အကုသိုလ်ပယ်ရန်
တိုက်တွန်းတရားတော်။
ဘိက္ခုတို့… အကုသိုလ်ကိုပယ်ကြ၊
အကုသိုလ်ကို ပယ်လို့ ဖြစ်နိုင်သည်၊ မဖြစ်နိုင်လျှင် “အကုသိုလ်ကို ပယ်ကြ” လို့
တိုက်တွန်းတော်မူမည် မဟုတ်ပါ၊ ပယ်လို့ဖြစ်နိုင်သောကြောင့် တိုက်တွန်းတော်မူသည်၊
အကုသိုလ်ကို ပယ်လိုက်သည့်အတွက် စီးပွားဆုတ်ယုတ်၍ ဒုက္ခရောက်ကြမည်ဖြစ်လျှင်လည်း “
အကုသိုလ်ပယ်ကြ” လို့တိုက်တွန်းတော်မူမည် မဟုတ်ပါ၊ အကုသိုလ်ကို
ပယ်သည့်အတွက်စီးပွားချမ်းသာ တိုးတက်ဖွယ်ရာရှိသောကြောင့်သာ တိုက်တွန်းတော်မူသည်။
“အကုသလံ
ဘိက္ခဝေ ပဇဟထ၊ သက္ကာ ဘိက္ခဝေ အကုသလံ ပဇဟိတုံ၊ နော စေ တံ ဘိက္ခဝေ သက္ကာ အဘဝိဿ အကုသလံ
ပဇဟိတုံ, နာဟံ ဧဝံ ဝဒေယျံ “အကုသလံ ဘိက္ခဝေ ပဇဟထာ” တိ၊ ယသ္မာ စခေါ ဘိက္ခဝေ သက္ကာ အကုသလံ
ပဇဟိတုံ, တသ္မာဟံ ဧဝံ ဝဒါမိ “အကုသလံ ဘိက္ခဝေ ပဇဟထာ”တိ၊ အကုသလံ ဘိက္ခဝေ ပဟီနံ အဟိတာယ
ဒုက္ခာယ သံဝတ္တေယျ, နာဟံ ဧဝံ ဝဒေယျံ “အကုသလံ ဘိက္ခဝေ ပဇဟထာ”တိ၊ ယသ္မာ စ ခေါ ဘိက္ခဝေ
အကုသလံ ပဟီနံ ဟိတာယ သုခါယ သံဝတ္တတိ၊ တသ္မာဟံ ဧဝံ ဝဒါမိ “အကုသလံ ဘိက္ခဝေ ပဇဟထာ”တိ။
ကုသိုလ်ပွားအောင်
တိုက်တွန်းတရားတော်။
ဘိက္ခုတို့.. ကုသိုလ်တရားကို
တိုးပွားစေကြ၊ ကုသိုလ်တရားကို တိုးပွားအောင် ကြိုးစားလို့ ဖြစ်နိုင်သည်၊
မဖြစ်နိုင်လျှင် ငါဘုရားတိုက်တွန်းတော်မူမည်မဟုတ်ပါ၊ ဖြစ်နိုင်လို့သာ တိုက်တွန်း
တော်မူသည်၊ ကုသိုလ်တရားကို တိုးပွားအောင်အားထုတ်သောကြောင့် စီးပွားဆုတ်ယုတ်၍
ဒုက္ခရောက်ကြမည် ဖြစ်လျှင်လည်း တိုက်တွန်းတော်မူမည်မဟုတ်ပါ၊ ကုသိုလ်တရားကို
တိုးပွား စေသည့်အတွက် စီးပွားချမ်းသာ တိုးတက်ဖွယ်ရာရှိသောကြောင့်
တိုက်တွန်းတော်မူသည်။
“ကုသလံ
ဘိက္ခဝေ ဘာဝေထ၊ သက္ကာ ဘိက္ခဝေ ကုသလံ ဘာဝေတုံ၊ နော စေ တံ ဘိက္ခဝေ သက္ကာ အဘဝိဿ ကုသလံ
ဘာဝေတုံ, နာဟံ ဧဝံ ဝဒယျံ “ကုသလံ ဘိက္ခဝေ ဘာဝေထာ ဘိက္ခဝေ သက္ကာ ကုသလံ ဘာဝေတုံ , တသ္မာဟံ
ဧဝံ ဝဒါမိ “ကုသလံ ဘိက္ခဝေ ဘာဝေထာ”တိ၊ကုသလံ ဘိက္ခဝေ ဘာဝိတံ အဟိတာယ ဒုက္ခာယ သံဝတ္တေယျ, နာဟံ
ဧဝံ ဝဒေယျံ “ကုသလံ ဘိက္ခဝေ ဘာဝေထာ” တိ၊ ယသ္မာ စခေါ ဘိက္ခဝေ ကုသလံ ဘာဝိတံ ဟိတာယ သုခါယ
သံဝတ္တတိ၊ တသ္မာဟံ ဧဝံ ဝဒါမိ “ကုသလံ ဘိက္ခဝေ ဘာဝေထာ”တိ။ ”တိ၊ ယသ္မာ စ
ခေါ
[အဂုင်္တ္တိုရ်,
ဒုကနိပါတ်, အဓိကရဏဝဂ်, နဝမသုတ်။]
ဆရာ။ ။ “အကုသိုလ်”ဆိုတာ ပြုတုန်းမှာလဲ (လိုချင်မှု
စိတ်ဆိုးမှုစသော) အပြစ်ရှိ၍, နောင် အကျိုးပေးတဲ့ အခါလဲ ဆင်းရဲဒုက္ခ
အကျိုးကိုသာပေးတဲ့ တရားဖြစ်တယ်၊ “ကုသိုလ်” ဆိုတာကတော့ ပြုတုန်းမှာလဲ (သနားမှု, ညှာတာမှု
မျှတမှုစသော ) အကောင်းသဘော ပါဝင်၍, နောင် အကျိုးပေးတဲ့အခါလဲ ချမ်းသာသုခ
အကျိုးကိုသာပေးတဲ့ တရားဖြစ်တယ်၊ ထိုအကုသိုလ် တရားဆိုတာ တခြားမဟုတ်ပါဘူး၊
ရှေ့မှာပြခဲ့တဲ့ (သူ့အသက်သတ်မှုစသော) ဒုစရိုက်တွေပါပဲ၊ ကုသိုလ်ဆိုတာလဲ
(သူ့အသက်သတ်မှုမှ ရှောင်ခြင်းစသော) သုစရိုက်တွေပါပဲ။
တပည့်များ။ ။ “အကုသိုလ်ကို ပယ်လို့ဖြစ်နိုင်တယ်”
ဆိုတာကတော့ ဘယ်လို ပယ်ရမှာတုန်းဆရာ။
ဆရာ။ ။ သူ့အသက်ကို မသတ်ဘဲ, သူ့ဥစ္စာကို မခိုးမလုဘဲ
နေတာဟာ အကုသိုလ်ကို ပယ်တာပဲ၊ ပြီးတော့-ကိုယ့်စိတ်ကို မထိန်းနိုင်လို့ သူ့ဥစ္စာ
ခိုးမိလျှင်လဲ “နောင်ခါ ဘယ်တော့မှ မခိုးတော့ပါဘူး” ဟုစိတ်ထဲမှာ
စွဲစွဲမြဲမြဲဓိဋ္ဌာန်ပြီး နောင်ခါ မခိုးတော့ဘဲ တစ်သက်လုံး ရှောင်လိုက်တာလဲ အကုသိုလ်ပယ်တာပဲ၊
အဲဒီလို ရှောင်နိုင်တဲ့သူဟာ ပြုမိတဲ့မကောင်းမှုတောင် မီးခဲကို ပြာဖုံးသွားသလို
ဖုံးသွားနိုင်တယ်။
တပည့်များ။ ။ ကုသိုလ်တိုးပွားအောင်တော့ ဘယ်လို
ကြိုးစားမလဲဆရာ။
ဆရာ။ ။ သတ်စရာတွေ့လျှင် သနာညှာတာပြီး မသတ်ပါဘူးဟု
လွှတ်လိုက်တာ, လုစရာ တွေ့လျှင် မလုပါဘူး, သူ့မယားကို
မကျူးလွန်ပါဘူးလို့ရှောင်တာတွေဟာ ကုသိုလ်တိုးပွားအောင် ကြိုးစားတာပဲ၊ ရေလှူပန်းလှူ
ဘုရားရှိခိုးတာတွေလဲ ကုသိုလ်တိုးပွားအောင်
ကြိုးစားတာပဲ၊ ကိုင်း, ကလေးများ ဒါလောက်နားလည်းပြီးလျှင် ဗုဒ္ဓတရားတော်ကို
ဖတ်ကြပါဦး။
သူယုတ်မာ သူတော်ကောင်းတို့၏ အခြေခံတရားတော်။
ဘိက္ခုတို့…သူယုတ်မာ
သူတော်ကောင်းတို့၏ အခြေခံတရားကို သင်တို့အား ဟောတော်မူမည်၊ “သူယုတ်မာ၏
အခြေခံတရားဟူသည် အဘယ်နည်း” ဟုမေးလျှင်(ဆရာ, မိဘစသူတို့က) မိမိအား ပြုဖူးသောကျေးဇူးကို
မသိတတ်ခြင်း, ထိုကျေးဇူးကို အများသိအောင် အထင်အရှားမပြလိုဘဲ ဖုံးထားခြင်း (ကျေးဇူ ဆပ်နိုင်ပါလျက်
မဆပ်ခြင်း)များသည် သူယုတ်မာဖြစ်ဖို့ရာ အခြေခံအကြောင်းတရားပင်ဖြစ်သည်။
“သူတော်ကောင်း၏
အခြေခံတရားဟူသည် အဘယ်နည်း” ဟုမေးလျှင် (ဆရာမိဘ စသူ တို့က) မိမိအားပြုဖူးသော
ကျေးဇူးကိုသိတတ်ခြင်း, ထိုကျေးဇူးကို အများသိအောင်ထင်ရှားပြခြင်း
(ကျေးဇူးဆပ်နိုင်လျှင် ပြန်၍ဆပ်ခြင်း)များသည် သူတော်ကောင်းဖြစ်ဖို့ရာ အခြေခံ တရားပင်
ဖြစ်သည်။
[အဂုင်္တ္တိုရ်,
ဒုကနိပါတ်, (၄) သမစိတ္တဝဂ်, ပထမသုတ်။]
အသပ္ပုရိသဘူမိံ
စဝေါ ဘိက္ခဝေ ဒေသေဿာမိ သပ္ပုရိသဘူမိံစ၊ (ပေ) ကတမာ စ ဘိက္ခဝေ အသပ္ပုရိသဘူမိ-အသပ္ပုရိသော
ဘိက္ခဝေ အကတညူ ဟောတိ အကတဝေဒီ၊ (ပေ)
သပ္ပုရိသော စ ခေါ ဘိက္ခဝေ ကတညူ ဟောတိ ကတဝေဒီ။
[အဂုင်္တ္တိုရ်,
ဒုကနိပါတ်, (၄) သမစိတ္တဝဂ်, ပထမသုတ်။]
ဆရာ။ ။ ဤလောကမှာ ဆရာတို့ ကလေးတို့အတွက်
ကျေးဇူးအများဆုံး ပုဂ္ဂိုလ်မြတ်ဟာ ဗုဒ္ဓမြတ်စွာပဲကွဲ့၊ ဗုဒ္ဓမြတ်စွာက “အကုသိုလ်
ဒုစရိုက်တွေကို မပြုကြနဲ့၊ အကုသိုလ် ဒုစရိုက်တွေကို ပယ်လိုက်ကြ၊ အကုသိုလ်
ဒုစရိုက်ကို မပယ်နိုင်လို့ ပြုနေကြလျှင် ဆင်းရဲဒုက္ခရောက်ကြလိမ့်မည်၊ ငရဲ တိရစ္ဆာန်
ပြိတ္တာဖြစ်ကြလိမ့်မည်”ဟု ဆုံးမတော်မူလို့ ဆရာတို့ရော ကလေးများရော အကုသိုလ်
ဒုစရိုက်တွေကို ရှောင်ကြရတယ်၊ ရှောင်ကြရလို့ ဒုက္ခမဖြစ်တော့ဘူး၊ ငရဲ မကျရတော့ဘူး, တိရစ္ဆာန်
ပြိတ္တာ မဖြစ်ကြရတော့ဘူး၊ ဒီလိုသာဆုံးမတဲ့ ဘုရားမရှိလျှင် လုပ်ချင်တာတွေ လုပ်ပြီး
ဒုက္ခတွေ ဖြစ်ရမယ်။
ဗုဒ္ဓမြတ်စွာက
“ကုသိုလ်သုစရိုက်တွေကို ပြုကြ၊ ကုသိုလ် သုစရိုက်တွေကို ပြုကြမှ ချမ်းသာ သုခ
ရကြမည်, လူပြန်ဖြစ်ကြမည်, နတ်ဖြစ်ပြီး စည်းစိမ်ခံစားကြရမည်” ဟုဆုံးမတော်မူတယ်၊
အဲဒီ ဆုံးမတော်မူတာကိုလိုက်နာပြီး ဆရာရော ကလေးများပါ ကောင်းသောကုသိုလ်
သုစရိုက်တွေကို ပြုကြတယ်၊ ဒါ့ကြောင့် ပထမတန်း ကျေးဇူးအများဆုံး
ပုဂ္ဂိုလ်မြတ်ဟာ ဗုဒ္ဓမြတ်စွာပင်ဖြစ်တယ်၊ သည့်နောက်ဗုဒ္ဓမြတ်စွာ၏
တရားတော်ကို မှတ်သားတော်မူခဲ့ကြသော သံဃာတော်များ, ကလေးများကို
မွေးကျွေးပြီးလိမ္မာအောင် သင်ပြပေးသော ဆရာများလဲ ကျေးဇူးကြီးကြပေတယ်၊ အဲဒီ
ကျေးဇူးရှင်များကို ကျေးဇူးရှင်မှန်းသိရတယ်၊ ကျေးဇူးဆပ်နိုင်လျှင် ပြန်ပြီး
ကျေးဇူးဆပ်ရမယ်၊ ဒါမှ “သူတော်ကောင်း=လူကောင်း=လူလိမ္မာ”ဖြစ်နိုင်တယ်။
တပည့်များ။ ။ “ကျေးဇူးဆပ်” ဆိုတာ ဘယ်လိုဟာတုန်းဆရာ။
ဆရာ။ ။ သူများပေးစရာငွေရှိနေတာကို “ကြွေးတင်တယ်”
လို့ခေါ်တယ်၊ ပေးစရာ ငွေကို ပြန်ပြီး ပေးတာကို “ကြွေးဆပ်တယ်”လို့ခေါ်တယ်၊ အဲဒီလိုပဲ
“ဘုရားသံဃာ ဆရာမိဘတို့က မိမိကို လိမ္မာအောင် ဆုံးမပေးတာ, မိဘတို့က ကျွေးမွေးသုတ်သင်
ဝတ်ဆင်ပေးတာဟာကျေးဇူး”လို့ ခေါ်တယ်၊ အဲဒီကျေးဇူးကျေအောင် မိမိက ပြန်ပြီး
ပေးစရာရှိလျှင် ပေးတာ, ဆုံးမတဲ့အတိုင်း နားထောင်ပြီး ကောင်းကောင်း နေတာတွေဟာ
ကျေးဇူးကို ပြန်ပြီးဆပ်တာပဲ။