ဗျာဒိတ်စကားတော်
ငယ်ငယ်တုန်းက မိမိတို့ ကြားဖူးခဲ့တဲ့ စကားလေးတစ်ခုရှိတယ်၊ “နောင်တစ်ချိန် အနာဂတ်သာသနာမှာ လက်မောင်းမှာ သင်္ကန်းပတ်ထားကြတဲ့ ဒုဿီလပုဂ္ဂိုလ်တွေကို လူတွေက ရဟန်းအနေနဲ့ ကိုးကွယ်ကြရလိမ့်မယ်၊ အဲဒီ
ပုဂ္ဂိုလ်တွေရဲ့ အထံမှာ သံဃိက ဒါနတွေ
ပြုကြရလိမ့်မယ်”တဲ့။
ငယ်ငယ်တုန်းက လူကြီးသူမတွေ ပြောတာကြားဖူးတာပါ။ အခု အရွယ် ရောက်လာလို့
စာပေတွေ ဆည်းပူးလာရတဲ့ အခါကြတော့ ဒီစကားဟာ “ဘ၀ိဿန္တိ ခေါ ပနာနန္ဒ
အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝကဏ္ဌာ”စတဲ့ ဥပရိပဏ္ဏာသ၊ ဒက္ခိဏ၀ိဘင်္ဂသုတ်မှာ
လာတဲ့ စကားကို ရည်ညွှန်းပြောကြတဲ့ စကားပါလားလို့
စဉ်းစားမိလိုက်ပါတယ်။ ဒီစကားဟာ ဘုရားရှင်ရဲ့ စကားပဲ။ တစ်နည်းအားဖြင့် “ဗျာဒိတ်”စကားပဲလို့လည်း ဆိုနိုင်ပါတယ်။ ဘုရားရှင်တွေဟာ “အဒွေဇ္ဈ၀စနာ ဗုဒ္ဓါ”ဆိုတဲ့အတိုင်း စကားနှစ်ခွ
ပြောတော်မမူကြဘူး။ “ဖြစ်လောက်ရာ၏”လို့ မရေရာတဲ့ စကားမျိုးလည်း
မဟုတ်ပါဘူး။ “ဖြစ်လိမ့်မယ်” လို့ သေချာတဲ့ အနာဂတ်ဗျာဒိတ်စကားပါ။
ဒါဆို အဲဒီ အနာဂတ်က
ဘယ်တော့လည်း။ မြတ်စွာဘုရား မိန့်ခဲ့တာ တော့ လွန်ခဲ့တဲ့ ၂၅၅၅-ခုနှစ် ကျော်ကျော်လောက်ကလို့ ဆိုရပါမယ်၊ ယနေ့
အထိတော့ မြတ်စွာဘုရားပေးခဲ့တဲ့ အသွင် လုံးလုံးမပျောက်သေးပါဘူး၊ သာသနာ့ဝန်ထမ်း အဆက်ဆက်က
ရိုရိုသေသေ လေးလေးစားစား မြတ်မြတ် နိုးနိုး ခုံခုံမင်မင် ထိန်းသိမ်းလာခဲ့ကြတယ်၊ ယနေ့ မိမိတို့ခေတ်အထိပေါ့။ သာသနာ့ဝန်ထမ်း ရှင်ရဟန်း
တို့ရဲ့အသွင် မကွယ်ရအောင်၊ တစ်နည်းအားဖြင့် “လိင်္ဂသာသနာ” ပီပီသသ တည်ရစ်အောင် လက်ဆင့်ကမ်းခဲ့ကြပါတယ်။
အသွင်ရဲ့ တန်ဖိုး
အဲဒီလို ခေတ်ကာလကြီးမှာ သာသနာ့ဝန်ထမ်းဖြစ်ရမယ်
ဆိုရင် ဒီနေ့ခေတ် အတွေးနဲ့ တွေးကြည့်ပါ၊ ဘယ်သူမှ ဖြစ်ချင်မှာ မဟုတ်ပါဘူး၊
သာသနာ့ဝန်ထမ်း ဘ၀ဟာလည်း မြတ်နိုးဖွယ်ဘ၀၊ ငြိမ်းချမ်းတဲ့ ဘ၀တစ်ခု မဖြစ်နိုင်ပါဘူး၊
အဲဒီခေတ်ကာလမှာ အဲဒီလိုအကျင့်တွေနဲ့ ရဟန်းလို့ အမည်ခံကြ သူတွေဟာ အချောင်သမားတွေ
သက်သက်ပဲ ဖြစ်ပါလိမ့်မယ်၊ အပင်းတွေ မျိုချနေရတဲ့ ဘ၀မျိုးပဲဖြစ်ပါလိမ့်မယ်၊ ယနေ့ တပည့်တော်တို့ ခေတ်မှာတောင်
တပည့်တော်တို့ ရဟန်းသာမဏေတွေကို အချောင်သမားတွေလို့ မြင်ကြတဲ့
သူတွေက မြင်နေကြပါပြီ၊ တပည့်တော်တို့ရဲ့ ချွတ်ယွင်းမှုတွေကြောင့်လည်း ဖြစ်နိုင်တာပေါ့။
ထိုသို့ ရဟန်းဆိုတဲ့ အမည်မျှသာဖြစ်သည့်တိုင်
လိင်္ဂသာသနာတော်ဟာ ကွယ်ပြီလို့တော့ မဆိုနိုင်သေးပါဘူး၊ သို့သော်လည်း ယနေ့ခေတ်လို ထေရ၀ါဒ အသွင်ကတော့ မရှိတော့ဘူးပေါ့၊
အဲဒီလို အမည်မျှသာရဟန်းခေါ်ရတဲ့ အသွင်မျိုးနဲ့ ပုဂ္ဂိုလ်တွေထံမှာတောင် သံဃာ့ထံရောက်တဲ့ သံဃိကဒါနမျိုး ပြုနိုင်မယ်ဆိုရင် ““မဟပ္ဖလ, မဟာနိသံသ””လို့
ဆိုတော့ အခု အရှင်ဘုရားတို့ တပည့်တော်တို့
ထိန်းသိမ်းထားတဲ့ ဒီအသွင်ဟာ သာသနာတော်တစ်လျှောက်
လုံးက သံဃာတော်တွေကို အာရုံပြုစိတ်ရောက်နိုင်ဖို့ရာ အလွန်ပဲ အထောက် အကူပေးနိုင်တဲ့
အသွင်ပဲပေါ့ ဘုရား။
သာသနာကွယ်ခြင်းငါးမျိုး
အန္တရဓာန(သာသနာကွယ်ခြင်း)ငါးမျိုး
စာမှာ ပြပါတယ်ဘုရား၊
၁။အဓိဂမ
အန္တရဓာန(မဂ်ဖိုလ်ရမှု ကွယ်ခြင်း)၊
၂။ပဋိပတ္တိအန္တရဓာန(အကျင့်တရား ကွယ်ခြင်း)၊
၃။ပရိယတ္တိအန္တရဓာန(သင်ယူမှု အသိပိုင်းကွယ်ခြင်း)၊
၎။လိင်္ဂအန္တရ
ဓာန(ရဟန်းအသွင်ကွယ်ခြင်း)၊
၅။ဓာတုအန္တရဓာန(ဘုရားရှင်၏ ဓာတ်တော် များ ကွယ်ခြင်း၊ ဓာတုပရိနိဗ္ဗာန်ပြုခြင်း)လို့ ဉာဏ၀ိဘင်းအဖွင့် မောဟ၀ိစ္ဆေဒနီနှင့်
အင်္ဂုတ္တိုရ်အဋ္ဌကထာမှာ ပြဆိုပါတယ် ဘုရား။