အမျိုးသား သူတော်ကောင်းများ
ယခုအခါ ရှေးရှေး ဘ၀များစွာက ပါရမီဖြည့်ခဲ့ဖူးသော
ပညာတတ် သူတော်ကောင်းသည် တစ်ရာ တစ်ယောက်, တစ်ထောင် တစ်ယောက် ဆိုသလို ရှိတတ်ပါသေး၏၊ ထိုသူသည်
ခေတ်အလိုက် ပညာကိုသင်၍ တတ်မြောက်သော်လည်း လူ့ထုံစံအတိုင်း အိမ်ထောင်ပြုလိုသော စိတ်
ဆန္ဒကား နည်းပါးပါလိမ့်မည်၊
ထိုကဲ့သို့သော အမျိုးသားကောင်းများ ရှိလျှင် ဤသာသနာဘောင်သို့ ၀င်၍ အမျိုးဘာသာအကျိုးကို
ဆောင် လှည့်ပါလော၊ ဘုရားလက်ထက်တော်မှ စ၍ ဤသာသနာတော်ကို များစွာသော မင်းညီမင်းသားနှင့်
အမျိုးကောင်းသားတို့ ဆောင်လာခဲ့ကြောင်း သိဖို့ရာ
သာသနာဝင် အစဉ်အဆက်ကို ရေးသားခဲ့ပါသည်၊ ပြန်၍ ကြည့်ကြပါ၊
ခေတ်ပညာတတ်ပြီးသူသည် ဘုရားတရားတော် (ပိဋက) သက်သက်ကိုသာ ဆရာကောင်းနှင့် သင်ပါမူ နှစ်များစွာ
မကြာဘဲ အဘိဓမ္မာနှင့်တကွ တတ်မြောက်နိုင်ပါသည်၊
ထိုသို့ ပိဋကသင်ယူနေစဉ် ဘာသန္တရ သင်လိုသော စာချပုဂ္ဂိုလ်များကိုလည်း ဣနြေ္ဒရရနှင့် မိမိက
သင်ပြနိုင်ပါသေးသည်၊
ဤနည်းအားဖြင့် သာသနာတော်သည် ခေတ်ပညာတတ် အမျိုးသားတို့၏
ပါရမီဖြည့်၍ ပျော်မွေ့ရာလည်း ဖြစ်, ဗုဒ္ဓ ဘာသာဝင်တို့၏ အားကိုးရာလည်း ဖြစ်နိုင်ပါသည်။
ပညာတတ် ထက်မြက်သူများ
ယခုအခါ ခေတ်ပညာလည်း တတ်, စိတ်လည်းထက်မြက်ကြသော
အချို့လူငယ်များသည် နိုင်ငံကောင်းစားရေးအတွက် စွန့်စားလိုသော ဆန္ဒပြင်းပြသည်ကို တွေ့ရ၏၊
“နိုင်ငံကောင်းစားရေး” ဟူသော စကားကို သဘာဝကျကျ စဉ်းစားလိုက်လျှင် ချမ်းသာပြီးသူကို
မယုတ်လျော့စေဘဲ ဆင်းရဲသူများကို မြှင့်တင်ပေးနိုင်မှသာ နိုင်ငံကောင်းစားစေရာရောက်သည်၊
သို့ဖြစ်လျှင် “လောကတ္ထစရိယ-လောကအကျိုးကို ကျင့်ခြင်း”
ဟူသော ဘုရားအလောင်းတို့ အကျင့်နှင့် ခပ်ဆင်ဆင်တူရကား ထိုသို့သော နိုင်ငံကောင်းစားရေးကို
သာသနာတော်အတွင်း ၀င်၍ မိမိကိုယ်တိုင် ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ဒေသနာကို သင်ယူရင်း ဆင်းရဲသား
ကလေးတွေကို မိမိတတ်ပြီးသော ခေတ်ပညာသင်ပေးရလျှင် အစစ်အမှန် သဘာဝကျသော နိုင်ငံကောင်းစားရေးကို
ပြုကျင့်ရာ ရောက် ပါလိမ့်မည်။
လူ့ဘ၀ထက် ဆောင်နိုင်သောဘဝ
အသင် ခေတ်ပညာတတ်လူငယ်များသည် ဆရာဝန်စသော ခေတ်ပညာကို
တတ်ပြီးနောက် အိမ်ထောင်ပြုလိုက်ကြလျှင် ထိုတစ်အိမ်ထောင် အတွက် ကောင်းစားရေးကိုသာ အားစိုက်
ခွန်စိုက် ဆောင်ရပါလိမ့်မည်၊ သာသနာတော် ၀င်လာလိုက်လျှင်ကား မိမိကိုယ်တိုင် ဘုရားဒေသနာတော်မှ
သြ၀ါဒအသစ်တွေကို ရ၍ ဆင်းသားများအပေါ် ကရုဏာအသစ် ဖြစ်လာပါလိမ့်မည်၊
ထိုအခါ မိမိ၏ ခေတ်ပညာကို သင်ပေးရလျှင် ထိုကလေးအပေါင်း
မြောက်မြားစွာသည် ခေတ်ပညာကို အခမဲ့ သင်ရ၍ အသက်မွေးမှုပညာကို လွယ်လွယ်နှင့် ရကြပါလိမ့်မည်၊
ထို့နောက် ထိုကလေးများသည် အထက်တန်းပညာများကို ဆက်လက်သင်ယူသော အခါ ကျန်းမာရေး ဆရာကလေးစသည်
ဖြစ်၍ ကျေးလက် ရွာပေါင်းများ ၏ အားကိုးရာ
ဖြစ်နိုင်ကြပါသည်၊ ထို့ကြောင့် “ရဟန်းဘ၀သည် လူဝတ် ကြောင် ဘ၀ထက် လောကအကျိုးကို ပို၍
ဆောင်နိုင်သောဘ၀”ဟု စဉ်းစားမိ ကြပါလျှင် သာသနာတော်ဘောင် ၀င်၍ ဆင်းရဲသားများကို မြှင့်တင်လှည့်ကြပါလော။
အမျိုးသမီးသူတော်ကောင်းများ
ကဿပဘုရားရှင်လက်ထက်တော်၌ ကိကီရှင်ဘုရင်မှာ
သမီတော် ခုနှစ်ယောက် ရှိ၏၊ သူတို့သည် ဘိက္ခုနီ ပြုလုပ်ခွင့် မရသဖြင့် လူ့ဘောင်၌ပင် ဥပုသ်သီလ
ထိန်း၍ အနှစ်နှစ်သောင်းမျှ ကောင်းမှုပြုခဲ့ကြ၏၊ ထိုခုနှစ်ယောက်လုံးပင် ဤဘုရားရှင်လက်ထက်တော်၌
ခေမာ, ဥပ္ပလ၀ဏ်စသော သူတော်ကောင်း အဖြစ်ဖြင့် တရားထူးရကြပါသည်၊
ထို့ကြောင့် ယခုခေတ် အမျိုးသမီးများလည်း မိမိ၏
ရှေးရှေးဘ၀က ပါရမီဓာတ်ခံပါ/မပါကို ယခုဘ၀ အနေ အထိုင် ဘာသာရေး အလုပ်အကိုင် ကြည့်၍ ခန့်မှန်းရပါလိမ့်မည်၊
ဘာသာခြား အမျိုးသမီး များသည် ပညာပေးသော ဆရာမအဖြစ်, ဆရာဝန်မအဖြစ်ဖြင့် သူတို့ဘာသာ၏ တိုးပွားကြောင်းကို
ကြိုးစားနေကြပါသည်။
ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ အမျိုးသမီးများလည်း
တစ်နည်းနည်းဖြင့် ကြိုးစားစေလိုပါသည်၊ တစ်ရာ တစ်ယောက်, တစ်ထောင် တစ်ယောက်ဆိုသလို ထူးခြားသော
ခေတ်ပညာလည်း တတ်, အများအကျိုးလည်း ဆောင်လိုသော အမျိုးသမီး ဖြစ်လျှင်ကား ဗုဒ္ဓမြတ်စွာ၏
အရိပ်အောက် ၀ယ် ပိဋကတ်တော်များကို သင်ပါ၊ ထိုသင်ယူနေခိုက်၌၊ အမျိုးသ္မီးကလေး များကိုလည်း
မိမိက သင်ပြလျှက် သူတို့၏ စာရိတ္တကို ပြုပြင်နိုင်ပါသည်၊ ပိဋကတ်တရားတော်ပါ တတ်မြောက်သောအခါ
ဣနြေ္ဒသိက္ခာရင့်သော အမျိုးသမီးဆရာမကြီး အဖြစ်ဖြင့် ပါရမီဖြည့်ကာ အမျိုးသမီး ကျောင်းများကို
တည်ထောင်နိုင်ပါသည်။