အသွင်ဖျက်အ၀တ် ကြော်ငြာ
လွန်ခဲ့တဲ့ ၁၃၇၂-ခုနှစ်လောက်က ဆောင်းတွင်းကာလ၊
ရန်ကုန် ရွှေတိဂုံ အရှေ့မုခ် သင်္ကန်းဆိုင်တစ်ခုမှာ ဆိုင်ကဈေးသည်လေးရဲ့ အနွေးထည် လက်ရှည် ကြော်ငြာကိုမြင်ခဲ့ရ၊ နားထောင်ခဲ့ရဖူးတယ်။ အဲဒီ
အ၀တ်က “လိင်္ဂသာသနာကို ဖျက်ဆီးတဲ့ အသွင်ဖျက် အ၀တ်ပဲ”လို့ ရင်ထဲက
စကားလုံးတွေ ထွက်လာသော်လည်း နှုတ်ဖျားမရောက်ခင်ပဲ ပျောက်ကွယ်သွားခဲ့ရတယ်၊ ပြောရမှာ သနားစိတ်ဝင်သွားမိလို့ပါ။
ပိုလို့ ပိုလို့ ချစ်တဲ့သူ
အဲဒီ အနွေးထည် အင်္ကျီလက်ရှည်
ဝတ်တဲ့နေရာမှာ အပိုင်းခွဲကြည့်ရင်၊
၁။ညအိပ်ချိန်သာ
ဝတ်အိပ်သူ၊
၂။မိမိကျောင်းတွင်းသာ
ဝတ်သူ၊
၃။ရပ်ထဲရွာထဲ
လမ်းမပေါ်၊ လဘက်ရည်ဆိုင်၊ နေရာမရွေး ၀တ်သူ-လို့ ၃-မျိုးတွေ့ရတယ်။
၁-နံပါတ်က သူများကို မထိခိုက်စေပါဘူး၊
မိမိအသွင်ကိုသာ မိမိ ဖျက်ရာရောက်ပါတယ်။ ကျန်
၂-ဦးကတော့ မိမိအသွင်ကိုလည်း
ဖျက်၊ သူတစ်ပါးအသွင်ကိုပါ ဒိဋ္ဌာနုဂတိဖြစ်စေပြီး ဖျက်ဆီးရာရောက်ပါတယ်။
၃-နံပါတ်ပုဂ္ဂိုလ်ထက် ၂-နံပါတ်ပုဂ္ဂိုလ်က လိင်္ဂသာသနာကို ပိုချစ်တယ်၊ ၂-နံပါတ်ပုဂ္ဂိုလ်ထက် ၁-နံပါတ်ပုဂ္ဂိုလ်က လိင်္ဂသာသနာကို ပိုလို့ချစ်တယ်၊ ၁-နံပါတ်ပုဂ္ဂိုလ်ထက် လုံးလုံးမ၀တ်သူက
လိင်္ဂသာသနာကို ပိုလို့ပိုလို့ ချစ်တဲ့သူပဲ၊ ဒီလို မှတ်ယူနိုင်ပါတယ်။ အသွင်ဟာ
အမြင်အတွက်မျှသာမို့ ဘာမှ မပြောပ လောက်ဘူးလို့လဲ
အရှင်ဘုရားများ ပေါ့ပေါ့လေး မမှတ်ယူသင့်ပါဘူး။ မူလ အသွင် ပျောက်ကွယ်ဖို့
အရေးမှာ အပိုဆောင်းဝတ်ဆင်လာကြတဲ့ ကာမဘောဂီ တို့ရဲ့ ဒီအသွင်ဟာ မူလတရားခံ
ဖြစ်နေလို့ပါပဲ ဘုရား။
ဒိဋ္ဌာနုဂတိကို သတိထားမိဖို့
သက်ကြီးရွယ်အိုများ အချမ်းဒဏ်ကာကွယ်ဖို့ ၀တ်ကြတာကို တပည့် တော်များ အနေဖြင့်တော့
နားလည်ပေးနိုင်ပါတယ်၊ သက်ကြီးရွယ်အိုးများက ကျန်းမာရေးအရ ၀တ်ကြသည်ကို အခြားပုဂ္ဂိုလ်ငယ်တွေက အတုလိုက်ပြီး မ၀တ်သင့်ဘူးပေါ့ ဘုရား၊ နားလည်ပေးနိုင်ရမယ်လို့ ဆိုလိုတာပါ၊ သို့သော်
လည်း လူတိုင်း နားလည်မှု မပေးနိုင်ကြပါဘူး၊ ထင်ရှားတဲ့သူများရဲ့ အပြုအမူ တိုင်းဟာ သတိထားစရာတစ်ခုပါ၊
ဘာကြောင့်လည်းဆိုရင် အဲဒီပုဂ္ဂိုလ်တွေကို လိုက်ပြီး အတုခိုးတတ်ကြလို့ ပါပဲ။ ဒီသဘောကို ပုဂ္ဂိုလ်တိုင်း
နားလည်ကြမှာပါ၊ ပရိသတ်ရှေ့က ပုဂ္ဂိုလ်များ၊ လူသိများတဲ့ ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်လုပ်နေသူ များ၊ ကင်မရာရှေ့က ပုဂ္ဂိုလ်များဟာ
လောကရဲ့ပြယုဂ်တွေပါ၊ သူတို့ကို မြင်တွေ့ ကြပြီး လောကက အတုလိုက်တတ်ကြပါတယ်၊
ဒါ “ဒိဋ္ဌာနုဂတိ”ပဲ။ ဒီတော့ တဖြည်းဖြည်း
တစ်နိုင်ငံလုံး ၀တ်လာကြတော့ပြီပေါ့။
အင်္ဂုတ္တရနိကာယ်ထဲက သုတ်တစ်သုတ်ကို ကဗျာရေးတဲ့ ပုဂ္ဂိုလ်က ရေးထားတာကို ဖော်ပြပါဦးမယ်။
ရတ္တညူ ဂုဏ်တစ်ပါးရယ်နဲ့၊
လွန်ထင်ရှား လာဘ်မိုးစွေ။
သုတဂုဏ်ပြည့်ဖြိုးမောက်တယ်၊
အယူမှောက် လွဲခဲ့ရင်လေ။
မထေရ်ကြီးရယ်လို့ ပုံတူမှီးနောက်လိုက်တွေ၊
အကျိုးမဲ့စေဖို့ လူအားလုံး။
သတိပြုစေရာ, ကြည့်ရှု ဒီခေတ်ခါ၏၊
ဂတိကာ ဒိဋ္ဌာနုကို၊ ဉာဏ်ရှုပါအုံး။
တဲ့။
ရတ္တညူဖြစ်တော်မူကြတဲ့ မထေရ်ကြီးများ၊ ပရိယတ္တိဗဟုသုတ စတဲ့ ဂုဏ်၊ လာဘဂ္ဂမဟတ္တဂုဏ်
စသည်တို့ဖြင့် ပြည့်စုံနေကြတဲ့ တိုင်းကျော်ပြည် ကျော် မထေရ်ကြီးများက မှားယွင်းတဲ့
အလုပ်တစ်ခုလောက် လုပ်မိလိုက်ရင် ကိုပဲ အကျိုးမဲ့တွေ ဆက်ကာဆက်ကာ
ဖြစ်လာတတ်တော့တယ်၊ ဒါဟာ ဒိဋ္ဌာနုဂတိရဲ့ သဘောပါပဲ၊
မိမိဉာဏ်တော်နဲ့ ရှုဆင်ခြင်တော်မူကြပါဦးလို့ ရေးဖွဲ့ထားတာ တွေ့ရပါတယ်။