စာပေဘက်၌လည်း အထင်ကြီး မခံရ
မိမိတို့ ဘုန်းကြီးဘ၀မှာ သူများ ပေးမှ ကမ်းမှ စားသောက်
နေထိုင်ရသော ဘ၀မျိုး ဖြစ်၍ ပစ္စည်းလေးပါးဘက်၌ (အတောင်းအရမ်း များသူတို့ အပေါ်ဝယ်)
ပစ္စည်းရှင်တို့ အထင် အမြင်သေးခြင်း ခံကြရသည်မှာ မထူးဆန်းလှပါ၊ အသက်နှင့်အမျှ ပညာဆည်းပူးရသော
ဘ၀ဖြစ်၍ ပညာရေးဘက်၌မူ အများအပြားပင် အထင်သေးခြင်းကို မခံရထိုက်ပါ၊ သို့ရာဝယ် “ဘုန်းကြီးများ၏
ပါဠိဘက်၌ ကျွမ်းကျင်မှု နည်းပါးကြောင်းကို စာပြန်ပွဲ၌ ပါဠိဘာသာ ဖြေပုံကို ကြည့်၍ သိနိုင်ပါသည်”ဟူသော
ပထမပြန်ကော်မတီ တစ်ဦး၏ စကားဖြင့် ပါဠိဘာသာဘက်၌လည်း အထင်သေးခံနေရကြောင်း သိရပါသည်၊
ဤသို့ အထင်သေးခံရခြင်းနှင့် စပ်လျဉ်း၍ ပါဠိဘာသာ နိုင်, မနိုင်ကို မိမိတို့ကိုယ်တိုင်
စဉ်းစား၍ ပါဠိသင်နည်း ကို ပြင်ထိုက်, မပြင်ထိုက်ကိုပါ အောက်ပါအတိုင်း စဉ်းစားပါလေ။
၁။ ပါဠိဘာသာကို သဒ္ဒါနည်းလည်း မှန်၍ ပါဠိသွားနည်းလည်း
ကျအောင် ရေးနိုင် ပြောနိုင်သလား၊
၂။ ပါဠိတော် အဋ္ဌကထာများကို ကြည့်ရှုပြန်လျှင် (မြန်မာဘာသာ
လို) ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား၊
၃။ နှစ်ပေါင်းများစွာ ပါဠိဘာသာကို သင်ယူနေကြပါလျက်
မပြောနိုင် မရေးနိုင်ကြပါလျှင် ပါဠိသင်နည်းကို မပြင်ဘဲ နေထိုက်ပါသလား၊
၎။ လက်ရှိ စာမေးပွဲများ၌ ပါဠိတတ်လွယ်အောင် စည်ကမ်း
ပြင်ထိုက်သည် မဟုတ်ပါလား။
နောင်အခါ သာ၍ အထင်သေးဖွယ်
လာမည့်ခေတ်ကား
ပြောတိုင်းယုံမည့်ခေတ် မဟုတ်တော့၊ မှားသည်
ဖြစ်စေ, မှန်သည် ဖြစ်စေ စဉ်းစား စိစစ်လိုသော ပညာခေတ် ဖြစ်တော့မည်၊ ယခုခေတ် ရှေးလူကြီးသူမတို့ကဲ့သို့
“သူမကောင်းလျှင် သူ့ထိုက်နဲ့ သူ့ကံ”ဟုလည်း စိတ်သဘောကြီးကြီး ထားကြတော့မည် မဟုတ်၊ သူတို့
သင်ယူအပ်သော
ဆင်ခြင်စဉ်းစားဉာဏ်ကို အရင်းခံ၍ အရာရာ၌ ဝေဖန်ကြတော့မည်၊ ထိုအခါကျမှ ရဟန်းတော်များသည်
သတိရ၍ ပြုပြင်ကြလျှင် အပြုပြင်နောက်ကျ၍ အကျိုးရ နည်းပါးမည့်ပြင် “အာဏာပိုင် အစိုးရတို့က
(သို့မဟုတ်) လူဝတ်ကြောင်များက ပြုပြင်ပေးမှ သာသနာရေး အချိုးကျလာသည်”ဟူသော အကြောင်းအရာသည်
ရာဇ၀င်မှာ စာတင်စရာ ဖြစ်ရစ်တော့မည်၊ ထို့ကြောင့် မိမိတို့၏ အနာဂတ်သာသနာရေးကို မိမိတို့သာလျှင်
စထွင်၍ ပြုပြင်သင့်ကြပါသည်။