Saturday, June 17, 2017

"ပျောက်ကွယ်သွားတဲ့ 'ပယ်' ဝေါဟာရ (၁)"

"ပယ်"ဆိုတဲ့ ဝေါဟာရဟာ ပုဂံခေတ်က စတင်သုံးစွဲခဲ့တဲ့ ဝေါဟာရဖြစ်ပါတယ်။
မြေအကျယ်အဝန်းကို တိုင်းတာတဲ့အခါ အသုံးပြု ခေါ်ဝေါ်သတ်မှတ်တဲ့ ဝေါဟာရတစ်ခုပါ။
"ပယ်"ဆိုပြီး မြန်မာမှုပြုကြတဲ့ ပါဠိကို ထုတ်ပြပါဆိုရင် "ကရီသ"ဆိုတဲ့ပါဠိပုဒ်ကို ထုတ်ပြရပါလိမ့်မယ်။
မြေရောင်းမြေဝယ်တဲ့အခါမျိုးမှာ
"ကရီသ(ပယ်)"နဲ့ ရေတွက် ရောင်းဝယ်ကြတယ်။
ဥပမာ- ဇေတမင်းသားရဲ့
ကရီသရှစ်ခုလောက်ကျယ်တဲ့ မြေကို
အနာထပိဏ်သူဌေးက ဝယ်တာလိုမျိုးပေါ့။
လယ်ယာရဲ့အကျယ်အဝန်းနဲ့ ဌာနတစ်ခုခုရဲ့အကျယ်အဝန်းကို ဖော်ပြလိုတဲ့အခါတွေမှာလည်း"ကရီသ (ပယ်) " နဲ့ တိုင်းတာပြတာကို ပါဠိစာပေ နေရာအတေည်များများမှာ တွေ့ရပါတယ်။
"ကရီသ (ပယ်)" ကျယ်ဝန်းမှုပမာဏကို
ပါဠိစာပေမှာ
၁။ ပျိုးကြဲ သို့မဟုတ် ပျိုးဝင်ဆန့်မှုနဲ့ဖြစ်စေ၊
၂။ တာအတိုင်းအတာနဲ့ဖြစ်စေ ဖော်ပြကြတာတွေ့ရပါတယ်။
ပျိုးကြဲသို့မဟုတ်ပျိုးဝင်ဆန့်နည်းနဲ့ တွက်ချက်မှုကို အဘိဓာနပ္ပဒီပိကာ ဂါထာ (၁၉၇) မှာ "ကရီသ စတုရမ္ဗဏံ" ၄ အမ္ဗဏ ပျိုးကြဲလောက်ရာ အရပ်ကို ကရီသ(ပယ်) တစ်ခု ရေတွက်ပါတယ်။
့ အဘိဓာနပ္ပဒီပိကာ ဂါထာ (၄၈၄) "ဧကာဒသ ဒေါဏာ တု အမ္ဗဏံ" လို့ဆိုတဲ့အတွက် "တစ်အမ္ဗဏ" ရဲ့ဝင်ဆန့်မှုပမာဏဟာ ၁၁-စိတ်(နှစ်တင်းနဲ့ သုံးစိတ်)ပျိုးကြဲလောက်တဲ့ အကျယ်အဝန်းဖြစ်ပါတယ်။
[စတုဒေါဏံ အမ္ဗဏံ၊ဆဒေါဏန္တိ ဧကေ။ (မူလဋီ၊ ၂၊ ၂၃၂)။ အလို လေးစိတ် တစ်အမ္ဗဏ၊ ခြောက်စိတ် တစ်အမ္ဗဏ အယူအဆနှင့် ၁၆ စိတ် တစ်အမ္ဗဏ ယူဆတဲ့ သံ၊ဋ္ဌ၊ ၁၊ ၂၀၀။ ဒီ၊ ဋ္ဌ၊ ၂၊ ၁၇၈။ တို့ကို ဒီမှာ ဖော်မပြတော့ပါ။ ဆိုင်ရာမှာ လေ့လာကြပါရန်။ ]
ဆိုတော့ ကရီသတစ်ခုဟာ ၄-အမ္ဗဏပျိုးကြဲလောက်တဲ့အရပ်ဖြစ်လို့ (၄၄)စိတ် [၁၁-တင်း] ပျိုးကြဲလောက်တဲ့အကျယ်အဝန်းရှိပါတယ်။
ဒါက ပျိုးဝင်ဆန့်တဲ့ပမာဏနဲ့ "ကရီသ"
အကျယ်အဝန်းကို သတ်မှတ်တဲ့နည်းပါ။
အတိုင်းအတာနဲ့ "ကရီသ"အကျယ်အဝန်း ဖော်ပြချက်ကို ဘုရားကြီးဆရာတော်ပြုစုတော်မူတဲ့ ပါစိတျာဒိယောဇနာမှာ "အဋ္ဌကရီသပ္ပမာဏာ ဘူမိ ဥသဘေန ဒသဥသဘပ္ပမာဏာ ယဋ္ဌိယာ ဒွိသတယဋ္ဌိပ္ပမာဏာ ဟောတီတိ ဒဋ္ဌဗ္ဗံ။"ဆိုတဲ့ ဖော်ပြချက်ကို တွေ့ရပါတယ်။
ကရီသရှစ်ခုကျယ်ဝန်းတဲ့ မြေအရပ်ဟာ ဆယ်ဥဘရှိပြီး တာအားဖြင့်ရေတွက်ရင် တာ(ယဋ္ဌိ)၂၀၀ ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ၂၅ - တာ တစ်ခုကို တစ်ကရီသ(တစ်ပယ်) ကျယ်ဝန်းတယ်လို့ မှတ်ရမှာပေါ့။
တာ(ယဋ္ဌိ)တစ်ခုကို ၇-တောင်ရှိတဲ့အကြောင်း "သတ္တ ရတနာနိ ယဋ္ဌိ။ (အဘိဋ္ဌ၊ ၂၊ ၃၂၈)" နှင့် "ရတနံ တာနိ သတ္တေဝ ယဋ္ဌိ" အဘိဓာနပ္ပဒီပိကာ ဂါထာ (၁၆၉)မှာ ဖော်ပြချက်အရ သိနိုင်ပါတယ်။
ခုဖော်ပြချက်မှာပါတဲ့ "ရတန"ဆိုတာ တစ်တောင်နှစ်တောင်စသဖြင့် တံတောင်နဲ့ တိုင်းတာတဲ့ "တောင်"ဆိုတဲ့ ဝေါဟာရကို ရည်ညွှန်းတာပါ။
ဒါကြောင့် ကရီသတစ်ခု (တစ်ပယ်) ဆိုတာ ၇-တောင် တာနဲ့ တစ်ဘက်ကို ၂၅-တာ ရှိပြီး စတုရန်းတာ (၁၀၀) ကျယ်ဝန်းတဲ့ မြေကွက်ဖြစ်ပါတယ်။
ရှေးမြန်မာမင်းများ အုပ်ချုပ်စဉ်ကာလကလည်း မြန်မာ့လယ်ယာတိုင်းတာတဲ့စနစ်ဟာ "ပယ်"စနစ်နဲ့ တိုင်းတာခဲ့ကြတာပါ။
ပယ်စနစ်နဲ့ ရေတွက်ပုံ နှစ်မျိုးရှိပါတယ်။
၁။ ပကတိပယ်
၂။ မင်းပယ် တို့ပါပဲ။
ပကတိပယ်တွက်ပုံကအထက်မှာ ဖော်ပြခဲ့သလို တဘက်ကို ၂၅-တာ၊ စတုရန်းသတ် တာ ၁၀၀ နဲ့ ရေတွက်ပါတယ်။
ပကတိပယ်တွက်ပုံ အယူအဆမကွဲပြားပေမယ့် မင်းပယ်တွက်ပုံကတော့ ကွဲပြားကြတာ တွေ့ရပါတယ်။
တောင်ပေါက်အဘိဓာနိဿယမှာ ဖော်ပြချက်နဲ့ ဒေါက်တာတိုးလှရဲ့
"စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ်မှာဖော်ပြတဲ့ မင်းပယ်ရေတွက်ပုံဟာ မတူကြပါ။
တောင်ပေါက်ဆရာတော်က
"စတုရန်း တာ ၅၀ ကို မင်းပယ်" လို့ အဘိဓာန်နိဿယမှာ ဖော်ပြခဲ့ပါတယ်။ ဒီအယူအဆချက်အတိုင်း တိပိဓာန်မှာလည်း ဖော်ပြခဲ့ပါတယ်။
စတုရန်းတာ ၅၀ ဆိုတာ
"တစ်ဘက်ကို တာ ၅၀ နဲ့ သတ်မှတ်ပြီး စတုရန်းသတ် တာ ၂၀၀ " လို့ ယူဆရမှာပါ။
ဒေါက်တာတိုးလှရဲ့
"စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ်မှာဖော်ပြတဲ့ မင်းပယ်တွက်နည်းက
"တဘက်ကို ၃၅-တာ, ၂-တောင်, ၁-မိုက်, ၄-သစ် ရှိပြီး စတုရန်သတ် တာ ၁၄၁-တာနဲ့ ၃-တောင်ရှိတယ်လို့ ဆိုပါတယ်။
ဒေါက်တာတိုးလှ ဖော်ပြထားတဲ့ မင်းပယ်တွက်နည်းဟာ "ဗဒုံမင်းရဲ့ပယ် ပုံတော်ကျောက်စာ" မူအရလို့ ဆိုပါတယ်။
တစ်ခါတစ်ရံ ပကတိပယ်ကို မင်းပယ်နဲ့ ကွဲပြားစေဖို့ ဆင်းရဲသားပယ်လို့လည်း ခေါ်ဝေါ်သုံးစွဲကြတယ်လို့ ဒေါက်တာတိုးလှရဲ့
"စာပေမှတ်တမ်းများက ပြောသော မြန်မာ့သမိုင်း" စာအုပ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
မျက်မှောက်ခေတ်မှာ ရှေးခေတ် မြန်မာ့လယ်ယာမြေစနစ်မှာ အသုံးပြုခဲ့တဲ့ "ပယ်" ဆိုတဲ့ ဝေါဟာရ အစား အနောက်တိုင်း လယ်ယာမြေစနစ်သုံး "ဧက Acre " ဆိုတဲ့ ဝေါဟာရကိုသာ အသုံးပြုကြပါတော့တယ်။
မျက်မှောက်ခေတ်သုံး "ဧက Acre "နဲ့ ပကတိပယ်(ဆင်းရဲသားပယ်)ကို တွက်ရင် ၁.၇၈ ဧကနှင့် ညီမျှပြီး မင်းပယ်တစ်ပယ်ဟာ ၃.၅၅ ဧကနှင့် ညီမျှတယ်လို့ ဒေါက်တာတိုးလှက ဖော်ပြထားပါတယ်။
ရှေးခေတ်က မြန်မာ့လယ်ယာမြေစနစ်မှာ အသုံးပြုခဲ့တဲ့ "ပယ်"ဝေါဟာရဟာ ဗြိတိသျှကိုလိုနီဘဝသို့ ကျရောက်ချိန်ကစပြီး ကွယ်ပျောက်သွားခဲ့ရပါတယ်လို့ ဆိုကြပါတယ်။

ဆက်လက်ဖ်ေပြပါဦးမည်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ