အထက်တန်းကျတဲ့ ပြည့်စုံခြင်း
လိင်္ဂ(အသွင်)လို့
ဆိုရပေမဲ့ အဲဒီအသွင်နဲ့ လိုက်လျောတဲ့ အကျင့် (သိက္ခာသုံးပါး)လည်း
ဒီအသွင်ထဲမှာပဲ လျှိုးဝင်ကိန်းအောင်းနေပါတယ်၊ ဘုရားပေးတဲ့ ယနေ့ခေတ် ဒီအသွင်နဲ့ သင်္ကန်းခေါင်းမြီးခြုံကာ ခြေကန် အိပ်နေ သည်ပဲ
ထားဦး၊ ထိုရဟန်းကို “သိက္ခာသမာပန္နော”လို့ ကောင်းကောင်း ဆိုနိုင်
ပါတယ်။
အမြတ်ဆုံး လောကုတ္တရာဂုဏ်သတ္တိကို လက်ခံပြီး အသက်ရှင်တည်နေ နိုင်တာလည်း ရှင်ရဟန်းတို့ရဲ့ ပီပြင်တဲ့ ဒီအသွင်ပါပဲ။ မြတ်နိုးလို့ ၀တ်နေသည် ဖြစ်စေ၊ မမြတ်နိုးဘဲ ၀တ်နေရသည်ပဲ
ဖြစ်စေ၊ မိမိတို့အသွင်ဟာ တကယ်တော့ အမြတ်ဆုံးဓမ္မကို လက်ခံနိုင်တဲ့ အသွင်ပါ။ လူ့အသွင်နဲ့ အရဟတ္တဖိုလ်ဓမ္မကို လက်ခံပြီး တည်တံ့ မနေနိုင်ပါဘူး၊ အရဟတ္တဖိုလ်
ရောက်ခဲ့ရင်လည်း မကြာခင်ပဲ ပရိနိဗ္ဗာန်ပြုရပါတယ်။ ဒီတော့ အရှင်ဘုရားတို့ တပည့်တော်တို့
ရနေတဲ့ ဒီအသွင် ဟာ ဘယ်အသွင်နဲ့မှ
မတူတဲ့ တကယ့်ကို အထက်တန်းကျတဲ့ အသွင်ဆိုတာ ကျေနပ်နားလည်နိုင်ဖို့ပါ။ ဒါ့ကြောင့်
“ဥပရိဘူတာ သေဋ္ဌဘူတာ အဂ္ဂဘူတာ သမ္ပဒါ
ဥပသမ္ပဒါ-မြင့်မြတ် အထက်တန်းကျသော ပြည့်စုံခြင်း”လို့ ရဟန်းအဖြစ် ကို
ဆိုရတာပါ၊ ရှင်အဖြစ်လည်း ပါဝင်နိုင်ပါတယ်။
အရိယာတို့ အသွင်
နောက်တစ်ခုက အရိယာ(၄)မျိုး
စာပေ(ဇာ, ဋ္ဌ-၂၊
၃၈)မှာဖော်ပြ ပါတယ်။ စတ္တာရော အရိယာ
အာစာရအရိယော လိင်္ဂအရိယော ဒဿန အရိယော ပဋိဝေဓအရိယောတိ။
အရှင်ဘုရားတို့ တပည့်တော်တို့ရဲ့ ပီပြင်တဲ့ ရှင်ရဟန်းအသွင်ဆိုတာ အရဟတ္တဖိုလ်ဂုဏ်သတ္တိကို လက်ခံနိုင်တဲ့ လိင်္ဂအရိယာ အသွင်ပါ။ ဘုရားပေးတဲ့ ဒီအသွင်ကို ပီပီပြင်ပြင် ထိန်းသိမ်းထားရင်ကိုပဲ လိင်္ဂ အရိယာတော့ ဖြစ်နေပါပြီ၊
မိမိတို့ ပါရမီအလျောက် ပဋိဝေဓအရိယာအဆင့်ကို မလှမ်းနိုင်သေးသည်ပဲထားဦး လိင်္ဂအရိယာအဆင့်ကိုတော့ မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။
တာဝန်တစ်မျိုး ကျေပွန်ပါတယ်
အဲဒီလို ထိန်းသိမ်းထားမယ် ဆိုရင်
လိင်္ဂသာသနာကို ထိန်းသိမ်းထားရာ လည်း ရောက်ပါတယ်၊ သာသနာကွယ်ခြင်း
ငါးမျိုးထဲက လိင်္ဂသာသနာလည်း မကွယ်ပဘဲ အဓွန့်ရှည်ကြာစွာ အနှစ်ငါးထောင်၊ အနှစ်တစ်သောင်းမက တည်တံ့နိုင်ပါတယ်။ လုံးဝ ကွယ်ပျောက်မသွားအောင် မတတ်နိုင်ကြပေမဲ့ အရှည်တည်တံ့အောင်တော့
မိမိတို့ ကြိုးစားလို့ ရနိုင်ပါတယ်။
တကယ်တော့ မြတ်စွာဘုရားသာသနာ အနှစ်တစ်သိန်းတည်မယ်ပဲ ထားပါဦး၊ ဘုရားရှင် ပါရမီဖြည့်ခဲ့ရတဲ့ နှစ်ပရိစ္ဆေဒနဲ့ စာရင် မကာမိလှပါဘူး။ အလွန်နည်းပါးတဲ့
အချိန်ကာလကလေးမျှသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအသွင်ကို ပီပီပြင်ပြင် ထိန်းသိမ်းနေတာဟာ သာသနာပြုခြင်း တစ်မျိုးပဲပေါ့ ဘုရား။