မိမိကျောင်းတိုက် ပြုပြင်ပုံ
၁။ မိမိ၏ ကျောင်းတိုက်ဝယ် ဆရာ မိဘစသော ရင်းရင်းနှီးနှီး
ပုဂ္ဂိုလ်တို့က လိုက်ပို့ အပ်နှံသူကိုသာ, သို့မဟုတ် ကျောင်းတွင်း၌ နဂိုက သိပြီးသော အာမခံ
ရှိသူကိုသာ လက်ခံပါသည်၊ အများအားဖြင့် ပြောဆို ပြုပြင်၍ ရလောက်သော သာမဏေငယ်များကိုသာ
လွယ်လွယ်ကူကူ လက်ခံပါသည်။
၂။ ထိုပုဂ္ဂိုလ်၏ သပိတ် သင်္ကန်းစသော အသုံးအဆောင်များကို
ဝိနည်းတော်နှင့် အညီဖြစ်အောင် သာမန်မျှသာ ရှေးကသတိပေးခဲ့သော် လည်း တိုးချဲ့ ပြုပြင်လိုသော
ယခုအချိန်မှာ (ဂဏန်းသင်္ချာ ဘာသန္တရ တို့ကို တွဲဖက်သင်ရမည် ဖြစ်သောကြောင့်) သာ၍ တင်းကြပ်စွာ
စီစစ်နေပါသည်၊ [၀ိနည်းနှင့် မအပ်အောင် ကိုယ်တိုင် ၀ယ်လာသော ပစ္စည်းတစ်ခုသည် ကိုင်တိုင်း
ကိုင်တိုင်း အာပတ်တစ်ခု ထပ်၍ သင့်ပါသည်။
၎။ အာမခံပုဂ္ဂိုလ်သည် မိမိတာဝန်ရှိသူ၏ ကျန်းမားရေးနှင့်
စာသင်ရေးကို အထူးတာဝန်ယူရပါသည်။ [မိမိ စာချပေးနိုင်လျှင် စာချပေး၍, စာမချနိုင်လျှင်
စာချပေးမည့်ပုဂ္ဂိုလ်အထံ လိုက်နာဖို့ ညွှန်ပြသောအားဖြင့် စာသင်မှုကို တာဝန်ယူရပါသည်။]
၅။ ခရီးသွားသောအခါ သင်္ကန်းရုံဖို့, သပိတ်ယူသွားဖို့,
ငွေမကိုင်ဖို့ သတိပေးပါသည်၊ သို့သော် ပင်ကို သဒ္ဓါတရား ကောင်းသူတချို့သာ သတိပေးတိုင်း
ပြုကျင့်၍ သဒ္ဓါတရား နည်းသော စာသင်သားတို့ကား မျက်ကွယ်ရောက်လျှင် ထိုအတိုင်း မပြုကျင့်ကြပါ။
၆။ပွဲကြည့်ခြင်း, ကျောင်းတွင်း၌လည်းကောင်း,
ကပ္ပိယ ရနိုင်ပါလျှက် ကျောင်းပြင်၌လည်းကောင်း ငွေကိုင်ခြင်းသည် တိုက်မှ နှင်ထုတ် နိုင်သော
အပြစ်များ ဖြစ်ပါသည်။ [တစ်ရံတစ်ခါ ကပ္ပိယ မရနိုင်၍ ခရီးသွားရင်း ငွေကိုင်ခြင်းကို ၀ိနည်းက
ပညတ်ထားသော်လည်း နှင်၍ မထုတ်နိုင်သည်မှာ ငွေမကိုင်သည့် ပုဂ္ဂိုလ်က နည်းပါးသေးခြင်းကြောင့်
ဖြစ်၏။]
၇။ မိမိ၏ အိပ်ရာ နေရာ အ၀တ် သင်္ကန်းများကို သန့်ရှင်းစွာထား၍
မိမိတို့၏နေရာ ကျောင်း၏ အနီးဥပစာကိုလည်း ထိုက်တန်သမျှ သန့်ရှင်းစေရပါသည်၊ ဥပုသ်နေ့မတိုင်မီ
အဖိတ်နေ့၌ မိမိနေရာကျောင်း ကို အထူးသန့်ရှင်းစေ၍ ဥပုသ်နေ့၌ နံနက်ဆွမ်း စားအပြီးတွင်
(ဆောင်း အခါမဟုတ်လျှင်) တစ်တိုက်လုံး ရေဖျန်း၍ တံမြက်လှည်းရပါသည်။
၈။ ညဥ့်အခါ နေ၀င်ဘာသာအချိန်၌ ဘုရားဝတ်တက်ကြပါသည်၊
(ဘုရားရှေ့တော်၌ ဘုရားရှိခိုး, သုတ္တန်ပါဠိတော်, ပါတိမောက်, ပရိတ်စ သည်တို့ကို အလှည့်ကျ
ရွတ်ခြင်းကို ဆိုသည်၊) ထို့နောက် စာည၀ါ ချတန် ချကြသည်၊ (၈)နာရီ ခွဲလောက်အချိန်၌ တုံးကလေး
ခေါက်၍ စာအံတိတ်စေပြီးလျှင် ပစ္စ၀က္ခဏာဆင်ခြင်မှု, မေတ္တာပွားမှု, ဗုဒ္ဓါနုဿတိပွားမှုစသော
အလိုရှိရာပွားမှုကို နာရီဝက်ခန့် ပြုကြရပါသည် [သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်များ မှန်မှန်ပြုကြ၍
အချောင်သမားတို့ကား ပြုကြမည် မဟုတ်ပါ၊ သို့ရာတွင် စကားမပြောရ, တိတ်ဆိတ်စွာ နေကြရ ပါသည်၊]
ထို့နောက် (၉)နာရီလောက် တုံးကလေးခေါက်၍ အညောင်း အညာ ဖြေပြီးလျှင် အိပ်ရာ ၀င်ကြရပါသည်၊
နောက်ထပ် စာမအံရပါ။
၉။ နံနက်စောစော တုံးကြီးခေါက်လျှင် (အလွန်ငယ်သူမှတစ်ပါး
ကျန်းမာလျှင်) အားလုံးထကြရ၏၊ ထပြီးလျှင် (လေထမည် စိုးသောကြောင့် စုပေါင်း၍ဘုရားရှိခိုးမှု
မပြုဘဲ) ပစ္စ၀က္ခဏာဆင်ခြင်မှု, မေတ္တာ, ဗုဒ္ဓါနုဿတိ စသည် ပွားများမှုကို (မအိပ်မီ အတိုင်း)
ပြုကြရပါသည်။
၁၀။ အရုဏ်တတ်သောအခါ သံချောင်းခေါက်၍ နံနက်ဆွမ်းစားကြရပါသည်၊
ထို့နောက် တုံးကလေးခေါက်၍ တစ်နေရာ၌ အားလုံးစုပြီးသောအခါ (စာမြင်ရလောက်အောင်) မလင်းသေးခင်
မိမိအနားမှာ တရားစာကို ခေတ္တရွတ်၍ တစ်ရံတစ်ခါငယ်ရွယ်သူများ အတွက် စာကို အနည်းငယ် ပြောပါသည်၊
တစ်ရံတစ်ခါ ကျောင်းနှင့်စပ်၍ သတိပေးစရာ, အပြစ်တင်စရာ, ချို့ယွင်းချက် စသည်များကို
ပြောပါသည်၊ ထို့နောက် စာမြင်ရသောအခါ ငယ်ရွယ်သူများ ဘုရားရှေ့တော်သွား၍ စာရွတ်ကြ, ကျောင်း
ပတ်ဝန်းကျင် သန့်ရှင်းကြစဉ် စာအထက်တန်း ရောက်သူများအား စာချပါသည်။
၁၁။ ထိုသို့ စာချပြီးချိန်နှင့် နေစာအတွက်
ဆွမ်းခံချိန်သည် အံကိုက် ကျစေမြဲ ဖြစ်သည်၊ ဆွမ်းခံချိန်မှ စ၍ မိမိသည် စာရေးစာပြင်မှုကို
ပြုမြဲ ဖြစ်၏၊ ဆွမ်းခံပြန်လာသောအခါ စာချဘုန်းကြီးများ စာချကြ၏၊ နှစ်ကြိမ်လောက် စာချပြီးသောအခါ
နေ့ဆွမ်းစားချိန်နှင့် နီးကပ်သွားလေသည်၊ ဆွမ်းစားသောအခါ တစ်တိုက်လုံး စု၍ ဆွမ်းစားကျောင်း၌
စားကြပါသည်။ [အဖိတ်နေ့ နေ့တစ်ဝက်နှင့် ဥပုသ်နေ့၌ အ၀တ်ဖွတ်, ဦးခေါင်းရိတ်, သင်္ကန်းဆိုး
ကိစ္စများကြောင့် စာချစာတက်ကိစ္စများကို ရပ်နားစေပါသည်။]
၁၂။ ထိုသံဃာများသည် ပဲပြုတ်, ချဉ်ပေါင်ဟင်းမျိုးစုံဖြင့်
နေ့စဉ်နံနက်ဆွမ်း စားကြ၏၊ [ဆွမ်းကို ရှင်သာမဏေကြီးများ ချက်၍, ဟင်းကို တာဝန်ရှိသော
ဥပါသိကာမ သီလရှင်တို့ချက်ကြ၏၊ နေ့ဆွမ်းအတွက်လည်း သင့်လျော်သော ဟင်းနှစ်ခွက်ကို ချက်ပေးကြရ၏၊
နေ့ဆွမ်း စားသောအခါ သာမဏေများ ကျိုပေးသော လက်ဖက်ရည် ကိုလည်း သောက်ကြရ၏၊ ညနေတိုင်းပင်
နွေအခါ မန်ကျည်းဖျော်ရည်, ဆောင်းအခါ မိုးအခါတို့၌ ထန်းလျက်ရည်ကို သုံးဆောင်ကြရ၏၊ မကျန်းမာသောအခါ
ကော်ဖီ, မုန့်ကျွတ်, ရှလပတ်ရည်, ဂလူးကို့စ် စသည်များကို ဆေးဆရာ၏ ညွှန်ကြားချက်အတိုင်း
ရရှိကြပါသည်။]
၁၃။ ယခုအခါ တာဝန်ပေါ့သောနည်းကို စမ်းသပ်နေပါသည်၊
နံနက်ဆွမ်းစားချိန်ဝယ် တစ်ချို့ကိုယ်တော်များကို ယာဂုပျစ်ပျစ် သောက်စေ၍ ဆွမ်းခံပြန်လာသောအခါ
(ရေချိုးလိုလျှင် ချိုး၍) ဆာသောအချိန်ကျမှ ဆွမ်းစားစေသောနည်း ဖြစ်ပါသည်၊ ဆွမ်းပွဲနှင့်
မစားရ၊ တစ်ပါးချင်း စီတန်း၍ စားရပါသည်၊ မျှတအောင်လည်း ကျောင်းဟင်းနှစ်ခွက်နှင့် လက်ဖက်ရည်(ရေနွေး)
ရပါသေးသည်၊ ဤနည်းအားဖြင့် ကျန်းမာရေးလည်း ပို၍ ရမည်ဟု မျှော်လင့်ပါသည်။
မှတ်ချက်။ ။ဤ (၁၃)နံပါတ် ဆွမ်းစားနည်းသည် ဘုရားလက်ထက်တော်က
နည်းလည်း ဖြစ်ပါသည်၊ ထိုခေတ်ကတချို့က ယာဂုပင်မသောက်ကြပါ၊ မဟာဂန္ဓာရုံဆရာတော်ဘုရားလက်ထက်က
ယောဂီရဟန်းတော်များလည်း ဤနည်းအတိုင်း ဆွမ်းဘုဉ်းပေးကြပါသည်။ [သို့သော် ညနေဆာတတ်သော
ပုဂ္ဂိုလ်များအတွက် တာဝန်လေးမည် စိုး၍ မဆာတတ်သော ပုဂ္ဂိုလ်များသာ ဤနည်းအတိုင်း စားကြဖို့ရန်
ညွှန်ပြထားပါသည်။]