ဘယ်လိုပြောရမလဲ ?
ဘုရားပေးတဲ့ အရိယာအသွင်ပေါ်မှာ ကာမဘောဂီတို့ရဲ့ အသွင် အမျိုးမျိုးတွေ ရောနှောလာခဲ့မယ်
ဆိုရင် မိမိတို့ရဲ့ ရှင်ရဟန်းအသွင်ဟာ မပီပြင်တော့ဘူးပေါ့ ဘုရား။ “အာဂလိ အောက်”ဆိုတဲ့ စကားလိုပဲ ပြောရမလား။
“ဖားတစ်ပိုင်း ငါးတစ်ပိုင်း”လို့ပဲ ပြောမလား။ “ဗုံမဟုတ်
ပတ်မဟုတ်”လို့ပဲ ပြောရမလား။ “သောင်မတင်
ကမ်းမကျ”လို့ပဲ ပြောရမလား။ ဘယ်လိုပြောရ
မလဲဆိုတာကို တပည့်တော်တို့ အရှင်ဘုရားတို့ ကိုယ်တိုင်ပဲ စဉ်းစားမိကြဖို့ လိုပါတယ် ဘုရား။
ဂုဏ်ကို လက်ခံနိုင်တဲ့ သတ္တိ
အထက်က ပြောခဲ့တဲ့ “ဥပရိဘူတာ
သမ္ပဒါ ဥပသမ္ပဒါ”ဆိုတဲ့ စကား
အတိုင်း ဘုရားပေးတဲ့ ရှင်ရဟန်းတို့အသွင်ဟာ အထက်တန်းကျတဲ့ ဂုဏ်ရှိတဲ့ အသွင်တစ်မျိုးပါ၊ ပီပြင်တဲ့ အသွင်အပြင်ကို ပြောတာပေါ့ ဘုရား။ အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကတော့
“အ၀တ်အစားတတ်ဖို့က ပဉ္စမ” ရယ်လို့ လေးလေးနက်နက်
ချမှတ်တော်မူခဲ့ပါတယ်။ ဘုရားရှင်က ဂုဏ်ရှိတဲ့ အသွင်ကို၊ တစ်နည်းအားဖြင့် ဂုဏ်ကိုပေးပေမဲ့ အဲဒီဂုဏ်ကို လက်ခံနိုင်တဲ့ စိတ်ဓာတ်သတ္တိမျိုး တပည့်တော်တို့ အရှင်ဘုရားတို့မှာ မရှိခဲ့ရင်၊ ခွေးကို ပတ္တမြားပေးသလိုများ ဖြစ်နေမလား?
စဉ်းစားမိတာကို ပြောပြတာပေါ့ ဘုရား။
“ဂုဏ်မဲ့ သသူ, ဂုဏ်ပေးမူလည်း
ဂုဏ်မယူလို, မကြည်ညိုဘူး
ခွေးကို ပတ္တမြား, ပေးသောလားတည့်
မခြားပုံသေ, ဖြစ်တတ်ချေ၏၊
သက်ဝေ ဘုန်းပျို့, မှတ်တုံမြို့ရှင့်”
လို့ မဃဒေ၀ ဆရာတော်ဘုရားကြီး ကတော့
သီကုံးခဲ့ဖူးပါတယ်။
ကိုယ်ပိုင်အသွင် ကိုယ်စီနဲ့
လူဖြစ်သည့်အတွက် လူ့အသွင်အပြင်နဲ့နေတာဟာ ကဲ့ရဲ့စရာ မဖြစ် ပေမဲ့ ရဟန်းအသွင်အပြင်မျိုး
ယူခဲ့ရင်တော့ ချီးမွမ်းစရာမဖြစ်ဘဲ ကဲ့ရဲ့စရာသာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် လူဖြစ်နေလို့ပါပဲ။ အသွင်ကို ခိုးယူ ထားလို့ပါပဲ။
ထို့အတူ ရဟန်းသာမဏေများဟာလည်း ရဟန်းသာမဏေဖြစ်သည့် အတွက်
ရဟန်းသာမဏေတို့ရဲ့ အသွင်အပြင်ကို ယူပြီးနေရင် အထူးတလည် ချီးမွမ်းစရာကြီး မဖြစ်ပေမဲ့ ကဲ့ရဲ့စရာတော့ မဖြစ်ပါဘူး။ လူ့အသွင်အပြင်ကို ယူခဲ့ရင်တော့ တကယ့်ကို ကဲ့ရဲ့စရာ ဖြစ်လာပါတော့တယ်။ ဘာ့ကြောင့်လည်း ဆိုရင် ရဟန်းသာမဏေ ဖြစ်နေလို့ပါပဲ။
မျက်စိအမြင်မှာလည်း ဆန်းပြားနေပါ တယ်၊ အမြင်ချင်းမတူတာတော့ ရှိလိမ့်မပေါ့။
အချီးမွမ်းခံရအောင် လုပ်ရခြင်း ထက် အကဲ့ရဲ့မခံရအောင် လုပ်ရခြင်းက
ပိုပြီး ခက်လိမ့်မယ်လို့ ထင်ပါတယ်။ လူတိုင်းကို ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းဖြစ်နေစေဖို့ မတိုက်တွန်းလိုပါဘူး။ ဘာ့ကြောင့်လည်းဆိုရင် ကိုယ်ကိုယ်တိုင်ပင် အခါခပ်သိမ်း ဘ၀နဲ့ဆန္ဒ တစ်ထပ် တည်း ဖြစ်မနေလို့ပါပဲ။
ဒါပေမဲ့ ဘယ်သူဖြစ်ဖြစ် ကိုယ့်အသွင်နဲ့ကိုယ်
ကိုက်ညီအောင် နေဖို့၊ ကိုယ့်အသွင်ကို ကိုယ်ကိုယ်တိုင်
တန်ဖိုးထားတတ်ဖို့ လိုပါလိမ့်မယ်။ လူဖြစ်တဲ့သူ က ရဟန်းဘ၀ ရဟန်းအသွင်အပြင်ကို
ခုံမင်မြတ်နိုးနေခြင်းဟာ ကဲ့ရဲ့ဖွယ်မဖြစ် သော်လည်း ရဟန်းသာမဏေဖြစ်ပါလျက် လူ့အသွင်အပြင်ကို ခုံမင်မြတ်နိုးနေ ရင် ရှက်စရာပင်ဖြစ်ပါတော့တယ်။ ရှက်လည်း ရှက်တတ်မယ်
ဆိုရင်ပေါ့ ဘုရား။
လူ့အသွင်ကို ခုံမင်လို့ဝတ်တာပဲ ဖြစ်ဖြစ်၊ အခြားအကြောင်းတစ်မျိုးမျိုး ကြောင့် ၀တ်တာပဲဖြစ်ဖြစ်၊ လူ့အသွင်ဟာ
လူ့အသွင်မို့ ရဟန်းသာမဏေတို့ရဲ့ အသွင်ပြင် မဟုတ်ပါဘူး၊ ဒီတော့ ကိုယ့်အသွင်မဟုတ်တဲ့ လူ့အသွင်ကို
ယူလိုက် တာနဲ့ပင် မြတ်စွာဘုရားရဲ့ လိင်္ဂသာသနာကို အရစ်ကျ ဖျောက်ဖျက်ပစ်ရာ လည်း
ရောက်သွားတယ်ဆိုတာ တပည့်တော်တို့ အရှင်ဘုရားတို့က နားလည် သဘော ပေါက်ထားရပါမယ်
ဘုရား။ ရဟန်းသာမဏေက လူ့အသွင်နဲ့တည်လို့ ဖြစ်မှ မဖြစ်သင့်ပဲကိုး။