အမဲမဖမ်းသင့်
တောရွာမှ မြို့သို့ ဈေဝယ်လာသူကို မြို့က အမြတ်ကြီးစား၍
အညံ့စား ပေးလိုက်ရာ၌ “အမဲဖမ်းတာပဲ” ဟု ခေတ်သုံးစကားတစ်ခု ရှိပါသည်၊ [ တောထဲက သားကောင်ကို
အမဲကောင်ဟု ခေါ်၍ ထိုအကောင်၏ အမဲသား စားဖို့ရန် (အဖိုးမပေးရဘဲ) ဖမ်းယူခြင်းကို ဥပစာတင်စာ၍
ပြောသောစကား ဖြစ်သည်၊]
ထိုအဖြစ်မျိုးကို ဤသာသနာရေးမှာလည်း တစ်ချို့နေရာ၌
တွေ့ရ၏၊ မိမိက သီလ သမာဓိ ပညာမရှိဘဲ အလှူဒါန၏ အကျိုးကို ဟောပြ၍ ဒကာ ဒကာမတို့အထံမှ (သာသနာတော်
အကျိုးမများဘဲ) ပကာသနပစ္စည်း များကို အလှူခံခြင်းမျိုးတည်း၊
ချစ်သနားစရာ ပြည်မြန်မာ
ဤ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် သာသနာရေးဘက်
ကြည့်လျှင် ကရုဏာ မေတ္တာ များစွာထားထိုက်သော (သနားစရာ ချစ်စရာကောင်းသော) နိုင်ငံတော်ဖြစ်ပါသည်၊
အင်္ဂလန်တို့လို နိုင်ငံမျိုးဝယ် ဗုဒ္ဓဘာသာဝင်တစ်သိန်းရှိစေကာမူ တစ်ယောက်တည်းက သာသနာပြုကျောင်းတစ်ဆောင်
ဆောက်ဖို့ ခဲယဉ်၍ ရဟန်းတော် တစ်ပါး နှစ်ပါးကို အများစုပေါင်း၍ အခမဲ့ ကျွေးထားဖို့လည်း
ခဲယဉ်းပါသည်၊
ဤနိုင်ငံ၌ကား ဗုဒ္ဓဘာသာဝင် အိမ်တစ်ရာရှိလျှင် ကျောင်းနှင့်တကွ သံဃာ(၁၀)လောက်ကို
ဆွမ်း သင်္ကန်းပြည့်စုံအောင် ထောက်ပံ့နိုင်ကြပါသည်၊
ထို့ကြောင့် ဤနိုင်ငံ၌ သာသနာနှင့် စပ်ဆိုင်ရာဝယ် အမဲဖမ်းသလို မဖြစ်စေဘဲ သနားချစ်ခင်စွာဖြင့်
သာသနာကို အကြောင်းပြု၍ အကျိုးရသော နိုင်ငံဖြစ်အောင် သံဃာတော်ဘက်ကလည်း စွမ်းဆောင်သင့်လှပါသည်။
ဂုဏ်ရှိရှိနှင့် တည်စေမည်လား
ဤပြခဲ့သော အချက်များကို စဉ်းစားပြီးလျှင် “ဤ
သာသနာတော်ကို ဂုဏ်ရှိ သိရ်ရှိနှင့် ဤနိုင်ငံမှာ တည်စေမည်လား, ဂုဏ်မဲ့ သိရ်မဲ့ ဖြစ်၍ ဤနိုင်ငံမှ ကွယ်ပျောက်သွားစေမည်လား”ဟု ဆရာ ဒကာ အားလုံးပင်
မိမိကိုယ်ကို မေးလျှင် “ဂုဏ်ရှိ သိရ်ရှိနှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၏ တည်တံ့ခြင်းကို
လိုလားကြပါသည်”ဟု ဖြေကြပါလိမ့်မည်၊
ထိုသို့ လိုလားကြပါလျှင် (လိုလားနေရုံဖြင့်
အကျိုးမရနိုင်သောကြောင့်) လိုလားသည့်အတိုင်း အားထုတ်ဖို့ရာ ကိုယ်စီကိုယ်င ဖြစ်နိုင်လောက်သော အကြံသစ် ဥာဏ်သစ်များဖြင့် သာသနာရေးကို စဉ်းစားသင့်ကြပါကြောင်း
လျှောက်ထားတောင်းပန်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။