၇၆။ အမျိုးဇာတ်ကိုလည်း မမေ့ပါနှင့်။
သူခိုးအတတ်ကိုလည်း မလေ့လာနှင့်။
၇၇။ အဖော်မပါမူ ညခရီးမသွားနှင့်။
လော်မာသူ တကွ အနီးမထားနှင့်။
၇၈။ ဖျင်းအောက်ခဲ့မူ စပါးမျိုးမချလေနှင့်။
ပျင်းကြောက်သည့်သူ
အားမကိုးကြလေနှင့်။
၇၉။ သဘောဖြူသူ ပေါင်းရန်အသင့်။
မနောငြူသူ ပေါင်းရန်မသင့်။
၈၀။ အပြောသန်သူကို မထင်မကြီးနှင့်။
သဘောမှန်သူကို မတင်စီးနှင့်။
၈၁။ လောင်းကစားလည်း မဖက်လေနှင့်။
ကျောင်းဘုရားလည်း မဖျက်လေနှင့်။
၈၂။ ဌာပနာလို၍ ဘုရားကို မဖျက်နှင့်။
ညာဝါလို၍ စကားကိုမမြက်နှင့်။
၈၃။ အပုပ်မ,ကိုလည်း ရုပ်အလှမထင်နှင့်။
ရှုပ်သမျှကိုလည်း ဟုတ်စွမထင်နှင့်။
၈၄။ သမုဒယကိုလည်း သုမ မထင်နှင့်။
အသုဘကိုလည်း သုဘမထင်နှင့်။
၈၅။ ဉာာဏ်ရှိသော်လည်း
သတိဓမ္မ မလွတ်စေနှင့်။
ကံရှိသော်လည်း ၀ီရိယ မချွတ်စေနှင့်။
၈၆။ ဓားမကောင်းလျှင် ၀ါးမျက် မခုတ်နှင့်။
တရားပြကောင်းစဉ် ဟားကွက်မထုတ်နှင့်။
၈၇။ ခန္ဓာဘေးမကြောက်လျှင်
ယောဂီ မမှတ်သင့်။
သံသရာရေး မထောက်လျှင်
တောမှီ မမှတ်လင့်။
၈၈။ ၀စီသစ္စာကိုလည်း မဖျက်ဆီးလေနှင့်။
ဝိရတီသစ္စာကိုလည်း မပျက်စီးစေသင့်။
၈၉။ ဣဿာတရားကိုလည်း မယှက်စေနှင့်။
မိစ္ဆာအမှားကိုလည်း မဖက်စေနှင့်။
၉၀။ ကမ္မဋ္ဌာန်းကျောင်းတွင် မဆိုမငေါက်နှင့်။
စခန်းကောင်းတွင် မယိုမပေါက်နှင့်။