နိဗ္ဗာန်ကုန်သည်များ သတိမူမိဖို့
ဘုရားရုပ်ထုတော်တွေ ထုလုပ်ရောင်းချကြတဲ့ ဆိုင်တွေကို “နိဗ္ဗာန် ကုန်ဆိုင်”လို့
အလွန်ယဉ်ကျေးတဲ့ စကားလုံးနဲ့ သုံးကြပါတယ်။ သာသနာတော် နဲ့ ဆက်စပ်တဲ့ ပရိက္ခရာတွေ
ရောင်းချထုတ်လုပ်တဲ့ ဆိုင်တွေကိုလည်း “နိဗ္ဗာန် ကုန်ဆိုင်”လို့
ဆိုချင်ပါတယ် ဘုရား၊ သူတို့က လိင်္ဂသာသနာတော်ကို
ပုံဖော် ပေးကြသူတွေ ဖြစ်လို့ပါ။ ပုံဖော်ပေးကြသူတွေ ဖြစ်သလို လိင်္ဂသာသနာတော် ကို ပုံပျက်စေသူတွေ၊ အသွင်ဖျက်သမားတွေလည်း
ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါ သေးတယ်၊ ဒါကိုလည်း ထိုပုဂ္ဂိုလ်များ
သတိထားမိဖို့ လိုပါတယ်။
နောင်များဆို
ပရိက္ခရာရှစ်ပါးထဲက ဒုကုဋ်, ဧကသီတို့ အတွက်
ဘာမှပြောစရာ မလိုပါ ဘုရား၊ သင်းပိုင်နဲ့
ပတ်သက်လို့ ခေတ်ကာလ ရွေ့လျားလာသည်နှင့် အမျှ
ပြောင်းလွဲလာသည့် အချက်က ရှိနေပါတယ်ဘုရား။ သင်္ကန်းအကုန်
သက်သာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစနှစ်ဖက်ကို
ချုပ်ပြီး ကွင်းအနေနဲ့ ၀တ်နေကြပါပြီ၊ တပည့်တော်များ ငယ်ငယ်တုံးက ကွင်းသင်းပိုင်ကို အလွန် တွေ့ရခဲပါတယ်၊ ယနေ့ခေတ်မှာတော့
နေရာတိုင်းနီးပါးမှာ တွေ့နေရပါပြီ ဘုရား။ လူတွေရဲ့ ပုဆိုးကွင်း၊
ထမီကွင်းတွေနဲ့ တူမသွားပေဘူးလား၊ ချုပ် ကြောင်း ပါတာကလွဲရင်
ဆရာလေးတွေရဲ့ အ၀တ်နဲ့ သာလို့တောင် တူပါ
သေးတယ်၊ အခုအချိန် ဆိုင်တွေမှာ ကွင်းချုပ်မရောင်းကြပေမဲ့ နောက်ဆိုရင် ရောင်းလာနိုင်ဖွယ် ရှိပါတယ်။
ပရိက္ခရာအပေါ် မြတ်နိုးစိတ်
အရာရာကို ကတ်တီးကတ်ဖဲ့ လုပ်ပြီး အပြစ်ရှာပြတယ်လို့ မထင်ပါနဲ့ ဘုရား၊ ရွေ့လျားလာပုံကိုသာ ပြောပြတာပါ၊
လိင်္ဂသာသနာကို အားပျော့မှေးမှိန် စေမည့် မကောင်းသော ရွေ့လျားမှုတွေကို
ရှောင်ကြဉ်ထိန်းသိမ်းနိုင်ဖို့ပါ
ဘုရား။ တစ်ချိန်တုန်းက ကွင်းသင်းပိုင်တွေကို ပလိတ်ဓားနဲ့ လိုက်ဖြတ်ခဲ့ဖူးပါတယ်၊ အခုတော့ ဖြတ်လို့မနိုင်တော့ပြီပေါ့။
အပ်တယ်, မအပ်ဘူး ဆိုတာထက်
လူ့အသွင်ဘက်ကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ အခြေအနေကို သတိထားမိကြဖို့ပါ။ ယနေ့ခေတ်အနေနဲ့ သင်္ကန်းရှားပါးတဲ့ ခေတ်လို့လည်း ယူဆလို့မဖြစ်တော့ပါ၊ ကိုယ့်ပရိက္ခရာ အပေါ်မှာ လေးစားမြတ်နိုးစိတ်နဲ့ အတူ ရိုသေစွာထိန်းသိမ်းလိုတဲ့
စိတ်စေတနာ တွေလည်း ရင်မှာကိန်းနေကြမယ်ဆိုရင်ပေါ့ ဘုရား။ စည်းကမ်းမဲ့ပြီး ပရမ်းပတာ
ဝတ်စားတတ်တဲ့ စရိုက်တွေနဲ့ ဆိုရင်တော့ ဘယ်မှာလာပြီး လောက်ငနိုင်တော့ မလဲ ဘုရား။
“ကုန်းပြန်တယ်”ဆိုတာ
ဟိုတုန်းက တပည့်ငယ်လေးတစ်ပါး၊ “ကောမလ”တဲ့၊ ကျောင်းကို
ဆွမ်းစားသွားရင်း သူ့နေရာထိုင်လေးကို ဆီပေသွားလို့ ဆိုပြီး အဲဒီနေရာမှာပဲ ပစ်ထားခဲ့တယ်၊
သူပြန်အလာ လမ်းမှာတွေ့တော့ မေးမိလို့ သိတယ်ဆိုရင်ပဲ သွားပြန်ယူခိုင်းရတယ်၊ ပြီးတော့ ဆီကိုလည်း ပြောင်သွားအောင် လုပ်ပေးလိုက် ရတယ်၊ အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်၊
သင်္ကန်းတွေ လေလွင့်လို့ အောက်ကျပြီး ရွှံ့လူးသွားရင် ပြန်ကောက်ပြီး မလျှော်ဖွပ်ချင်ကြဘူး၊ အဲဒီ သင်္ကန်းတွေ တပည့်တော်ကောက်ထားတာ
ရာဂဏန်းလောက် ရှိပါလိမ့်မယ်၊ ပေါများပုံနဲ့ စည်းကမ်းမဲ့ပုံကို ပြောပြတာပါ ဘုရား၊ ငယ်ငယ်တုံးက
၁၇-၁၈ အရွယ်၊ သာမဏေဘ၀၊
သင်္ကန်းပြဲကြီးကို မမြင်ရအောင် ဖုံးအုပ်ပြီး အားငယ် စိတ်၊ ရှက်စိတ်နဲ့အတူ
ရှင့်ဒကာတွေဆီ သွားခဲ့ရဖူးတာကို ပြန်ပြီး အမှတ်ရမိ ပါသေးတယ်။ မိမိအနေနဲ့ အသုံးပြုလို့ ရိဆွေးပြဲခဲ့ရင် အကောင်းဘက်က အစနှစ်စကို ချုပ်ပြီး မကောင်းတဲ့အလယ်ကို
ဖြတ်ကာ အနားစချုပ်လျက် အသုံးပြုနိုင်ပါသေးတယ်၊ ဒါ သုံးစွဲနည်းပါ၊ ဒါကိုပဲ
“ကုန်းပြန်တယ်”လို့ ခေါ်ကြ ပါတယ်။