လစဉ်စရိတ်
သံဃာများအတွက် ထိုကဲ့သို့ တာဝန်ဆောင်ရသောကြောင့်
လစဉ်ကုန်ကျသော ဆန် ဆီ စသည်တို့၏ တန်ဖိုးမှာ မနည်းလှပါ၊ တစ်ခါတုန်းက တံတားဦးမြို့မှ
ဒေါ်မြမေဆိုသူက ““တစ်လအတွက် ကုန်ကျသောပစ္စည်းများကို လှူလိုပါသည်””ဟု လျောက်၏၊ အကုန်အကျ
များလွန်းမည် စိုး၍ “တစ်လအတွက်မဟုတ်ဘဲ လှူလိုသလောက်
လှူပါလား”ဟု ပြောသော်လည်း တစ်လအတွက် လှူလိုပါသည်ဟု ထပ်၍ လျှောက်သောကြောင့် န၀ကမ္မထိန်းသိမ်းနေသော
(မြေစာရင်းအင်စပိတ် ပင်စင်စား) ဥပါသကာကြီးအား အတိအကျ မဟုတ်ဘဲ ခပ်လျှော့လျှော့ တွက်ပေးလိုက်ပါဟု
ပြောရပါသည်။
တစ်နိုင်ငံလုံး ခန့်မှန်းဖွယ်
သံဃာတစ်ရာအတွက် ကျောင်း သင်္ကန်း မပါသေဘဲ စားသောက်ရေးပင် ကျောင်းက ကုန်ကျသလောက်, နေ့ဆွမ်းလောင်းလှူရသော အရပ်ထဲမှလည်း
ထိုမျှနီးနီး ကုန်ကျစရာ ရှိပါသည်၊ ဤတွက်ကိန်းသည် အသက်သာဆုံး တွက်ကိန်းသာ ဖြစ်ပါသည်၊
ဆရာသမား တာဝန်မယူဘဲ ကိုယ့်တာဝန် ကိုယ်ထမ်းရသော တိုက်တာများ၌ စာသင်သားများမှာလည်း ရပ်ရွာ
မိဖတို့က စားသောက်ရေးအတွက် အလားတူ ထောက်ပံ့မှုကို ပြုကြရပေမည်၊ သို့ဖြစ်လျှင် သံဃာတော်
ငါးသောင်းများအတွက် လစဉ် ကုန်ကျ စရိတ် မည်မျှရှိမည်ကို ခန့်မှန်းနိုင်လောက်ပါသည်။
အကျိုးမရလျှင် ဖယ်ချခံရမည်
လောက၌ ကြီးလေးစွာ ထမ်းဆောင်နေရသော တာဝန် တစ်ရပ်ကို
“ထိုတာဝန်မှ မည်မျှလောက် အကျိုးပြန်၍ရသလဲ”ဟု စဉ်းစားမြဲ ဖြစ်ပါသည်၊ တစ်ခါမစဉ်းစား မိလျှင်
တစ်ခါခါတော့ စဉ်းစားမိမည်မှာ အမှန်ပင် ဖြစ်ပါသည်၊ ထိုတာ ၀န်ကို ဖယ်ချမည်မှာ ဓမ္မတာပင်
ဖြစ်ပါသည်၊မိမိသည်ပင် “လစဉ် အကုန်အကျခံ၍ ပြောဆိုဆုံးမ စာပို့ချနေရသော ရဟန်း သာမဏေများ
အထံမှ သာသနာတော်အတွက် ဘာအကျိုးပြန်ရသလဲ”ဟု စဉ်စားပါ သည်၊
ထိုသံဃာများ “ကောင်းမွန်စွာ နေထိုင်၍ နောင်အဆက်ဆက်
ဗုဒ္ဓမြတ်စွာ၏ သာသနာ့တာဝန်ကို ဆောင်ရွက်ကြမှသာ မိမိနှင့်တကွ စာချဘုန်းကြီးများ, မိမိ၏
ရင်းနှီးသော ဒကာ ဒကာမများ၏ ပင်ပန်း ရကျိုး, ကုန်ကျရကျိုး နပ်ပေလိမ့်မည်၊ ထိုသို့ မဖြစ်လျှင်
အကျိုးမများ”ဟု တွက်ကိန်းချလေ့ ရှိပါသည်၊
ထို့ကြောင့် မိမိတိုက်သံဃာများကို အထူး သိပ်သည်းစွာ
နေထိုင်၍ သာသနာ့တာဝန် ဆောင်ကြဖို့ မကြာခဏ ညွှန်ပြနေပါသည်။