နိုင်ငံခြားမှာ နောက်ပိုင်းမချမ်းသာ
အသင်ခေတ်ပညာတတ်တို့သည် ယခုအခါ ထိပ်တန်းရောက်
နေသော နိုင်ငံများဝယ် လောကနိဗ္ဗာန် ရနေကြပြီးဟု တွေးကာ သွားရည်ယိုကောင်း ယိုကြပါလိမ့်မည်၊
နိုင်ငံခြားမှ ပြန်လာသော ဗိုလ်မှူးတစ်ယောက် အပြောမှာ ထိုထင်သလို မဟုတ်ပါ၊ အသက် အရွယ်
ငယ်သူများသည် အလုပ်ကို မနားမနေ လုပ်ကြ, အားလပ် ချိန်ကို မရ-အရယူကာ ပျော်နိုင်သမျှ
ပျော်ကြနှင့် ငယ်ရွယ်သော အသက်တမ်း အချိန်ကို ကျော်လွန်စေကြ၏၊
အသက်(၆၀)ကျော် အဘိုးအဘွားပိုင်း ရောက်သူကား
အလုပ်လည်း လုပ်စရာမများ၊ ကလပ်သွား၍လည်း ငယ်ရွယ်စဉ်ကလို မပျော်၊ လူငယ်များ တု၍
စားကြည့် သောက်ကြည့် ကကြည့် ဆိုကြည့် ခံစားကြည့်သော်လည်း အတွင်းသွေးသားတွေကိုက
ထုံးထိုင်း ညံ့ဖျင်းလာပြီ ဖြစ်သောကြောင့်လည်းကောင်း, စိတ်ဓာတ်ကလည် သဘာဝအလိုက် လျော့
လာပြီးဖြစ်သောကြောင့်လည်းကောင်း ဘာတစ်ခုမျှ အရွယ်ကောင်း တုန်းကလို အရသာ မရှိကြတော့ချေ၊
တရားတော်၏ သုခ
ဤမြန်မာနိုင်ငံ၌ကား ထိုအရွယ်တိုင်အောင် အသက်ရှင်နေသူတို့အတွက်
(တရားလိုက်စားဖို့ရာ ) အလွန်ကောင်းသော အချိန် အခါ ဖြစ်၏၊ ငါးပါးသီလ စသည်ကို မကျိုးမပေါက်အောင် ထိန်း၍ မိမိဝါသနာပါသော ဘာဝနာတစ်မျိုးမျိုးကို
ပွားများနေနိုင်လျှင် ဤဘ၀၌ စိတ်ချမ်းသာမှုကို လက်တွေ့ရနိုင်၏၊
လူအများက တရား ဖြင့်နေခြင်းကို ပျင်းစရာဟု
ထင်ကြ၏၊ အမှန်အားဖြင့်ကား တရားဖြင့် နေခြင်းသည် ပျင်းစရာမဟုတ်ပါ၊ သီလကို အခြေခံ၍ တရားအာရုံ
ယူနေသောအခါ ကုသိုလ်စိတ် ဖြစ်၏၊ ထိုကုသိုလ်စိတ်၌ ပီတိ သောမနဿတို့ (အများအားဖြင့်) ပါဝင်၏၊
ပီတိ-နှစ်သက်ခြင်း, သောမနဿ-၀မ်းမြောက်ခြင်းတို့ကား ကြည်လင်ရွင်ပျသောတရားများ ဖြစ်၍
ထိုကုသိုလ်ဖြစ်ချိန်မှာ အမှန်ပျော်မွေ့ကြရပါသည်၊
ဤသုခမျိုးကို နိုင်ငံခြား အဘိုး အဘွားတို့
လိုချင်ကြသော်လည်း ဒေသကိုက ထို သုခမျိုးကို ညွှန်ပြနိုင်သော ပဋိရူပဒေသ (သင့်တော်သောအရပ်)
မဟုတ်ပါ၊ ဤမြန်မာနိုင်ငံကား ထို တရားမျိုးကို များစွာ ညွှန်ပြနိုင်သော ပဋိရူပဒေသ ဖြစ်ပါသည်၊