ကြိုးစားကြရပါတယ်
ဒါကြောင့် မြတ်စွာဘုရားက လူ့အသွင်အပြင်၊ လူ့အမူအရာ၊ လူ့စရိုက်၊ လူ့အပြုအမူတွေ ရဟန်းသာမဏေတို့ရဲ့ နှလုံးသားမှာ ငြိတွယ်မနေရအောင် ““အညော မေ အာကပ္ပော
ကရဏီယော””လို့ မပြတ်ဆင်ခြင်ခိုင်းခဲ့တာပါ။ ဒီဓမ္မသာ အရှင်ဘုရားတို့
တပည့်တော်တို့ရဲ့ ဘ၀ထဲကို ရောက်နိုင်ခဲ့မယ် ဆိုရင်
ထိုပုဂ္ဂိုလ်ရဲ့ ဣရိယာပုတ်တိုင်းဟာ ကြည်ညိုဖွယ်ပါသာဒိက ဖြစ်စေမှာ ဧကန်ပါပဲ ဘုရား။
အစက ပြောခဲ့တဲ့ မြတ်စွာဘုရားရဲ့
ဗျာဒိတ်စကားတော်ကို ယနေ့ ခေတ်မှာ မတွေ့ရသေးပေမဲ့
အရိပ်အရောင်တော့ သန်းလာပြီလို့ ပြောနိုင်ပါ လိမ့်မယ်။ တပည့်တော်တို့ရဲ့ ပီပြင်တဲ့ ဒီအသွင်အပြင်ဟာ ဖြုတ်ချည်းရုတ်ချည်း ပျောက်ကွယ် မသွားနိုင်ပေမဲ့ ကာမဘောဂီတို့ရဲ့ ၀တ်စားဆင်ယင်မှုတွေက တစ်စတစ်စ တဖြည်းဖြည်း၊ လွှမ်းမိုးဖုံးအုပ်လာခဲ့ရင် မပီပြင်တဲ့ သာသနာ့ အသွင်ဖြစ်ကာ တိမ်မြုပ်
ကွယ်ပျောက်တာ မြန်သွားလိမ့်မပေါ့ ဘုရား။ “သဗ္ဗေ သင်္ခါရာ
အနိစ္စာ”အရ လုံးဝ မပျောက်ပျက်အောင် ဘယ်သူမှ
မထိန်းနိုင်ပေမဲ့ အရှည်တည်တံ့ဖို့အတွက်တော့ သူတော်ကောင်းစိတ် ရှိသူတိုင်း ကြိုးစားကြရ ပါတယ် ဘုရား။
ဦးတည်ချက်
အခု တပည့်တော် ဘာကိုဦးတည်ပြောနေတယ်
ဆိုတာ စာဖတ်သူ အရှင်ဘုရားများ ရိပ်မိကြမှာပါ။
ရဟန်းသာမဏေတို့ရဲ့ ဘုရားပေးတဲ့ အသွင်ထဲ မှာ ကာမဘောဂီတို့ရဲ့
အသွင်တွေ ရောနှောနေတာကို ပြောလိုတာပါ။ တဲ့တိုး ပြောရမယ်ဆိုရင်တော့ ရဟန်းသာမဏေတွေ
ဆောင်းဥတုကာလ ချမ်းအေးမှု ကို ရမယ်ရှာကြပြီး လက်ရှည်အနွေးထည်
အင်္ကျီတွေ ၀တ်နေကြတာကို ပြောလိုတာပါဘုရား။ အပ်တယ်၊ မအပ်ဘူး၊ ၀ိနည်းပြစ်ရှိတယ်၊
မရှိဘူး စတဲ့ သုံးသပ်ချက်မျိုးကို သုံးသပ်မပြလိုတော့ပါ
ဘုရား။ လိင်္ဂသာသနာ အရှည် တည်မှုကို အားနည်းလျော့ပါးစေမှု၊
ထိခိုက်နစ်နာစေမှု၊ ဘုရားရှင်ရဲ့ သာသနာ့ အသွင်ကို ပျက်စေမှု၊
အရိယာအသွင်ကို ဖျက်တဲ့ အသွင်ဖျက်လုပ်ရပ်ကိုပဲ ဦးတည်ပြီး ချပြလိုတာပါ
ဘုရား။
ဝမ်းနည်းခြင်းမျှသာ ပါ
ယနေ့(၂-၁-၂၀၁၁) နံနက် (၁၀)နာရီ ခွဲလောက်တုန်းကပဲ ရေချိုးနေ
ရင်း ကျောင်းထဲက မထေရ်တစ်ပါး အနောက်ကနေ အရှေ့ဘက်ကို သွားတာ တွေ့လိုက်ပါတယ်။ အပေါ်ကခြုံထည်နဲ့၊
အတွင်းက လက်ရှည်အနွေးထည် အင်္ကျီဝတ်လို့။ အလွန်ထင်ရှားတဲ့ မထေရ်တစ်ပါးပါ။ အညတရ မဟုတ်ပါဘူး။ ဒီအရှင်ကို
မြင်လိုက်တယ်ဆိုရင်ပဲ လောင်းလက်စ ဆောင်းတွင်းရေဟာ ခန္ဓာကိုယ်ကို မအေးမြစေတော့တာ အမှန်ပါ။ အချမ်းပျောက်သွားသလို ခံစားလိုက်ရပါတယ်။ အဘိဓမ္မာသဘောအရ တရားကိုယ်ကောက်ရင်တော့ “ဒေါသ”ပေါ့ ဘုရား။
စိတ်ဆိုးခြင်းတော့ မဟုတ်ရပါဘူး။ ၀မ်းနည်းခြင်းမျှ သာပေါ့။ “ကိုယ့်အသွင်ကို မြတ်နိုးစိတ် မရှိကြဘူးလား” လို့ပဲ တွေးမိလိုက် ပါတယ်။
ဝမ်းနည်းစရာ
လိင်္ဂသာသနာရဲ့ တဖြည်းဖြည်း လျော့ပါးလာပုံကို တပည့်တော် အနည်းငယ် သုံးသပ်ပြလိုပါတယ်၊ သည်းခံစိတ်နဲ့ အတူ ဆုံးအောင်ဖတ်ရှု တော်မူပါဦး။
တပည့်တော်တို့ ရဟန်းသာမဏေတွေရဲ့ ပီပြင်တဲ့ အသွင်ဆိုတာ “ဘယ်လိုလဲ”လို့ ချပြစရာ လိုမယ်မထင်ပါ
ဘုရား။ မျက်မှန်အလှ၊ MP3 Mp4 နားကြပ်၊ ကွင်းထိုးဖိနပ်၊ ဒီဇိုင်းမျိုးစုံတဲ့ အံသကိုက်၊ ဒီပရိက္ခရာတွေနဲ့ တန်ဆာဆင်ပြီး သင်္ကန်းစွန်တောင်စွဲကာ ကြလှမ်းလာတဲ့ အသွင်မျိုးမဟုတ်ဘူး ဆိုတာကိုတော့ အရှင်ဘုရားများ သိတော်မူကြပါတယ်။
တိစီဝရဉ္စ ပတ္တော စ, ၀ါသိ
သူစိ စ ဗန္ဓနံ။
ပရိဿာဝနေန အဋ္ဌေတေ, ယုတ္တယောဂဿ ဘိက္ခုနော။-ကိလေသာကို ထိုးစစ်ဆင်လိုတဲ့ ရဟန်းအတွက် ချပ်ဝတ်တန်ဆာဟာ ဒီ ပရိက္ခရာရှစ်ပါးပါပဲ။
အဲဒီ အထဲက ပတ္တ-သပိတ်၊ ၀ါသိ-ပဲခွပ်(ခေါင်းရိတ်ဓား)၊ သူစိ-အပ်၊
ဗန္ဓန-ခါးပန်းကြိုး၊ ပရိဿာဝန-ရေစစ်တို့ဟာ အသွင်ကို
သိသိသာသာ ပျက်စေ တဲ့သဘော မရှိပါဘူး။
လုံးဝ မပျက်စေဘူးလို့တော့ မဆိုပါဘုရား။ ဘာ့ကြောင့် လည်း ဆိုရင် ဒီပရိက္ခရာတွေဟာလည်း
ဘုရားပေးခဲ့တဲ့ အသွင်နဲ့ ဆက်စပ်နေ တဲ့ အသုံးအဆောင်တွေပဲ ဖြစ်နေလို့ပါ။
ပတ္တ-သပိတ်အတွက် ဘုရားပေးခဲ့တာက၊
အယောပတ္တ-သံသပိတ်၊ မတ္တိကာပတ္တ-မြေသပိတ်ရယ်လို့ နှစ်မျိုးခွင့်ပြုခဲ့ပါတယ်၊ ခေတ်ကာလအ လျောက် မြေသပိတ်ဟာ ပျောက်သလောက်
ဖြစ်နေပါပြီ။ တပည့်တော်များ ငယ်ငယ်တုန်းက အရုဏ်ဆွမ်းစားတဲ့အခါ မြေသပိတ်ကို အသုံးပြုပြီး စားခဲ့ဖူးပါ တယ်။ သံသပိတ်လို အထိအခိုက်
မခံနိုင်လေတော့ မပျက်စီးရအောင် သပိတ်အပေါ် ရိုသေမှုက အလိုလို ရောက်ပြီးသား ဖြစ်ခဲ့ပါတယ်။
သပိတ်ကို သူဖုန်းစားတွေလို နှုတ်ခမ်းဝကိုင်ပြီး ဘယ်ညာရမ်းသွားတာမျိုးကိုလည်း ပြုလုပ်ဖို့ ၀န်လေးစိတ် အလိုလို ကိန်းလာခဲ့ပါတယ်။ ဆရာသမားများကလည်း
ဒီအမူအရာမျိုး မလုပ်သင့်ကြောင်း ဆုံးမကြပါတယ်။
အဲဒီ မြေသပိတ်ဟာ ယနေ့ခေတ်
ကွယ်ပျောက်သလောက် ဖြစ်ခဲ့ပါပြီ။ ပရိက္ခရာနဲ့ စပ်လို့ အကောင်းဘက်ကိုပဲ အလေးသာကြကာ
တပည့်တော်အပါ အ၀င် “စတီး”သပိတ်ကို
သုံးလာကြပါပြီ၊ မအပ်ဘူးလို့တော့ မဆိုလိုပါ ဘုရား။ “စတီး”သပိတ်မှာလဲ အသွင်အမျိုးမျိုးနဲ့ပါ။
“သပိတ်မည်းကြီး”ဆိုတဲ့ အများရွံ ဖွယ်
အသွင်မဟုတ်ဘဲ “သပိတ်ဖြူကြီး”ဆိုတဲ့ အသွင်နဲ့ မပြုပြင်ဘဲ
သုံးလာကြ တာကိုပါ တွေ့မြင်နေရပါပြီ။ သပိတ်ရောင်ကတော့
“ကာဠ၀ဏ္ဏော” လို့ (သာရတ္ထ-၂၊
၄၂၈) ဆိုသည့်အတွက် “အမည်းရောင်” ပါပဲ၊ ဒါက ဒီပရိက္ခရာ
ရဲ့ တဖြည်းဖြည်း ရွေ့လျားလာပုံကို အနည်းငယ်ပြောပြတာပါ ဘုရား။
သပိတ်နဲ့ ဆက်စပ်ပြီး အသုံးပြုလာကြတဲ့ သပိတ်အိတ်လည်း ရှိပါသေး တယ် ဘုရား။ “အချို့က
အပ်တယ်၊ အချို့က မအပ်ဘူး”ဆိုတဲ့
ဝိ၀ါဒလည်း ဖြစ်ခဲ့ဖူးပါတယ်။ စာမေးပွဲလောကမှာကိုက မေးကြတာတွေ ရှိခဲ့ဖူးပါတယ်။ အမှတ်ရမည့် အဖြေက ဘာလဲဆိုတာကိုတော့ တပည့်တော်များ
မသိနိုင်ပါ။ စာထဲက သပိတ်အိတ်ရဲ့ “ဖြစ်စဉ်”လေးကိုတော့ သတိပြုမိဖို့ လိုအပ်ပါတယ်။
ဝါသိ-ပဲခွပ်(ခေါင်းရိတ်ဓား)၊ ယနေ့ခေတ်အနေနဲ့တော့ ဂျုတ်ဓားပေါ့
ဘုရား။ ဟိုးခေတ်ကလို ဓားတစ်ချောင်းတည်းနဲ့ သူတစ်လှည့် ငါတစ်လှည့် ရိတ်လို့ မဖြစ်တော့ဘူး။ ဘယ်လိုမှကို မဖြစ်နိုင်တော့ဘူး။ စိတ်မချရတဲ့ ခေတ်ကာလ ဖြစ်၍လာခဲ့ပြီ။ တပည့်တော်များ
ငယ်ငယ်တုန်းကတော့ ရိတ်ခဲ့ရ ဖူးပါတယ်။ ဒါ့ကြောင့်လည်း ဒီပရိက္ခရာကိုတော့ ပြောင်းပြီးသုံးစွဲမှ ဖြစ်မယ်လို့ နားလည်ထားကြပါတယ်။