ဗုဒ္ဓရှင်တော်ကို
ကြည်ညိုပုံအစဉ်
ယောင်ဝါးဝါးသာဝကဖြစ်ပုံ
ဘုန်းကြီး၏ ဘိုး ဘွား မိဘများသည် ဗုဒ္ဓကို ဆည်းကပ် ကိုးကွယ်သော ဥပါသကာများ ဖြစ်ကြသည့် အားလျော်စွာ ထိုဘိုးဘွားမိဘတို့၏ သြ၀ါဒအတိုင်း ငယ်စဉ်က ဘုရားရှိခိုးလျက် ဗုဒ္ဓသာဝက ဖြစ်ခဲ့ရ၏၊ သို့သော် ဘယ်လို ဘုရားကို ရည်စူး၍ ဘယ်လို ကြည်နူးရမှန်း မသိ၊ ရွာအရှေ့မှာ တည်ရှိတော်မူနေသော ရုပ်ပွားတော်,စေတီတော်များလောက်ကိုသာ မိမိစိတ် ရောက်နေပါသည်၊ ထိုငယ်စဉ်က မိမိ၏ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းသည် ယောင်ဝါးဝါး ဗုဒ္ဓဘာသာဝင်တည်း၊ ထိုအချိန်မှာ မိမိသည် ဘာသာခြားကျောင်း များ၌ စာသင်၍ ထိုကျောင်းဆရာတို့က သူတို့ဘာသာသို့ ဆွဲငင် ဖြားယောင်းလျှင်လည်းကောင်း, မိဘတို့ကလည်း ဗုဒ္ဓဘာသာ သဘောကို အထူးမပြောပြလျှင်လည်းကောင်း ဆွဲငင်ရာဘက်သို့ ညွတ်လျက်နေမည်မှာ သေချာပါလိမ့်မည်။
ယခုအခါ ဗုဒ္ဓဘာသာ ယောင်ဝါးဝါးနှင့် ကြီးရင့်လာကြသူများ လည်း ဗုဒ္ဓဘာသာ၏
အခြေအမြစ် အနှစ်သာရဖြစ်သော တရားကောင်းများကို မနာရ မကြည့်ရဘဲ နိုင်ငံခြားမှ လာသော ခေတ်ပေါ်
စာပေများကိုသာ ကြည့်ရှုကာ ယောင်ဝါးဝါး ဖြစ်နေကြသည်မှာ ဤ သဘောပင် ဖြစ်ပေသည်။
အတ္တစွဲတစ်မျိုးဝင်နေပုံ
ယောင်ဝါးဝါး
ဗုဒ္ဓဘာသာ ဖြစ်နေရုံသာ မက ကလေးဘ၀က ကိုယ့်ဘာသာ ထင်မြင်နေသော အစွဲတစ်မျိုးလည်း ရှိပြန်သေး၏၊
ထိုအစွဲကား…
အားလုံးသောလူတွေ တစ်မျိုးပြီးတစ်မျိုး
ပြောင်းလဲ၍ ဖြစ်ကြရာ၌ အိမ်အရှေ့ဘက်မှာရှိသော မန်ကျည်းပင်လည်း မိမိတို့လို အသက်ရှိသော
သတ္တ၀ါတစ်မျိုး ဖြစ်သည်သာမကထိုအပင်၏ အသီး အရွက် တို့သည်လည်း ထိုအပင်မှ ပေါက်ဖွားသော
သား သမီး သတ္တ၀ါ ကလေးများပင် ဖြစ်ကြ၏၊ မိမိလည်း တစ်နေ့ကျလျှင် ထိုအသီး အရွက်မျိုး ဖြစ်ကာ
လူအများ၏ စားဖတ် ၀ါးဖတ် ဖြစ်ရဦးမှာပဲဟု စိတ်ထဲ၌ ကြံစည်မိခြင်းပင်တည်း။ [ပိဋကကို လေ့လာသောအခါ
ကျမှ ထိုအစွဲကို အတ္တစွဲတစ်မျိုးဟု သိရပေသည်။]
ထိုသို့ ယောင်ဝါးဝါး ဗုဒ္ဓဘာသာဘ၀တွင် အတ္တစွဲလည်း ပါဝင်နေသော မိမိအတွက်မှာ
ဗုဒ္ဓဘာသာအရေးကို လေးလေးနက်နက် သိနိုင်လောက်သော အထက်တန်း ဗုဒ္ဓကျမ်းစာများကို မသင်ရဘဲ
အောက်တန်းစာပေဖြင့် ဘုန်းကြီးကျောင်းမှ ထွက်ခဲ့ရပါမူ ထိုအတ္တ အစွဲကို ဖျောက်၍ ဗုဒ္ဓအစစ်အမှန်၌
ထိထိမိမိ စိတ်ရောက်နိုင်မည် မဟုတ်ချေ။
ဘုန်းကြီးကျောင်း၌ စာသင်ချိန်
ကျေးရွာထုံးစံအတိုင်း (၆)နှစ်သား လောက်ကပင် ဘိုး ဘွားတို့ ဆောက်လုပ်ကိုးကွယ်ခဲ့သော
ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိ လေရာ အများထုံးစံအတိုင်း ကျမ်းစာကို သင်ကြားစဉ်
“သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ”စသော ဘုရားရှိခိုးများကို ကျက်မှတ်ရသော်လည်း ထို ဘုရားရှိခိုးများသည်
ဗုဒ္ဓရှင်တော်ကို ထင်မြင်လာအောင် မတတ်နိုင်ချေ၊
သို့သော် ဘုရားအကြောင်းနှင့် စပ်သော ဇာတ်ဝတ္ထု
တရားစာများကို ဘိုး ဘွား မိ ဘတို့ထံနှင့်
ဆရာသမားများထံမှ မကြာခဏ ကြားနေရသဖြင့်“ဘုရားဆိုသည်မှာ ငါတို့လို လူမျိုးထဲမှ ထူးခြားသော
လူတစ်မျိုးက ရဟန်းပြုသွားသော ပုဂ္ဂိုလ်တစ်ပါး”ဟု ယီးတီးယားတားလောက်မျှ နားလည်၍ ရွာ့ရှေ့က
ရုပ်ပုံတော်များသည် ထိုဘုရား၏ ပုံတော်များ ဖြစ်ကြောင်းကိုလည်း ဆက်သွယ်တတ်လာပေပြီ၊
သို့သော်
ထိုဘုရား၏ အလောင်းတော် ဖြစ်သော သိဒ္ဓတ်မင်းသားဆိုသူနှင့် သုဒ္ဓေါဒနမင်းတို့မှာ မန္တလေး
မြို့သားလေလား, ရွှေဘိုမြို့သားလေလားဟု ထင်ယောင်ထင်မှားပင် ရှိပါသေးသည်။ [ဤသို့ ဖြစ်ရခြင်းမှာ
ဗုဒ္ဓ၏ အခြေအမြစ် ဗုဒ္ဓ၀င်ကို ကလေးများအား လေးလေးစားစား ပြောလေ့မရှိခြင်း ကြောင့်ပေတည်း။]