၁၁။
ဓမ္မာစရိယအဆင့်အတန်း ရှိသူကိုသာ အင်္ဂလိပ်စာသင်ပေးရာ၌ အတန်းမထားဘဲ ဗဟုသုတဖြစ်ရုံ
သက်သက်သာ သင်စေပါသည်၊ [အတန်းထားလျှင် အထက်တန်းကို အစိုးရစာမေးပွဲများ၌ ၀င်ရောက်ဖြေဆို၍
အောင်မြင်သောအခါ လူထွက်လိမ့်မည်ဟု လူဒါယကာများက သံသယဖြစ်ကြပါသည်၊ ဒါယကာအကူအညီ မပါလျှင်
မဖြစ်နိုင်သော သာသနာပြုကိစ္စ၀ယ် လူဒါယကာတို့၏ သဒ္ဓါတရားကို မငဲ့လျှင် မဖြစ်နိုင်ပါ။
၁၂။ အင်္ဂလိပ်စာသင်နေစဉ် ပိဋကကျမ်းစာကို ပို့ချစေ၍,
မသင်ရသေးသော နိကာယ်ကြီးများကို သင်ယူစေပါမည်၊ ထိုသို့ ပိဋကနှင့် အဆက်မပြတ်မှသာ သဒ္ဓါတရား
ပြယ်လွင့်မသွားဘဲ တိုးလာလိမ့်မည်”ဟု ယူဆပါသည်။
၁၃။ သာသနာ့ဝန်ဆောင်ကျောင်းတိုက်၌ ထိုဓမ္မာစရိယစာချပုဂ္ဂိုလ်
အတော်များလာလျှင် ထိုပုဂ္ဂိုလ်များကို စာချစေ၍ တစ်နှစ် တစ်တန်း မှန်မှန်တတ်ရသော စာသင်နည်းကို
စီစဉ်နိုင်စရာ ရှိပါသည်။
၁၅။ ထိုကဲသို့ တိုးချဲ့ထားသော ၀န်ဆောင်ကျောင်းတိုက်ကြီးများ၌ စာနပ်ရိက္ခာ လိုလိမ့်မည်ကို စဉ်စားမိပါသည်၊ တပည့်တော်များ၏
ကျောင်းတိုက်၌ သံဃာတစ်ရာ ရှိချိန်ဝယ်(နေ့ဆွမ်းခံလျက်နှင့်) တစ်လလျှင် တစ်ထောင်တန်လောက်
ရိက္ခာကုန်နေပါသည်။
၁၆။ ထိုပြင် ရဟန်းတော်များကိုယ်တိုင် ဆရာမလုပ်နိုင်သေးသော
အချိန်၌ ဂဏန်သင်္ချာ, အင်္ဂလိပ်စာပြဖို့အတွက် ဆရာရဖို့တာဝန်လည်း ရှိပါသေးသည်၊ ထိုဆရာလုပ်သူလည်း
အထက်တန်း ဆရာဖြစ်မှ စနစ်တကျ သင်ပြနိုင်ပါလိမ့်မည်၊ ထို့ကြောင့် ဆရာ့အတွက် ရိက္ခာလည်း
(လေး ငါးနှစ် အတွင်းမှာ) တော်တော် များများ ကုန်စရာရှိပါသည်။
၁၇။ ထိုမျှလောက် ကြီးလေးသော တာဝန်သည် (အလှူဒါနပြုသူတို့က
သာသနာပြု ဒါနကိုသာ ပြုကြလျှင်) ထမ်းဖို့ရန် ခဲယဉ်လှမည် မထင်ပါ၊ တစ်နည်းအားဖြင့် စဉ်စားမိသည်မှာ
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စေတနာမှန်ဖြင့် ပြုသူတို့အပေါ်ဝယ် ဗုဒ္ဓမြတ်စွာ၏ တန်းခိုးရှိန်စော် အာနုဘော်တော်လည်း
သက်ရောက်နေဖွယ် ရှိ၏ဟု စဉ်းစားမိပါသည်။
၁၈။ သို့ဖြစ်ပါ၍ ဗုဒ္ဓမြတ်စွာ၏ တန်းခိုးတော်အစွမ်းကြောင့်
အနာဂတ် ဘုရားရှင်များအထံဝယ် ကျွတ်တန်းဝင်နိုင်ကြမည့် သူတော်ကောင်း အလောင်းအလျာများသည်
ဆရာဘက်၌ သာသနာပြု ဆရာကောင်းအဖြစ်ဖြစ် လည်းကောင်း, ဒါယိကာဘက်၌ အနာထပိဏ် ၀ိသာခါလောင်း
အဖြစ်ဖြစ် လည်းကောင်း စုပေါင်းမိကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
၁၉။ မည်သို့ပင်ဖြစ်စေ,
သာသနာတော်ကို မြှင့်တင်နိုင်လောက်အောင် အကြောင်းညီညွတ်လျှင် သာသနာတော်ကိုလည်း သာသနာဘက်ကနေ၍
အားပေးရာ ရောက်စေပါမည်၊ သာသနာတော်ကို မမြှင့်နိုင်လျှင် မိမိလုပ်နေကျ စာရေး စာချဖြင့်
နေမြဲတိုင်း နေမည်ဟု ရည်ရွယ်ပါသည်။
၂၀။ တပည့်တော်၏
တစ်သက်မှာ ဤ သာသနာပြု အလုပ်ကို ထမြောက်အောင် မလုပ်နိုင်စေကာမူ အနာဂါတ်ကာလ၌ ဤတာဝန်ကို
ဆောင်နိုင်စွမ်းသော ဘုန်းရှင် ကံရှင် တစ်ပါးတလေ ပေါထွန်းလာလျှင် ထိုပုဂ္ဂိုလ်က ဤသာသနာပြု
စာတမ်းကို ကြည့်ရှု၍ ပြုပြင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ဤ မျှော်လင့်သည့်အတိုင်း ယခုပြုမည့်သာသနာ တိုးချဲ့ရေးအလုပ်သည်
အရင်းရှုံးမည့်အလုပ် မဟုတ်နိုင်ပါ၊ အကြောင်းညီညွတ်လျှင် အမျိုးဘာသာ သာသနာ တိုးတတ်စေနိုင်ရကား
သာသနာပြု ကုသိုလ်အမြတ်သာ ရကြဖို့ ရှိပါသည်၊
ထို့ကြောင့် တပည့်တော့်၏ ဤဘ၀ ရှေ့ဘ၀တို့၌ ပြုခဲ့သော ကံ, ဆရာတော်ဘုရား
များ၏ မေတ္တာတော် ကရုဏာတော် အရှိန်အ၀ါ, မြတ်စွာဘုရား၏ တန်းခိုး အာနုဘော်များကို အားကို
အားထားပြု၍ ယခုကြံစည်အပ်သော သာသနာပြုရေး အချက်အလက်များကို မပျက်မကွတ် ခွင့်ပြုတော်မူပါမည့်အကြောင်း
ရိုသေစွာ ခွင့်တောင်း လျှောက်ထားပါသည် ဆရာတော် အရှင်မြတ်တို့ဘုရား။
ဇနကာဘိဝံသ