၁၄။ နိဂုံးအခန်း
အတိုချုပ်
ကျေးရွာဘုန်းကြီးကျောင်းများ၌ ရေသောက်မြစ်ပမာ
ဖြစ်နေသော ကျောင်သားသူငယ်များ ပြတ်နေခြင်းကို ပြန်၍ ဆက်ဖို့ရန် ကျေးရွာဘုန်း တော်ကြီးများက
ကျေးရွာကို ထိန်းသိမ်းစောက်ရှောက်စေလိုခြင်း, စာချ (ဓမ္မာစရိယ) ပုဂ္ဂိုလ်များက အဆုံးတိုင်အောင်
သင်ယူ၍ ပိဋကကျမ်းစာ များကို ထိန်းသိမ်းစောက်ရှောက်စေလိုခြင်း, မိမိတို့၏ တပည့်များကို
သြဇာရှိရှိနှင့် ချီးမြှင့်မြှောက်တင်စေလိုခြင်း, ဒါယကာ ဒါယိကာမတို့က အပိုဖြစ်နေသော
ဒါနမှုကို ရှောင်ရှား၍ သာသနာပြု ဒါနမှုကိုသာ ပြုကြစေလိုခြင်း ဤအကျိုးများကို မျှော်မှန်း၍
ဖြစ်သင့်သော ပြုပြင်ရေး အကြောင်းများကို ပြခဲ့ရာ ယခု ပြီးစီးပါပြီး။
ဤသာသနာတော်ကြီးသည် ပြုပြင်သူ ရှိသောအခါ ထိပ်တန်းရောက်အောင်
တတ်၍, ပြုပြုင်သူ မရှိသောအခါ တဖြည်းဖြည်း နိမ့်ကျ၍
တချို့တိုင်းပြည်မှာ လုံးလုံးပင် ကွယ်ပျောက်ခဲ့ပါပြီ၊
ထို့ကြောင့် သာသနာတော်ကြီးကို “ထောက်ရှာငှက်
ပျံသည့်ပမာ နိမ့်ချည် မြင့်ချည် သာသနာ”ဟု ပြောစမှတ်ပြုခဲ့ကြပါသည်၊ ဤလက်ထက် ဆရာဒကာတို့သည်
ဤသာသနာတော်ကို မြင့်အောင် ပြုပြင်နိုင်ပါမှ “ပါရမီဓာက်ခံ ရင့်သန်သူ” ဟု မိမိကိုယ်ကို
ဆုံဖြတ်ရဲ၍ နေရဲ သေရဲ သူများ ဖြစ်ကြပါ လိမ့်မည်၊ ဤ သာသနာတော်ကို အရာထင်အောင် ပြုပြင်၍
မသွားနိုင် ပါလျှင် နောင်တစ်ခေတ်၌ ပြုပြင်သူ ပေါ်လာစေကာမူ အလွန်ခဲယဉ်စွာ ပြုပြင်ရပါလိမ့်မည်၊
သို့မဟုတ် လုံးလုံးမပြုနိုင်ဘဲ သာသနာတော်သာ ကစဉ့်ကရဲဖြစ်၍ ကွယ်ရစ်ပါလိမ့်မည်၊
ဗုဒ္ဓမြတ်စွာ၏ ကမ္ဘ္ဘာများစွာဝယ် အသက် စည်းစိမ်များစွာကို
စတေး၍ တည်ထားတော်မူအပ်သော သာသနတော် အဆောက်အဦးကြီးသည်၊ ဤနှစ်ထောင်ငါးရာ ကျော်ရုံမျှဖြင့်
ဤမျှလောက် မဆုတ်သင့်သေးပါ၊ ထို့ကြောင့် ဆရာ ဒကာ အချင်းချင်း စိုင်းပြင် ဆွေးနွေး၍ ဤသာသနာတော်အရေးကို
လေးလေးနက်နက် စဉ်းစားကြဘို့ရန် တိုက်တွန်းပါသည်။
စစ်လိုသဘောထား၍ ကြိုးစားပါ
စစ်တိုက်သောအခါ
ဆုတ်စစ် ခံစစ် ထိုးစစ်ဟု သုံးမျိုးရှိ၏၊ မိမိဘက်က ခံနိုင်ပုံမရလျှင် စနစ်တကျ ဆုတ်နိုင်ဖို့
ကြိုးစားရ၏၊ ခံနိုင်ပုံ ရလျှင် ကြံ့ကြံ့ခံရ၏၊ ထိုသို့ ကြံ့ကြံ့ခံရာမှ အားရှိလာလျှင်
ထိုးစစ်သို့ ပြောင်းကာ တိုးတက်စေရ၏၊ ထို့အတူ ဤသာသနာတော်သည် ဆုတ်၍ ဆုတ်၍ လာရကား ဆုတ်စစ်နှင့်
တူနေ၏၊ ဆုတ်ပုံကလည်း အလှူဒါနပြုမှု, စာပေသင်မှု စသည်၌ စနစ်မရှိ, (သူတစ်မျိုး ငါတစ်ဖုံ)
လုပ်နေကြသော ကြောင့် အကွပ်မရှိသောကြမ်းကဲ့သို့ ပရမ်းပတာဖြစ်၍ စနစ်တကျ ဆုတ်ခြင်းမဟုတ်၊
သို့ရာဝယ် ဘုရားဥပဒေတော်နှင့်အညီ စည်းကမ်းတကျ
ရပ်တန့်၍ ပြုပြင်နိုင်ကြပါလျှင် ခံစစ်သဘောသို့ ပြောင်းကာ အဆုတ် ရပ်တန့်မည်သာ၊
ထိုအခါ တိုင်းသူပြည်သားတို့၏ အကူအညီက လမ်းမှန်ကြသဖြင့်
ထိုးစစ်သဘောသို့ မကြာမီ ပြောင်းလွဲ၍ သာသနာ့အောင်ပွဲကို နွှဲနိုင်ကြပါလိမ့်မည်။
တိုင်းမော်သင်္ဘောဖြစ်မှာစိုး
လွန်ခဲ့သော နှစ်နှစ်ခန့်၌ ပုသိမ်သို့သွားသော
““တိုင်းမော်”” အမည်ရှိ လူစီးသင်္ဘောသည် ပြင်းထန်သော မိုးသက်မုန်တိုင်း မိ၏၊ ထိုအခါ သင်္ဘောအလုပ်သမားတို့သည်
သင်္ဘောနစ်မည်စိုး၍ ဘေးကာရွက်ဖျင်း များကို အပေါ်သို့ လိပ်တင်ကြ၏၊
သင်္ဘောစီးသူများသည် မိုးပက်ဒဏ်ကို မခံနိုင်၍
ရွက်ဖျင်းများကို ပြန်ချကြ၏၊ သင်္ဘောသားတို့က တစ်ဖန် ထပ်၍ ပင့်တင်ကြ၏၊ ရွက်ဖျင်းတင်ထားသောဘက်မှ
မိုးပက်ရာတွင် မိုးသီးတွေပါလာသဖြင့် တချို့က ထိုမိုးသီးများကို အလုအယက် ကောက် ယူကြ၏၊
ဤသို့ မိနစ်အနည်းငယ် အချိန်ဝယ် ရွက်ဖျင်တင်လိုက်
ချလိုက် မိုးသီးကောက်လိုက်နှင့် သင်္ဘောနစ်ပါတော့၏၊
လူအများနှင့် ပစ္စည်းတွေပါ သင်္ဘော နစ်ပါတော့၏၊ လူအများနှင့် ပစ္စည်းတွေပါ သင်္ဘောနောက်သို့
ပါသွားရှာကြသည်။
ထို့အတူပင် ဤ သာသနာတော်ကို အထင်အမြင်သေးသော,
အထင်သေးရုံတွင် မကဘဲ လုံးလုံးဖျက်ဆီးလိုသော လေမုန်တိုင်းကြီးကား ကျရောက်နေပါပြီ၊ ဤသာသနာတော်ကြီးကို
နစ်မည်စိုး၍ သာသနာ တော်စည်းကမ်းအရ သာသနာ့ဝန်ဆောင်တို့က စည်းကမ်းပြ၍ (ရွက်ဖျင်တင်ကြ)သည်ကို
မလိုက်နာဘဲ မိုးသီးနှင့်တူသော ပစ္စည်း လာဘ်တို့ကိုသာ ကောက်ယူနေကြမည်ဆိုလျှင် ဧကန်မုချ
သာသနာတော် ကြီး နစ်မြုပ်ရာတွင် ၀န်ဆောင်ပုဂ္ဂိုလ်များလည်း ပါဝင်သွားပါလိမ့်မည်၊
ထို့ကြောင့် သာသနာတော် စည်းကမ်းနှင့်အညီ အလုပ်
လုပ်ကြဖို့ ညွှန်ပြ ချက်ကို အားလုံး လက်ခံကြပါရန် တိုက်တွန်းတောင်းပန်ပါသည်။
ကျမ်းပြီးနိဂုံး
ကျမ်းပြီးမှတ်ထုံး, ကမ္ပတ်ဖုံးဖို့, နိဂုံးအခန်း,
ပြည်လုံးမှန်း၍, ခွဲခြမ်းလှစ်ဖွေ, စဉ်းစားစေအံ့...
တို့မြေဌာနီ, ရှေခါဆီဝယ်, မထေရ်အပေါင်း, စံရာကျောင်းမှ, ငြိမ့်ညောင်းသာယာ, မိန့်အာဏာကို,
ရပ်ရွာလူများ, လွန်လေးစားခဲ့။
ခုကားသို့နှယ်, မဟုတ်ကွယ်၍, နယ်ပယ်ပေါက်ဖွား,
အမျိုးသားတို့, ဘုန်းဘုရားကျောင်တွင်, စာမသင်တော့၊ ထို့ပြင် မြို့နေ,ကလေး တွေကား,
တို့မေ ဘာသာ, တို့မေ စာကို, သင်ရာကောင်းမျှ, မထင် ကြဘဲ, ပြင်ကလာပေး, စာပထွေးကို, အလေးဂရု,
အရေးပြု၏။
ထိုသူ့ဘာသာ, ထို့သူစာမူ, ခေတ်ခါအလိုက်, လောကတိုက်ဝယ်,
သိုက်မြိုက်ဖို့ရန်, အကြောင်းမှန်လည်း, နောင်သံသာတွက်, ကြောင်းမဖက်၍, သက်သက်မျက်စိ,
တစ်ဖက်ကြည့်တည်း။
ဤသည့်တိုင်းသာ, နှစ်ပေါင်းကြာလျှင်, မြန်မာတိုင်းဖွား,
အမျိုးသားတို့, ဘုရားကိုစွန့်, တရားစွန့်၍, စွန့်လိမ့်မှန်စွာ, မြတ်သံဃာတည်း၊ ထိုခါ
တိုင်းဖွား, လူအများလည်း, တရားလက်ကွာ, တစ်ဖက်စာကြောင့်, ဆက်ကာခုထက်, တိုး၍ ပျက်လိမ့်။
သို့တွက် များပြား, ဘုန်းဘုရားတို့, တရားကိုယ်ကျင့်,
လုံအောင်ကျင်၍့, မလင့်စေရ, ကိုယ့်ဒေသ၌၍, သိပ္ပ ၀ိဇ္ဇာ, ပြသင့်ရာကို, ကောင်းစွာ ပိုင်ပိုင်,
ပြသနိုင်မှ, ဘုန်းလှိုင်ဟောပြ, သြ၀ါဒကို, စိတ်ကကြည်ဖြူ, လိုက်နာယူလျှက်, ကိုယ်မူနှုတ်ပြောင်း,
စိတ်လည်းကောင်း၍, နောက်နှောင်းမြန်မာ, သာသနာသည်, ရှည်ကြာနေသို့ ထွန်းမည်ကို။
ဘာသာသွေး
ပြီး၏။