Saturday, June 17, 2017

"ပျောက်ကွယ်သွားတဲ့ 'ပယ်' ဝေါဟာရ ၂"

ပကတိပယ်တွက်ပုံနှင့် မင်းပယ်တွက်ပုံ နှစ်နည်းကို ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ဆက်စပ်မိအောင် ပြန်တင်ပြပါဦးမယ်။

ပကတိပယ်တွက်ပုံက "တဘက်ကို ၂၅-တာ၊ စတုရန်းသတ် တာ ၁၀၀ ရှိတယ်။ အယူအဆကွဲပါးမှုမရှိပါ။
မင်းပယ်တွက်ပုံက နှစ်နည်းရှိပါတယ်။

၁။ "တစ်ဘက်ကို တာ ၅၀ နဲ့ သတ်မှတ်ပြီး စတုရန်းသတ် တာ ၂၀၀ "ရှိတယ်လို့ ယူဆတဲ့ပထမနည်း။
ဒီနည်းက ပကတိပယ် (ဆင်းရဲသားပယ်)ထက် နှစ်ဆတက်ပြီး တိုင်းတာတဲ့နည်းပါ။ ပါဠိစာပေနဲ့ ကိုက်ညီတဲ့ တိုင်းတာနည်းဖြစ်ပါတယ်။
အဋ္ဌကထာမှာ ပကတိပယ် (၁၆)ပယ်ဟာ မင်းပယ် အားဖြင့် (၈) ပယ်ရှိတယ်လို့ ၂-ဆကွာခြားပြီး ဖော်ပြပါတယ်။

" ပကတိမာနေန သောဠသကရီသေ ရာဇမာနေန အဋ္ဌကရီသေ (ဒီ၊ ဋ္ဌ၊ ၂၊ ၁၆)" တဲ့။
၂။ "တဘက်ကို ၃၅-တာ, ၂-တောင်, ၁-မိုက်, ၄-သစ် ရှိပြီး စတုရန်သတ် တာ ၁၄၁-တာနဲ့ ၃- တောင်ရှိတယ်လို့ယူဆတဲ့ဒုတိယနည်း။

ဒီနည်းကတော့ "ဗဒုံမင်းရဲ့ပယ် ပုံတော်ကျောက်စာ" မူအရလို့ ဒေါက်တာတိုးလှရဲ့
"စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ် (နှာ-၈၄) မှာ ဖော်ပြထားတဲ့နည်းပါ။
ဒါပေမယ့် ဒေါက်တိုးလှဖော်ပြထားတဲ့ ဗဒုံမင်းကျောက်စာရှိရာဌာနအနီမှား ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က "အမရပူရခေတ် ပယ်ပုံတော်" ခေါင်းစဉ်ခေါင်းစဉ်အောက်မှာ
"မင်းပယ်က ပကတိပယ်ထက် နှစ်ဆကျယ်ဝန်းကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
နောက်ပြီး မျက်မှောက်ခေတ်သုံး "ဧက Acre "နဲ့ ပကတိပယ်(ဆင်းရဲသားပယ်)ကို တွက်ရင် ၁.၇၈ ဧကနှင့် ညီမျှပြီး မင်းပယ်တစ်ပယ်ဟာ ၃.၅၅ ဧကနှင့် ညီမျှတယ်လို့ ဒေါက်တာတိုးလှက ဖော်ပြထားပါတယ်။

ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ရေးသားထားတဲ့ "အမရပူရခေတ် ပယ်ပုံတော်" ခေါင်းစဉ်ခေါင်းစဉ်အောက်မှာတော့
"မင်းပယ်သည် (၃.၆)ဧက ရှိပြီး၊ ပကတိပယ်သည် (၁.၈)ဧက ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒေါက်တာတိုးလှရဲ့ ဖော်ပြချက်ရယ် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က ဖော်ပြချက်ရယ် မတူညီတာလည်း တွေ့ရပြန်တယ်။
တိုင်းတာပုံ စနစ်ကွာလို့ ခုလို ဖော်ပြချက် ကွာခြားမှုရှိနေတာလားဆိုတာကို
ပညာရှင်များဝေဖန်ဆန်းစစ်သင့်တယ်လို့ မြင်ပါတယ်။
တကယ်တော့
"ပယ်"ဝေါဟာရဟာ နာမည်နဲ့လိုက်ဖက်အောင်ကို ပယ်ရှားခံခဲ့ရပြီး မကြာခင်မှာပဲ စာပေထဲတွေ့ရင်တောင် အနက်မထင်နိုင်တော့ဘူး။ ဆိုလိုဟန်တူတယ်လို့သာ မှန်းဆယူရတဲ့ အခြေအနေရောက်သွားရသည်အထိပါပဲ။

"ပယ်သည်အနက်မထင်ရှား၊ တစ်ခါတစ်ရံ အနည်းအများသတ်မှတ်အပ်သော ဧရိယာဖြစ်သည့် မြေဧကမူကို ဆိုလိုဟန်တူ၏၊" စသဖြင့် ဇမ္ဗူ့ဒီပဦးဆောင်ကျမ်း နိဒါန်း (ဂါ) မှာ
ဂျေ-အက်စ်-ဖာနီဗဲလ် နှင့် ဆရာကြီးဦးဖေမောင်တင်တို့ ရေးသားခဲ့တာကို ထောက်ရင် ပယ်စနစ်ဟာ လူမသိ သူမသိ ဘဝအဖြစ်ကွယ်ပျောက်သွားပြီလို့ ပြောရမယ့်အခြေအနေပါ။
ဗဒုံမင်းတရားက "ပယ်စနစ်"ကို ပုံစံနှင့်တကွ ကျောက်စာရေးထိုး ပြဌာန်းထားပေမယ့် လက်တွေ့ဘဝမှာ လယ်တွင်းရေ၊ လယ်တစ်ကွက်၊ တစ်ခင်း၊ စသဖြင့်သာ သုံးနှုန်းကြတာများတာရယ်, ပျိုးဝင်ဆန့်မှု၊ အထွက်နှုန်း၊ လုပ်အားစသဖြင့် လယ်ယာအကျယ်အဝန်းကို တိုင်းတာမှုများပြီး "ပယ်"ဝေါဟာရ နည်းပါးတဲ့အတွက် "ပယ်စနစ်"ကွယ်ပြီး သိပ်မကြာခင် လူမသိသိဝေါဟာရအဖြစ်ရောက်သွားတယ်လို့ ထင်ပါတယ်။

ပယ်ဝေါဟာနဲ့ ပတ်သက်လို့ ကျွန်တော်ထင်မြင်တာလေး ပြောပါရစေ..။
ပါဠိစာပေမှာဖော်ပြတဲ့ "ရာဇမာန"ကို "မင်းပယ်" လို့ ဘာသာပြန်ပြီး "ပကတိမာန" ကို "ပကတိပယ်"လို့ ဘာသာပြန်ကြတာကို ထောက်ဆကြည့်ရင် "ပယ်"ဆိုတာ "မာန-အတိုင်းအတာ"ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းတာမှုမှန်သမျှကို "ပယ်"ဆိုတဲ့ ဝေါဟာရနဲ့ အသုံးမပြုပါဘူး။ မြေတိုင်းစနစ်မှာသာ သီးခြားအသုံးပြုတဲ့ ဝေါဟာရလို့ ဆိုရမယ်ထင်ပါတယ်။
"ပယ်"ဆိုတဲ့ ဝေါဟာရကို ပယ်ရှားခံလိုက်ရပေမယ့်
၁၉၉၂ ခုနှစ်လောက်က မန္တလေးမြောက်ဘက် တောင်ပြုံးကျေးရွာမှာ ဦးအောင်လှ ဆိုသူ လယ်သမားအဘိုးကြီးတစ်ဦးက သူ့မှာလယ် (၂) ပယ် ရှိတယ်လို့ ပြောဆိုတဲ့အကြောင်း သုတေသီဆရာတစ်ယောက်က သူ့အတွေ့အကြုံကို ရေးသားတင်ပြခဲ့ဖူးပါသေးတယ်။ ရှားရှားပါးပါး "ပယ်"စနစ်ဝေါဟရ သုံးစွဲသူတစ်ဦးပေါ့ဗျာ။

တကယ်တော့ ပယ်စနစ် ဖယ်ရှားခံလိုက်ရတာနဲ့အတူ မြန်မာ့အတိုင်းအတာအချို့လည်း ဖယ်ရှားခံခဲ့ရပါသေးတယ်။
"ပယ်" စနစ်အရ မြန်မာ့ အတောင် "တစ်တောင်"ဟာ အင်္ဂလိပ်အတိုင်းအတာနဲ့ (၁၉.၀၅) လက်မရှိပေမယ့် မြန်မာ့လွတ်လပ်ရေး ဆုံးရှုးရခြင်းနှင့်အတူ ပယ်စနစ်ကွယ်ခဲ့ရတဲ့အတွက် တစ်တောင် ကို (၁၈)လက်မဆိုတဲ့ ဖလှယ်နှုန်းနဲ့သာ သုံးစွဲခဲ့ကြရတော့တယ်လို့
ဒေါက်တာတိုးလှက "စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ်မှာ ဖော်ပြခဲ့လို့ သိရပါတယ်။
ဒီတွက်ချက်ပုံစနစ်မှားကို ယနေ့အထိ လက်ခံကျင့်သုံးနေရတယ်လို့လည်း ဆရာက ဝေဖန်ထားပါသေးတယ်။

ပယ်စနစ်ကွယ်ပျောက်သွားပေမယ့်
ပါဠိစာပေလာ "ကရီသ" ဆိုတဲ့ပုဒ်ကို "ပယ်"လို့ ဘာသာပြန်နေကြတုန်းပါပဲ။
စာပေယဉ်ကျေးမှုမှာ "ပယ်"ဝေါဟာရက ရှင်သန်နေတုန်းလို့ ဆိုရမှာပေါ့။
"ရှစ်မင်းပယ်စာ၊ နှစ်ပြန်တာကို၊ ဖြာဖြာနှင်းသောက်၊ နွယ်သတိုးကြောင့်၊ ဆယ့်ကိုးခါ ရောက်ခဲ့ပေါ့ ---
(တောင်တွင်းကြီး ဦးကြော့၏ စုံနံ့သာမြိုင်ရှာပုံတော်ကြီး မှ) စသည်ဖြင့်
မြန်မာ့စာပေမှာ "ပယ်"ဝေါဟာရကို ထည့်သွင်းစပ်ဆိုခဲ့ကြတာမို့ မြန်မာစာပေမပျောက်သမျှ "ပယ်"ဝေါဟာရက ရှင်သန်မြဲ ရှင်သန်နေမှာပါ။
ဒါကြောင့် "ပယ်"ဆိုတဲ့ဝေါဟာရနဲ့ ပတ်သက်လို့ မှတ်သားစရာများကို
လက်လှမ်းမှီသမျှ ဝေငှလိုက်ပါတယ်။
[အမှားများပါရှိပါက အမှန်ပြင်ပေးကြပါရန် လေးစားစွာ တောင်းပန်ပါသည်]

No automatic alt text available.
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ