Saturday, April 19, 2014

ဘာသာသွေး အပိုင်း (၃၈) နောက်ဘ၀မရှိဟုယူသူ နှစ်ဖက်ရှုံး




နောက်ဘ၀မရှိဟုယူသူ နှစ်ဖက်ရှုံး

ဘယ်ကိစ္စမျိုးမဆို မိမိစိတ်မှာ နှစ်ခုဖြစ်နေလျှင် မမှားနိုင်သော  လမ်းကို လိုက်ရပါသည်၊ ဘာသာခြားတစ်ချို့က “နောက်ဘ၀မရှိ”ဟု  ဆို၏၊ ဗုဒ္ဓဘာသာက ““နောက်ဘ၀ရှိ၏””ဟုဆို၏၊

““နောက်ဘ၀မရှိ””ဟု ယူသူတို့သည် မိမိကိုယ်ကိုစောင့်စည်းထိန်းသိမ်းထားဖို့ အရေးမကြီးတော့ပါ၊ လူချင်း ဆက်ဆံရာဝယ် အဆင်မပြေမည်စိုးသောကြောင့်သာ စောင့်စည်းဖို့ လိုပါသည်၊ သို့ဖြစ်လျှင် ထိုသူ့မှာ ဗုဒ္ဓတရားတော်အရ ဒုစရိုက် မကောင်းမှုများကို ရှောင်ဖို့လည်း အရေးမကြီးတော့ပါ၊ ယခုဘ၀မှာလည်း လူတစ်ပါးက ယုံကြည်စိတ်ချရသော လူကောင်းတစ်ယောက် ဖြစ်ကောင်းမှ ဖြစ်တော့မည်၊

ထိုသို့ အယူရှိသူတွေ လူများစု ဖြစ်နေပါမူ ထိုသူတို့ များသောနေရာသည် စိတ်ချလက်ချ နေခွင့်ရတော့မည် မထင် ပါ၊ တစ်ဖန် သူတို့ယူဆသည့်အတိုင်း နောက်ဘ၀မရှိတာမှန်လျှင် ခံသာပါသေး၏၊

အကယ်၍ နောက်ဘ၀ရှိခဲ့လျှင်သူတို့၏ ယခုဘ၀ အကုသိုလ် ကံသည် မကောင်းကျိုးပေး၍ ကုန်နိုင်ရန် မရှိတော့ပါ၊ သို့ဖြစ်လျှင်“နောက်ဘ၀မရှိ” ဟူသော အယူကြောင့် ခုဘ၀လည်း ရှုံး” နောက်ဘ၀ လည်းရှုံး နှစ်ဖက်ရှုံး ရှုံးဖို့သာ ရှိပါတော့သည်။

နောက်ဘ၀အရှိဟုယူသူ နှစ်ဖက်အကျိုးရ

နောက်ဘ၀ရှိ၏ဟု ယူဆသူကား နောက်ဘ၀ဖြစ်မည့် မကောင်း ကျိုး ကြောက်၍ ယခုဘ၀၌ စောင့်စည်း၏၊ စောင့်စည်းသောကြောင့် လူကောင်းသူကောင်း ဖြစ်၏၊ ယူဆသည့်အတိုင်း နောက်ဘ၀မရှိစေကာမူ ဤဘ၀၌ လူကောင်း သူကောင်း ဖြစ်ရခြင်းကား အမြတ်ရပါပြီ၊ အကယ်၍ နောက်ဘ၀ရှိတာ မှန်လျှင်ကား ပြုထားသော သုစရိုက်ကုသိုလ် ကံကြောင့် ကောင်းရာဘ၀သို့သာ ရောက်ဖို့ရှိပါတော့သည်၊

ထို့ကြောင့် “နောက်ဘ၀ရှိ၏” ဟူသောအယူသည် ယခုလည်းကေင်း, နောင်လည်း ကောင်းသဖြင့် နှစ်ဖက်ကောင်း ကောင်းသောအယူ ဖြစ်ရကား စိတ်ထဲ၌ မဆုံးဖြတ်နိုင်လျှင် “နောက်ဘ၀ရှိ၏” ဟူသော ယူခြင်းသာ မမှား နိုင်သောအယူ ဖြစ်ပါသည်။

အမျိုးသား သူတော်ကောင်းများ

ယခုအခါ ရှေးရှေး ဘ၀များစွာက ပါရမီဖြည့်ခဲ့ဖူးသော ပညာတတ် သူတော်ကောင်းသည် တစ်ရာ တစ်ယောက်, တစ်ထောင် တစ်ယောက် ဆိုသလို ရှိတတ်ပါသေး၏၊ ထိုသူသည် ခေတ်အလိုက် ပညာကိုသင်၍ တတ်မြောက်သော်လည်း လူ့ထုံစံအတိုင်း အိမ်ထောင်ပြုလိုသော စိတ် ဆန္ဒကား နည်းပါးပါလိမ့်မည်၊

ထိုကဲ့သို့သော အမျိုးသားကောင်းများ  ရှိလျှင် ဤသာသနာဘောင်သို့ ၀င်၍ အမျိုးဘာသာအကျိုးကို ဆောင် လှည့်ပါလော၊ ဘုရားလက်ထက်တော်မှ စ၍ ဤသာသနာတော်ကို များစွာသော မင်းညီမင်းသားနှင့် အမျိုးကောင်းသားတို့ ဆောင်လာခဲ့ကြောင်း  သိဖို့ရာ သာသနာဝင် အစဉ်အဆက်ကို ရေးသားခဲ့ပါသည်၊ ပြန်၍ ကြည့်ကြပါ၊

ခေတ်ပညာတတ်ပြီးသူသည် ဘုရားတရားတော် (ပိဋက)  သက်သက်ကိုသာ ဆရာကောင်းနှင့် သင်ပါမူ နှစ်များစွာ မကြာဘဲ      အဘိဓမ္မာနှင့်တကွ တတ်မြောက်နိုင်ပါသည်၊ ထိုသို့ ပိဋကသင်ယူနေစဉ် ဘာသန္တရ သင်လိုသော စာချပုဂ္ဂိုလ်များကိုလည်း ဣနြေ္ဒရရနှင့် မိမိက သင်ပြနိုင်ပါသေးသည်၊

မိမိတစ်ယောက်က သာသနာ့ကျက်သရေ ဆောင် နေတာ မြင်လျှင် အလားတူ အမျိုးကောင်းသားလူငယ်များလည်း “သာ သနာ့တာဝန်ကိုဆောင်လျက် ပါရမီ ဖြည့်ကာ ဤ တစ်သက်တာ အချိန်အခါကို ကောင်းသော လွန်ခြင်းဖြင့် လွန်သွားနိုင်သည်”ဟု သဘော ပေါက်ကြပါလိမ့်မည်၊

ဤနည်းအားဖြင့် သာသနာတော်သည် ခေတ်ပညာတတ် အမျိုးသားတို့၏ ပါရမီဖြည့်၍ ပျော်မွေ့ရာလည်း ဖြစ်, ဗုဒ္ဓ ဘာသာဝင်တို့၏ အားကိုးရာလည်း ဖြစ်နိုင်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ