Friday, May 2, 2014

ကိုယ့်အသွင် ကိုယ်ချစ်ကြစမ်းပါ (အပိုင်း ၉)



အမျိုးဖျက်သူ

                မျိုးနွယ်ယဉ်ကျေးမှု ဖောက်ဖျက်သူကိုကုလ၀ံသနာသကရလို့ ဇာတကအဋ္ဌကထာမှာ ဆိုတယ်၊မျိုးနွယ်ကိုဖျက်သူ၊ အမျိုးဖျက်လို့ အမည် တပ်တယ်၊ ဒီခေတ်မှာ ကိုယ့်လူမျိုးစုရဲ့ ယဉ်ကျေးမှုကို မလိုက်နာသူတွေကို လည်း အဲဒီနာမည် ပေးဖို့ကောင်းတယ်။

ခေတ်မီမှုနှင့် တိုးတက်မှု

                ခေတ်မီဖွံ့ဖြိုးတိုးတက်သောဆိုတဲ့ ၀ိသေသနကို နေရာဒေသ အတော်များများမှာ အရှင်ဘုရားများ တွေ့ဖူးလိမ့်မယ်၊ ခေတ်မီတိုင်း ဖွံ့ဖြိုး တိုးတက်သလား?ဆိုတာကိုတော့ ထည့်ပြီးစဉ်းစားသင့်တယ်၊ ခေတ်မီလွန်း အားကြီးလို့ ဆုတ်ယုတ်ပျက်စီးသွားတဲ့ အရာတွေကို အရှင်ဘုရားများ တွေ့ဖူး ပါလိမ့်မယ်၊ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်၊ ခေတ်ထဲမျောပါပြီး ဒဏ်မခံနိုင်ကြ တော့ဘူး။ တပည့်တော်တို့ရဲ့ ထေရ၀ါဒအသွင်ကို ခေတ်မီအောင် ပြုပြင် ပြောင်းလွဲဖို့ မလိုအပ်ဘူးထင်ပါတယ်၊ ဘာ့ကြောင့်လည်းဆိုရင်ထေရ၀ါဒရဲ့ ပကတိအသွင်ကိုက မြတ်စွာဘုရားချမှတ်တဲ့မူကြောင့် အမြဲ ခေတ်မီနေလို့ပဲ။


ခေတ်ရေစီးကြောင်းထဲ မြုပ်မသွားဖို့

                လူကောဘုန်းကြီးကော အသိဉာဏ်ပိုင်းဆိုင်ရာကျတော့ ခေတ်မီဖို့ လိုပါတယ်၊ ဘာသာစကားတွေ တတ်သိနားလည်ဖို့လိုတယ်၊ သို့သော်လည်း တပည့်တော်တို့ ဘုန်းကြီးများအနေနဲ့ကတော့ ခေတ်နောက်ကို ကဆုန်ပေါက် လိုက်မိခဲ့ရင် ကိုယ် ကိုယ်တိုင်လည်း ခေတ်ထဲမှာမျောပြီး မြုပ်သွားတတ်ပါတယ်။

                ထေရ၀ါဒလို့ အမည်ခံထားကြတဲ့ နိုင်ငံတိုင်းမှာတောင် ထေရ၀ါဒရဲ့ အသွင်က အလုံးစုံမတူနိုင်ကြတော့ပါဘူး၊ ဘယ်ဟာက မူလအသွင်ဆိုတာကို တော့ အရှင်မဟာကဿပမထေရ်မြတ် အမှူးပြုတဲ့ သံဂါယနာတင်မထေရ်တို့ရဲ့ ပိဋကတ်တော်တွေကို စံထားပြီး ၀တ်ရုံကျင့်သုံးရမှာပေါ့၊ ဘုရားရှင်ပေးတဲ့ ထေရ၀ါဒအသွင်ကို ခေတ်ရေစီးကြောင်းထဲမှာ မျှောချမိလိုက်ရင် တစ်သာသနာလုံးကို စော်ကားမိရာကျပြီး မိမိလည်း အဲဒီ ခေတ်ရေစီးကြောင်းထဲမှာပဲ မွန်းနစ် မြုပ်မျောသွားပါလိမ့်မယ်။ ဒါကို သတိပြုမိဖို့ လိုပါတယ် ဘုရား။

တပည့်တော်တို့  မေးသင့်တဲ့  မေးခွန်း

                ဆုတ်ကပ်မှာ အမြတ်အဖြစ် မြင်နိုင်တာဆိုလို့ ဒီသာသနာရဲ့ အဆုံးအမ တွေနဲ့ မိမိတို့ တွေ့ကြုံရခြင်းပါ၊ အနာဂတ်ကို အလုံးစုံမြင်တော်မူနိုင်ကြတဲ့၊ ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည၊ ခီဏာသ၀မထေရ်မြတ်ကြီးတို့နှင့်တကွ သာသနာ အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ မထေရ်မြတ်တို့ ထားရစ်ခဲ့ကြတဲ့၊ နည်း လမ်းပေါင်းစုံနဲ့ တည်တံ့အောင် လုပ်ထားခဲ့ကြရတဲ့ ဘုရားပိဋကတ်တော် အဆုံးအမတွေရယ်ပါ၊ ဒါတွေကို မြင်အောင်ကြည့်၊ သိအောင်လုပ်နိုင်ရင် ကိုယ်ရနေတဲ့ ကိုယ့်အသွင်ကိုကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ပဲ ပြောပြော မြတ်နိုးစိတ်ဖြစ်မှာ အမှန်ပါ၊ ဒါ့ကြောင့် ပိဋကတ်တွေကို သဒ္ဓါအရင်းခံတဲ့ မူမှန်စိတ်နဲ့ ချဉ်းကပ်သင်ယူဖို့ လိုအပ်ပါတယ် ဘုရား။

                ဒီအခြေခံ မူမှန်စိတ်တွေ တိုးပွားအောင်မလုပ်နိုင်ကြဘဲ ခေတ်ရေစီး ကြောင်းမှာ ခေတ်နဲ့အညီ ဘ၀အောင်မြင်ရေးဆိုတဲ့ တိုးတက်ရေးလမ်းစဉ် တွေကို လိုက်ကြရင်း အချို့သော ရဟန်းသာမဏေတို့အဖို့ ဘ၀ရဲ့ ဆုတ်ယုတ် ရေးတွေကို ထွေးပိုက်မိရက်သား ဖြစ်နေတတ်ပါတယ်၊ ရဟန်းသာမဏေတို့ရဲ့ဘ၀အောင်မြင်ရေးဆိုတာ ဘာပါလဲ.? ဒီမေးခွန်းကို တပည့်တော်တို့ အရှင် ဘုရားတို့၊ မိမိကိုယ် မိမိ မေးသင့်တဲမေးခွန်းတစ်ခုလို့ ထင်မိပါတယ် ဘုရား။

နေရာစုံနေပါပြီ

                အခု ဆောင်းတွင်းကာလဆိုရင် အံသကိုသ်အဆင့် မဟုတ်တော့ဘူး၊ အနွေးထည်လက်ရှည်အင်္ကျီ ဖြစ်လာခဲ့ပြီ၊ တပည့်တော်များ ငယ်ငယ်က မရှိသ လောက်၊ မတွေ့ရသလောက်ပါ၊ အနည်းငယ်တော့ ရှိနိုင်ပါတယ်၊ အခုတော့ အေးတဲ့အရပ်ဒေသဖြစ်စေ၊ အပူပိုင်းဒေသဖြစ်စေ၊ အချိန်ကာလတစ်ခုကို အကြောင်းရှာပြီး ငယ်ငယ်ကြီးကြီး ၀တ်နေကြပါပြီ၊ ကျောင်းတွင်းမှာလည်း တွေ့ရတယ်၊ လဘက်ရည်ဆိုင်မှာလည်း တွေ့ရတယ်၊ နိုင်ငံခြားသာသနာပြု ဆိုတဲ့ သူတွေမှာလည်း တွေ့ရတယ်၊ ကိုရင်ငယ်လေးတွေ ဆွမ်းခံကြွရင်းလည်း တွေ့ရတယ်၊ ပိုဆိုးတာက ဓမ္မာသနပလ္လင်တော်ပေါ်မှာလည်း တွေ့နေရပြန်တယ်၊ နေရာစုံပြီပေါ့၊ ရွေ့လျောလာပုံကို စဉ်းစားမိကြဖို့၊ သတိပြုမိကြဖို့၊ မကောင်းတဲ့ ရွေ့လျောမှုတွေကို တပည့်တော်တို့ အရှင်ဘုရားတို့ သာသနာတွင်း ပုဂ္ဂိုလ်တွေက ပဓာနထား ရှောင်ကြဉ်နိုင်ဖို့ပါ ဘုရား။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ