၃၁။ ဖွတ်မိချောင်းဖြစ်၊ မြစ်မချမ်းသာ။
စကားလာကြောင့်၊
မျှော်ကာ ထောက်လျက်၊
လူကျင့်ပျက်ကို၊ အထက်ခေါင်ကြူး၊
ကြီးမှူးအရာ၊ မထားပါနှင့်။
၃၂။ ခွေးတောက်သရက်၊ ပင်ရောယှက်က၊
သရက်ပင်မင်း၊ သီးချိုကင်း၏။
* ဆိုရင်းစကား၊ ရှိခဲ့သားကြောင့်၊
ပေါက်ဖွားမျိုးမှန်၊ သူကောင်းမွန်လည်း၊
မမှန်မျိုးယုတ်၊လူညစ်ပုတ်နှင့်၊ မပေါင်းလင့်။
၃၃။ ရေ လက်ကြား၊ လူ ကပြား
ဟု၊
စကားဥဒါန်း၊ ဆိုမြက်ညွန်း၏။
* ရေလက်ကြားတွင်၊ ကူးသွားချင်သော်၊
ရေစဉ်မမှန်၊ ၀ဲဗွက်ပြန်ကြောင့်၊
လှိုင်းထန်ဂယက်၊ ပဲ့ကိုင်ခက်၏။
* လူကပြားမှာ၊ ပေါင်းချင်ပါသော်၊
ဘာသာနှစ်ခု၊ ရောယှက်မှုကြောင့်၊
ယူပြုနှစ်ချက်၊ အပေါင်းခက်၏။
၃၄။ ကျောင်းပြောင်းသည့်ရှင်၊
လင်ကွာသည့်မယား၊ သတိထားလော့။
* ကျောင်းပြောင်း ရှင်မှာ၊
ပထမဆရာကို၊ ပြစ်တင်ဆို၍၊
အပိုစကား၊ ပြောကြားတတ်၏။
* လင်ကွာခဲ့ငြား၊ မယားတို့တွင်၊
ပထမလင်ကို၊ ပြစ်တင်ဆို၍၊
အပိုစကား ပြောကြားတတ်၏။
* ပြောတိုင်းယုံဘိ၊ မိမိသည်ပင်၊
လူ့ခွင်ဌာန၊ လူနုံလူအ၊ အထင်ခံရမည်။
* မိမိထံမှ၊ ဌာနတစ်ခြား၊ ဖဲကြဉ်သွားက၊
မခြားသူလျှင်၊ ပြစ်တင်စကား၊
အပိုပြောကြားပေလိမ့်မည်။
၃၅။ လူသေတိုင်း လူမဖြစ်။
လူဖြစ်တိုင်း လူမစစ်။
* လူသေတိုင်းစစ်၊ လူမဖြစ်တည့်၊
ယုတ်ညစ်သည့်ကံ၊ ပြုစီမံက၊
လေးတန်ပါယ်ဘုံ၊ ရောက်ရတုံ၏။
* တစ်ဖုံကောင်းကံ၊ မြှောက်တင်ပြန်က၊
ခြောက်တန်နတ်ပြည်၊ ရောက်ရသည် တည့်။
* လူ့ဘုံဌာနေ၊ ရောက်ရပေလည်း၊
နှစ်ထွေကောင်းဆိုး၊
ကြောင်းကျိုးရှေ့နောက်၊
မျှော်ထောက်ကင်းလစ်၊ လူမစစ်။
၃၆။ လောကလူ့နယ်၊ ပညာကျယ်တို့၊
ခွေနှယ်မကျင့်၊ ကျီးနှယ်ကျင့်လော့။
* ခွေးတို့တမူ၊ မျိုးဇာတ်တူကို၊
မာန်မူကိုက်ခဲ၊ လွန်ညှင်းဆဲ၏။
* ကျီးတို့တမူ၊ မျိုးဇာတ်တူကို၊
ဝိုင်းကူချီးမြှောက်၊ လွန်စောင့်ရှောက်၏။
၃၇။ မိတ်ကောင်းကို ကျွေးရမည်။
စိတ်ကောင်းကို မွေးရမည်။
* မိတ်ကောင်းကိုကျွေးမှ၊
အခွင့်မှန် ရောက်၍
စိတ်ကြံမြောက်မည်။
* စိတ်ကောင်းကိုမွေးမှ၊
အကျင့်မှန်ရောက်၍
နိဗ္ဗာန်ပေါက်မည်။
၃၈။ လူရုပ်ချောသော်လည်း
သဘောမမှန်ဘိ၊
အသိဉာာဏ်ကင်းသူကို မိတ်ရင်းဆွေရင်း
မပြုရာ။
* လူရုပ် မချောသော်လည်း၊
သဘောမှန်ဘိ၊
အသိဉာာဏ်လင်းသူကို၊ မိတ်ရင်းဆွေရင်း
ပြုရာ၏။
၃၉။ လူမိုက်နှင့်ပေါင်း၊
မကောင်းမိုက်စွာ
ဆင်းရဲရာ၏။
သူကောင်းနှင့်ပေါင်း၊ ကောင်းမြတ်လိမ္မာ
ချမ်းသာရာ၏။
၄၀။ ခွေးမြီးနှင့်တူ၊ ငြူစူမာန၊
ထောင်လွှားက၊
ထိုသူ လူ့ဗာလ။
* ခြင်္သေ့မြီးတူ၊ ငြူစူမာန၊ မထောင်ကြ၊
ထိုသူ ပဏ္ဍိတ။