဲ၊ ပထမပိုင်းမှာ "ကရဝိက်ငှက်သည် ရေအနီးနေ တိရစ္ဆာန်မျိုးဖြစ်၏၊ ရေတွင်လည်း ကူးနိုင်၏၊ (ကရဝိက်ဖောင် လုပ်သောထုံးကို ထောက်ပါ၊) ကောင်ကင်လည်း ပျံနိုင်၏။" လို့ အရှင်နာဂသိန်က ဖော်ပြခဲ့ပါတယ်။

ပြီးတော့ ကရဝိက်ငှက်က ရေပေါ်မှာ ပေါလောပေါ် ကူးသွားတတ်တဲ့ "ပလဝ" ငှက်မျိုးဖြစ်တယ်၊ ဥဩငှက်က "ပလဝ"ငှက်မျိုးမဟုတ်လို့ အရှင်နာဂသိန်က ကရဝိက်ငှက်နဲ့ ဥဩငှက်တို့ရဲ့ ကျက်စားရာဌာကို ခွဲပြခဲ့ပါသေးတယ်။

သို့သော်လည်း ဗြဟ္မစာရီ မွန်ဗိုကေ-က ကရဝိက်ငှက်ဟာ ရေ၌ကျက်စားတဲ့ ငှက်ဟု အထောက်အထားမရှိတဲ့အကြောင်း ရေးသားခဲ့ပြန်ပါတယ်။ ဒါကြောင့် ကရဝိက်ရဲ့ ကျက်စားရာဌာနကလည်း အယူအဆမတူကြပါဘူး။

နောက်ပြီး ကရဝိက်ဖောင်ဆိုတာ ကရဝီကခေါ် ကရဝိက်ငှက်နှင့် ဆက်နွှယ်ပြီး ဖြစ်လာတယ်လို့ အများကယူဆကြပါတယ်။ ဆရာကြီး မွန်ဗိုကေ,က အဲသလို မဟုတ်ပါ။

ကရဝိက်ဖောင်ဆိုတဲ့ ဝေါဟာရကလည်း ကရဝိကခေါ် (ကရဝိက်)နဲ့ သက်ဆိုင်မှုမရှိ စက္ကဝါက ခေါ် စက္ကဝါက်နှင့်သာဆက်နွှယ်မှုရှိကြောင်း
မြင်းကပါ ဂူပြောက်ကြီး ပန်းချီ "စာကရ်ဝါက်" အရေးအသားကို ထောက်ထားပြီး တင်ပြခဲ့ဖူးတာ ဖတ်ရပါတယ်။

ဆက်လက် တင်ပြပါမည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ