မိဘကျေးဇူးတရားတော်။
ဘိက္ခုတို့…မိဘနှစ်ပါးတို့၏
ကျေးဇူးကို အလွယ်နည်းနှင့်ကျေအောင် ဆပ်နိုင်မည်ဟု ငါဘုရား ဟောတော်မမူ၊
ဘိက္ခုတို့…အသက်တစ်ရာ ရှည်သောသား(သမီး) တစ်ယောက်သည် လက်ယာပခုံး တစ်ဖက်ပေါ်မှာ အမိကို
ထား၍ လက်ဝဲပခုံးတစ်ဖက်ပေါ်မှာ အဘကို ထားပြီးလျှင်ထိုပခုံးပေါ်မှာပင် နံ့သာတို့ဖြင့်
လိမ်းကြံ ပွတ်တိုက်ပေးလို့, ပင်ပန်းပြေအောင် ဆုတ်နယ်ပေးလို့, ရေနွေး
ရေအေးတို့ဖြင့် ရေချိုးပေးလို့, အညောင်းပြေအောင် ဆွဲငင်ဆန့်တန်းပေးလို့
လုပ်ကျွေးပြုစုနေတယ်လို့၊ (ဥပမာ-သဘောအားဖြင့်)ဆိုကြစို့၊ ကျင်ကြီး ကျင်ငယ်တောင်
ပခုံးပေါ်ကနေ၍ စွန့်တယ် ဆိုကြစို့၊ (တစ်နည်း ပြောပြန်ပြောလျှင်) ဤကမ္ဘာ မြေပြင်
တစ်ခုလုံးမှာ ရှင်ဘုရင်နှင့် မိဖုရားကြီးဖြစ်အောင်သားက ကြိုးစား ပေးတယ် ဆိုကြစို့၊
(သည်လိုများ တတ်နိုင်လျှင် အများအထင်အားဖြင့် မိဘကျေးဇူးကျေလောက်ပါပြီဟု ထင်စရာ ရှိပါပေသည်၊
သိုသော်) ဘိက္ခုတို့..ဤနည်းအားဖြင့် မိဘကျေးဇူးကို ကျေလည်အောင် ဆပ်ရာမ ရောက်သေးချေ။
“အဘယ့်ကြောင့်
ကျေလည်အောင် ဆပ်ရာ မရောက်သေးသနည်း”ဟု မေးလျှင် ဘိက္ခုတို့ …မိဘတို့သည် သားသမီးတို့ကို
ကြီးပွားအောင်မွေးကျွေးသုတ်သင်ကြပေသည်၊ ဤလောကကို ပြကြ ပေသည်၊(မိဘတို့က
မကျွေးမွေးလိုဘဲ မွေးခါစကပင် ပစ်လိုက်မည်ဆိုလျှင် ဤလောကကို မြင်ရတော့မည်မဟုတ်၊)
ဤသို့လူတစ်ယောက် အဖြစ်ဖြင့် ကြီးပွား၍ ဤလောကကို တွေ့မြင် နေရသည်မှာ မိဘတို့ကျေးဇူးသာ
ဖြစ်သောကြောင့် မိဘတို့ကျေးဇူးကို အလွယ် နည်းဖြင့် ကျေလည်အောင်
ဆပ်နိုင်မည်ဟုငါဘုရားဟောတော်မမူ။
ဒွိန္နာဟံ
ဘိက္ခဝေ န သုပ္ပတိကာရံ ဝဒါမိ၊ ကတမေသံ ဒွိန္နံ၊ မာတုစ ပိတုစ။
ဧကေန
ဘိက္ခဝေ အံသေန မာတရံ ပရိဟရေယျ, ဧကေန အံသေန ပိတရံ ပရိဟရယျေ ဝဿသတာယုကော ဝဿသတံ ဇီဝိ၊
သောစ နေသံ ဥစ္ဆာဒန ပရိမဒ္ဒန နှာပန သမ္မာဟနေန၊ တေစ တတ္ထေဝ မုတ္တကရီသံ စဇေယျုံ၊ နတွေဝ
ဘိက္ခဝေ မာတာပိတူနံ ကတံ ဟောတိ ပဋိကတံဝါ။
ဣမိဿာ
စ ဘိက္ခဝေ မဟာပထဝိယာ ဗဟုတရာယ မာတာပိတရော ဣဿရာဓိပစ္စေ ရဇ္ဇေ ပတိဋ္ဌာပေယျ၊ န တွေဝ
ဘိက္ခဝေ မာတာ ပိတူနံ ကတံ ဟောတိ ပဋိကတံ။
တံ
ကိဿ ဟေတု၊ ဗဟုပကာရော ဘိက္ခဝေ မာတာပိတရော အာပါဒကာ ပေါသကာ ဣမဿ လောကဿ ဒေဿတာရော။
ဆရာ။ ။ ကဲ, မိဘကျေးဇူးကို တော်တော်နဲ့ဆပ်လို့
မကျေနိုင်ဘူးဆိုတာ သိကြပြီ မဟုတ်လား၊ မကျေနိုင်ပေမယ့် တတ်နိုင်သမျှတော့
ဆပ်ကြကွဲ့နော်… ရှေးတုန်းက လူရွှတ် တစ်ယောက် ပြောသလိုတော့ မလုပ်ကြနဲ့၊ ရှေးတုန်းက
လူတစ်ယောက်ဟာ “မိဘကျေးဇူးတွေ ဆပ်လို့ မကျေနိုင်ဘူး” ဆိုတဲ့ ဒီတရားတော်ကို ကြားတော့
“မကျေနိုင်အတူတူဖြင့် ဘာမှ မဆပ် တော့ဘူး” လို့ ပြောသတဲ့ကွဲ့၊ အဲဒီလိုတော့
မလုပ်ကြနဲ့နော်။
တပည့်များ။ ။ (ပြုံး၍ ) …ဟုတ်ကဲ့ဆရာ။
ဆရာ။ ။ မိဘကျေးဇူးနှင့်စပ်ပြီး ဗုဒ္ဓမြတ်စွာ
ဟောတော်မူတဲ့တရားတော် တစ်ရပ်ကိုလဲ ဖတ်ကြဦးကွဲ့။
ဗြဟ္မနှင့်ဆရာ
အလှူခံပုဂ္ဂိုလ်အမြဲရှိနေသောအိမ်။
ဘိက္ခုတို့…
အကြင်အမျိုးသမီးတို့၏ သားသမီးများအိမ်၌ မိဘတို့သည် ကျွေးမွေးပြုစု ပူဇော်မှုကို
ခံကြရကုန်၏၊ ထိုအမျိုးတို့သည် ဗြဟ္မာရှိနေသော အမျိုးများဖြစ်ကြ၏၊ ထိုအမျိုးိတို့သည်
လက်ဦးဆရာရှိနေသော အမျိုးများဖြစ်ကြ၏၊ ထိုအမျိုးတို့သည် အလှူခံပုဂ္ဂိုလ်အမြဲ
ရှိနေသော
အမျိုးများဖြစ်ကြသည်။
[အဂုင်္တ္တိုရ်,
တိကနိပါတ်, ပဌမပဏ္ဏာသက, ဒေဝဒူတ, ပထမသုတ်။]
ဆရာ။ ။ “ဗြဟ္မာ” ဆိုတာ ကလေးများ နားလည် ကြရဲ့လား။
တပည့်များ။ ။နားမလည်ဘူးဆရာ။
ဆရာ။ ။ နတ်ပြည်၏ အထက်မှာ “ဗြဟ္မာ့ပြည်”
ဆိုတာရှိတယ်ကွဲ့၊ အဲဒီဗြဟ္မာတွေမှာ သူများရဲ့ အကျိုးကို လိုလားတဲ့မေတ္တာစိတ်, သနားတဲ့
ကရုဏာစိတ်, ချမ်းသာတာမြင်လျင် ဝမ်းမြောက်တဲ့ မုဒိတာစိတ်, သနားစရာ ဝမ်းမြောက်စရာ
တွေ့ပြန်လျှင် ကံအတိုင်း ဖြစ်ကြရ တာပဲဟု သဘောထားတတ်သော ဥပေက္ခာစိတ်၊ အဲဒီလေးမျိုးနဲ့ နေကြတာများတယ်၊
မိဘများလဲ သားသမီးအပေါ်မှာ ဒီလိုစိတ်လေးမျိုးထားတတ်လို့
မိဘ တွေကို “ဗြဟ္မာလို့”ခေါ်တယ်၊မိဘများ စိတ်လေးမျိုးထားပုံကို ဆရာပြောဦးမယ်။
သဗြဟ္မာကာနိ
ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာ ပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ၊ သပုဗ္ဗစရိယကာနိ
ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ။
အာဟုနေယျာနိ
ဘိက္ခဝေ တာနိ ကုလာနိ, ယေသံ ပုတ္တာနံ မာတာပိတရော အဇ္ဈာဂါရေ ပူဇိတာ ဟောန္တိ။
[အင်္ဂုတ္တိုရ်,
တိကနိပါတ်, ပဌမပဏ္ဏာသ, ဒေဝဒူတဝဂ်, ပထမသုတ်။]
မေတ္တာစိတ်။ ။
မိခင်ဝမ်းထဲမှာ ကလေးများနေတုန်းက (မမွေးခင်က) “င့ါကလေးရဲ့ မျက်နှာကို ကိုယ်အဂါင်္
ပြည့်ပြည့်စုံစုံနဲ့ ဘယ်တော့ မြင်ရပါ့မလဲ” ဟုတွေ့မြင်ချင်တဲ့ ချစ်မေတ္တာ
စိတ်တွေဖြစ်နေတယ်ကွဲ့။
ကရုဏာစိတ်။ ။ သားကလေး သမီးကလေးက ပက်လက်ကလေး အိပ်နေတုန်း
ခြင်တို့ ကြမ်းပိုးတို့က ကိုက်လို့ နို့ဆာလို့ ငိုသံ ကြားလိုက်ပလားဆိုလျှင်
အင်မတန်သနားတဲ့ ကရုဏာစိတ် ဖြစ်ကြရတယ်၊ အဲဒီငိုသံကြားတဲ့အခါ အပြေးလာရပြီး ချော့ကာ
နို့တိုက်ကြတယ်၊ နို့ရည်ဆိုတာလဲ မေတ္တာကြီးလွန်းလို့ဖြူဖွေးပြီးထွက်လာရတဲ့
သွေးတွေပဲကွဲ့၊ ဘယ့်လောက် အမေများဟာ မေတ္တာ ကြီးသလဲဆိုတာ ကလေးများကြီးမှ
သာပြီးသိကြမယ်နော်။
မုဒိတာစိတ်။ ။ သားကလေး သမီးကလေးက မတ်တတ်ပြေးလို့
ကစားနေတဲ့အခါ, ကျောင်းတက်ပြီးစာသင် နေတဲ့အခါ, စာမေးပွဲအောင်လာလို့ အတန်းတက်ရတဲ့အခါ,
ဆယ့်ငါးလေးနှစ် အရွယ်ကျလို့ ဝဝဖြိုးဖြိုးနဲ့အလှတိုးနေတဲ့အခါ အဲဒီအခါမျိုးမှာ
သားသမီး မျက်နှာကို ကြည့်ကြည့်ပြီးသိပ်ဝမ်းသာတဲ့မုဒိတာစိတ် ဖြစ်ကြတယ်ကွဲ့။
ဥပေက္ခာစိတ်။ ။သားသမီးများအိမ်ထောင်ခွဲပြီးသူ့စီးပွားနဲ့သူ
နေကြတဲ့အခါ (နေရာတိုင်း ကြောင့်ကြမများတော့ဘဲ) လျစ်လျူထားသော ဥပေက္ခာများလဲ
ဖြစ်ကြရတယ်။
ဗြဟ္မာများ။ ။ဒါ့ကြောင့် ဗြဟ္မာများ
စိတ်လေးမျိုးနဲ့နေကြသလို မိဘများလဲ သားသမီးတို့ အပေါ်မှာ
စိတ်လေးမျိုးထားကြသောကြောင့် မိဘတို့ကို ဗြဟ္မာလို့ခေါ်တော်မူတယ်၊ အဲဒီမိဘများ ကို
အမြဲပြုစုထားတဲ့အိမ်ဟာ ဗြဟ္မာရှိသောအိမ်လို့မိန့်တော်မူတယ်။
လက်ဦးဆရာ။ ။ မိဘများဟာ သားသမီးတို့ကို
ငယ်ငယ်လေးကစပြီးစကားတတ်အောင် သင်တယ်၊ ဝတ်တတ် စားတတ်အောင် သင်တယ်၊ လူထဲသူထဲမှာ အနေအထိုင်
တတ်အောင် သင်တယ်၊ တချို့မိဘများမှာ ဘုရားရှိခိုးသင်ပေးသေးတယ်၊ လိမ္မာယဉ်ကျေးအောင်
သင်သေး တယ်၊ ဒါ့ကြောင့် လက်ဦးပထမ သင်ပေးတဲ့ ဆရာအစစ်ဟာ မိဘနှစ်ပါးသာဖြစ်တယ်၊
ဒ့ါကြောင့်မိဘပြုစုတဲ့အိမ်မှာ လက်ဦးဆရာ အမြဲရှိသောအိမ်လို ဗုဒ္ဓကမိန့်တော်မူတယ်၊
အဲဒီမိဘနှစ်ပါးဟာ သားသမီးများရဲ့ ဆရာသာ မကသေးဘူး၊ မြေးကလေးတွေရလာတော့
မြေးကလေးများကိုလဲ ထိန်းပြီး လိမ္မာအောင် သင်ပြလို့ မြေးကလေးများရဲ့
ဆရာလဲဖြစ်ရှာကြသေးတယ်။
အလှူခံထိုက်သူ။ ။ သားသမီးတို့ အပေါ်မှာ မေတ္တာများများနှင့်
သွန်သင်ပြသဆုံးမသော မိဘနှစ်ပါးကို ပြုစုသော သားသမီးများကို လူတိုင်းကလဲ
ချီးမွမ်းတယ်, နတ်တွေလဲ ကြည်ညိုတယ်, ပြုစုတဲ့ ကုသိုလ်တွေကလဲ
စင်စင်ကြယ်ကြယ်နဲ့နောက်ဘဝမှာ ချမ်းသာအောင် အကျိုးပေးမယ်၊ ဒါ့ကြောင့် မိဘများဟာ
သားသမီးတို့ရဲ့အလှူကို ခံထိုက်သော အလှူခံပုဂ္ဂိုလ်မြတ်လဲ ဖြစ်ကြတယ်၊ အဲဒီ မိဘနှစ်ပါးကို
ပြုစုထားတဲ့အိမ်မှာ အလှူခံပုဂ္ဂိုလ်ကောင်းအမြဲရှိနေသောအိမ်ပဲဟု မှတ်ထားကြ၊ ကိုင်း, ဆရာက
ကလေးများကို ပြန်မေးဦးမယ်၊ ဗုဒ္ဓမြတ်စွာက မိဘနှစ်ပါးကို နာမည် သုံးမျိုး ပေထားတယ်၊
အဲဒီနာမည်သုံးမျိုးကိုပြောကြစမ်းပါ။
တပည့်များ။ ။ [မိဘတို့ကို “ဗြဟ္မာ” လို့ခေါ်တယ်။
“လက်ဦးဆရာ”လို့လဲခေါ်တယ်၊ “အလှူခံ ပုဂ္ဂိုလ်” လို့လဲ ခေါ်တယ်ဟု ပြောတတ်ပါစေ၊
အောက်ပါကဗျားကလေးကို လဲ ကလေးများ ဆိုချင်စရာဖြစ်အောင် အချိုးကျကျ ရကြပါစေ။]
ဆောင်ပုဒ်။
အလှူခံ
ပုဂ္ဂိုလ်ထူး, လက်ဦးတဲ့ မြတ်ဆရာ,
ထက်ကောင်းကင်
ဗြဟ္မာမျိုး, တိုးလို့မှတ်ပါ၊
ထိုသူငယ်ဟာ
ဘယ်မှာနေငြား,
တခြားမောင်မရှာနှင့်,
နောင်အခါ ပူဇော်ရမယ် မိဘနှစ်ပါး။