စာသင်တိုက်နှင့် စာသင်ချိန်
များစွာသော
မြို့ကြီး စာသင်တိုက်ကြီးများ၌ အမျိုးမျိုးသော
အကြောင်းကြောင့် စာသင်ချိန် လည်း နည်းပါးလှ၏၊ များသောအားဖြင့် ၀ါတွင်းသုံးလလောက် ကြိုးကြိုးစားစားနှင့်
သင်ယူရ၏၊ ၀ါကျွတ် သည်မှ စ၍ နောက်ဝါဆိုအထိကား ဆရာနှင့် သင်ယူရခြင်း နည်းပါးလှတော့သည်။
ဤနည်းအတိုင်းသာ သင်နေကြရသမျှ (ခေတ်အလိုက်) စာတော်ပုဂ္ဂိုလ်တစ်ပါး
မဖြစ်နိုင်ပါ၊ “စာတော်”ဟူရာ၌ မိမိကိုယ်တိုင် သဘောဉာဏ် ရှိ၍ ဆရာသမားထံ အနည်းငယ် သင်ယူပြီးနောက်
ထိုထို ကျမ်းစာများကို ကြည့်ရှု၍ တော်သူ, ပင်ကိုဉာဏ်လည်း မှန်မှန်ရှိ၊ ဆရာ့အထံ၌လည်း
နှစ်ရှည်လများ သင်ယူခြင်းဖြင့် တော်သူဟု နှစ်မျိုးရှိ၏၊ ပထမနည်းဖြင့် တော်သူသည် သူ့အတွက်
သာ တော်၏၊ တပည့်များကို သူ့လို တော်အောင် ပို့ချတတ်ဖို့ကား မလွယ်ကူလှချေ၊ ဒုတိယနည်းဖြင့်
တော်သူမှာ တပည့်များကိုလည်းတော်အောင် သင်ပြနိုင်၏၊ ယခုအခါ မြို့စာသင်တိုက်များ၌ ပထမနည်းဖြင့်
စာတော်သူသာ ဖြစ်ခွင့်ရှိ၏၊ စာသင်ချိန် နည်းပါးရကား ဒုတိယနည်းဖြင့် စာတော်သူမှာမှာ အလွန်
နည်းပါးပေလိမ့်မည်။
မှန်၏၊ များစွာသော စာပြန်ပွဲတို့၌ စာအောင်ပုဂ္ဂိုလ်များသည် ဆရာ့ထံ
အပြည့်အစုံ သင်ယူ၍ အောင်သူထက် ဆရာ့အထံ အနည်းငယ် သင်ယူပြီးလျှင် မိမိတို့ဘာသာ ကြိုးစား၍
အောင်သူတွေသာ များလေသည်၊ ဤအချက်ကို ထောက်၍လည်း အနာဂတ်ကာလ၌ မြို့ကလေးများနှင့် ရွာကြီးများဝယ်
စာသင်တိုက်များ တည်ရှိစေလိုပေသည်။
စာတတ်ပြီးမှ လူထွက်ကြရပုံ
စာသင်သားဘ၀၌
အများနှင့်လျော်ညီအောင် ရောကော သောကောနှင့်
နေထိုင်ကာ ဉာဏ်ဝီရိယအလျောက် စာတတ်မြောက်၍ စာပြန်ပွဲများ၌လည်း ပေါက်ရောက်ပြီးသောအခါ
ရှေးဟောင်းနှောင်းဖြစ်ကို ပြန်၍ တွေးမိကြ၏၊ တချို့သည် မိမိကျူးလွန်ခဲ့သော အပြစ်များ၌
ပြင်မရအောင် (အာပတ်ဖြေသော်လည်း မပြေနိုင်အောင်) ကျူးလွန် ခဲ့သောကြောင့် နောင်တရကာ လူဝတ်လဲကြရရှာ၏။
ရဟန်းတော်ကလေးတစ်ပါးကား ၀ိနည်းကို မသင်ရမီက လွန်လာသော အပြစ်ကို
ဝိနည်းသင်ခါမှ ပြင်မရတော့ဟု သိရ၍ ချုံးချုံးချလျက် ငိုရရှာလေသတဲ့၊ [ ယခုကာလ၌ ရထား သင်္ဘောများဝယ်
ကျသင့်သော နှုန်းကို မပေးရအောင် ကြံဆောင်ယူသွားသဖြင့် ကြီးမားသော ၀ိနည်းအပြစ်ကို ရတတ်၏၊]
တချို့စာတတ်ပြီးသူများကား
မိမိပြုခဲ့သောအမှုများက ကျူးကျူးလွန်လွန် မဟုတ်သော်လည်း ပေါ့ပေါ့နေမှုက အသားကျနေသဖြင့်
ဣနြေ္ဒသိက္ခာကို စောင့်စည်း၍ တစ်နည်းပြုပြင်ကာ ကျနအောင် နေနိုင်ဖို့ ခဲယဉ်းလှသောကြောင့်
“လူ့ဘ၀ဖြင့်ပင် သာသနာကို ကြည်ညိုချီးမြှောက်တော့မည်”ဟု လူ့ဘောင်သို့ ပြောင်းကြ၏၊ စစ်အတွင်း၌ကား
“ကမ္ဘာကြီးတောင် အပြောင်းအလဲ ရှိသေးတာပဲ၊ ရဟန်းဘ၀မှ လူ့ဘ၀ပြောင်းဖို့ဟာ ဘာခဲယဉ်းတော့သလဲ”ဟု
စိတ်ရဲကာ ဂျပန်ငွေ ရှာလွယ်ချိန်မှာ အများအပြား လူ့ဘောင်သို့ ပြောင်းကြလေသည်၊ မည်သို့ပင်ဖြစ်စေ
(သာသနာရေးနှင့်နိုင်ငံရေးကို ကြည့်လျှင်) ရဟန်းဘ၀၌ ပေတေနေ သူများထက် လူ့ဘ၀ပြောင်းသူများကိုသာ
ကျေနပ်ထိုက်ပါသည်။
အထင်သေးခံနေရပုံ
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ အတော်ကြာလောက်ကစ၍ များစွာသောဒကာ ဒကာမ တို့သည်
ရဟန်းတော်များအပေါ်၌ အထင်မကြီးကြတော့ချေ၊ ထိုသို့ အထင်မကြီးကြရာ၌ ရဟန်းငယ်များအပေါ် အထင်မကြီးပုံနှင့်
ဘုန်းတော်ကြီး ဆရာတော်ကြီးများအပေါ် အထင်မကြီးပုံမှာ မတူ တတ်သေးချေ၊ ရဟန်းငယ်များ အပေါ်၌
မြို့ထဲပြထဲ လည်ပတ်ခြင်း, ပွဲလမ်းသဘင်ကို ကြည့်ရှုခြင်း, သွားလာနေထိုင်ပုံ မသပ္ပာယ်ခြင်း
တို့ကြောင့် အထင်သေးကြ၏၊ သို့ရာတွင် သာသနာတော်ကို အတွင်း ကျကျ ကိုးကွယ်သူ အချို့ကမူ
“စာသင်နေဖော်ရလျှင် တော်ရောပ, နောင်ခါကြီးတော့ ပြုပြင်ပါလိမ့်မည်”ဟု မျှော်လင့်၍ ဖြေနိုင်ကြပါသေး၏၊
ကျောင်းထိုင်ဘုန်းတော်ကြီးများ
အပေါ်၌ကား… ရပ်ရွာ နယ်ပယ် ဒကာ ဒကာမတို့ကို ယဉ်ကျေးအောင် မဆုံးမနိုင်ခြင်း, တပည့် တပန်း
ရဟန်း သာမဏေ ကျောင်းသားများကို ယဉ်ကျေး အောင် စာတတ်အောင် မသင်ပြနိုင်ခြင်း, ပစ္စည်းရှင်
ရပ်သူရွာသား တို့နှင့် အလွမ်းသင့်အောင် ဆက်ဆံပေါင်းသင်းခြင်း, အတောင်း အရမ်း အခွဲအခန့်
များပြားခြင်း, ကျောင်းထိုင်ရလျှင် ဟုတ်ဟုတ် မဟုတ်ဟုတ် အပင့်အဖိတ်ခံရမြဲ ဖြစ်သောကြောင့်
ကျောင်းရအောင် ကြိုးစားခြင်း, ထိုသို့ ကျောင်းထိုင်ဖြစ်ဖို့ လိုလားသဖြင့် ဘုန်းကြီးတစ်ပါး
ပျံတော်မူလျှင် ရုံးရောက်လောက်အောင် ကျောင်းလုပွဲ ဖြစ်ခြင်း ဤသို့ စသော အပြစ်များကြောင့်
အထင်သေးကြလေသည်။