သီလရှင်များ၏၀န်ဆောင်ကျောင်းတိုက်
ဗုဒ္ဓဘာသာဝင် သီလရှင်များလည်း ခေတ်နှင့် လျော်ညီစွာ
အမျိုး သမီးကလေးများကို ပညာသင်ပေးမှု, အကျင့်စာရိတ္တ ပြုပြင်မှုများကို ပြုစေလိုပါသည်၊ ထိုသို့ ပြုပြင်ဖို့ရန် ရဟန်းတော်များအတွက်
ဝန်ဆောင် ကျောင်းတိုက် လိုသကဲ့သို့ သီလရှင်များအတွက်လည်း အမှန်ပင် ၀န်ဆောင်ကျောင်းတိုက်
လိုပါလိမ့်မည်၊
ထိုသို့ ၀န်ဆောင် ကျောင်းတိုက်ဝယ် စနစ်ကျသော
ပညာကို သင်ယူကြပြီးနောက် မိမိတို့ မြို့ရွာနယ်ပယ်သို့ ပြန်၍ အမျိုးသမီးများ၏ အားကိုးရာများ
ဖြစ်နိုင်မှ သာ တစ်နည်းတစ်လမ်းအားဖြင့် ရှေးဘိက္ခုနီ ထေရီမတို့၏ နေရာ ၀င်၍ ဗုဒ္ဓသာသနာ့ဝန်ကို
ထမ်းဆောင်ရာ ရောက်ကြပါလိမ့်မည်။
ဗုဒ္ဓဘာသာဝင် သီလရှင်များကို ဘာသာခြား သီလရှင်များကဲ့သို့
သူနာ ပြုဆရာမ လုပ်ပါဟု မတိုက်တွန်းလိုပါ၊ သို့ရာတွင် မိမိကျောင်း အတွင်းရှိ သီလရှင်များနှင့်
တပည့်မကလေးတို့၏ ကျန်းမာရေး စောင့်ရှောက် နိုင်ဖို့ရန် ကျန်းမာရေးပညာကိုကား သင်ကြားဖို့
လိုပါသည်၊
သီလရှင် သာမက, ရဟန်တော်များလည်း ရဟန်းသံဃာ
အချင်းချင်း စောင့်ရှောက်ဖို့ရန်နှင့်ကျောင်းသားသူငယ်များကို စောင့်ရှောက်ဖို့ရန်
ကျောင်း တွင်း ကျန်းမာရေးပညာကို တတ်သင့်ပါသည်၊
ဗုဒ္ဓမြတ်စွာသည် ဘေသဇ္ဇခန္ဓကဟု ခေါ်သော ပါဠိတော်
တစ်ရပ်လုံး၌ ဆေးနည်းများကို ဟောတော်မူပါ၏၊ “ဆရာသည် တပည့် မကျန်းမာလျှင် ပြုစုလုပ်ကျွေးရ
မည်”ဟု ပညတ်တော်မူ၏၊
ပဉ္စကအင်္ဂုတ္တိုရ်
ဂိလာန၀ဂ်၌ကား ““ဂိလာန အတွက် ဆေးစီမံတတ် (ဆေးစပ်တတ်)ရမည်, သင့်/မသင့် အစာကိုသိ ရမည်””စသည်ဖြင့်
အင်္ဂါငါးပါးကို ဟောတော်မူ၏၊ ထို့ကြောင့် ဆရာဖြစ်သူတိုင်း ကျန်းမာ ရေးအတတ် ဆေးအတတ်များကို
တတ်၍ တပည့်များကိုလည်း သင်ပေးထိုက်ပါသည်၊ ဤသို့ အသီးသီး တာဝန်ကို ကျေပွန်စွာ ဆောင်ကြမှသာ
ဤနိုင်ငံနှင့် ဤသာသနာတော် တိုးတက်နိုင်စရာ ရှိပါသည်။
တာဝန်ဆောင်ရခြင်းအကျိုး
မိမိတို့ ယခုတွေ့ရသော ဗုဒ္ဓသာသနာတော်ကို ၀ိနည်းလမ်း
သုတ္တန်လမ်း အဘိဓမ္မာလမ်းနှင့်အညီ ထမ်းဆောင်ကြပါမူ ထိုထမ်း ဆောင်သူ ဆရာ ဒကာ အားလုံးပင်
သာသနာတော်နှင့် စပ်၍ သိထိုက်ရထိုက်သော မဂ် ဖိုလ် နိဗ္ဗာန်၏ အကြောင်းပါရမီကို ကိုယ်စီ
ကိုယ်ငရပြီး ဖြစ်ကြပါလိမ့်မည်၊
နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်သေး၍ သံသရာခရီးကို
သွားနေရစဉ်လည်း ဗုဒ္ဓမြတ်စွာ၏ အယူဝါဒနှင့် ဆန့်ကျင်သော မိစ္ဆာအယူများကို ယူမှားနိုင်စရာ
မရှိတော့ပါ၊ တွေ့ရာ ကြုံရာ ဘ၀တိုင်း၌ ဒုစရိုက်အမှုကိုလည်း
အများအားဖြင့် ရှောင်ရှား နိုင်စရာ ရှိပါသည်၊
သုဝဏ္ဏသျှမ်ဇာတ်တော်၌ အရှင်မဟာကဿပ အလောင်း,
မယ်ဘဒ္ဒါ အလောင်းတို့သည် မြစ်ကမ်းနှစ်ဖက်ရှိ တံငါရွာသူကြိးများ၏ သားသမီးများ ဖြစ်ကြသော်လည်း
ငါးကို အလွန် သနား၍ မသတ်မိကြပါ၊ သူတို့နှစ်ဦး လက်ထပ်ပြီးသောအခါ ဆွေမျိုးအားလုံးနှင့်
စိတ်ချင်းမတူ၍ တောထွက်သွားကြပါသည်၊ ဤသို့ ဒုစရိုက် သတ်ဖြတ်မှုကို မပြုနိုင်ခြင်း သည်
ရှေးဘ၀ဟောင်းတို့က အထုံ ၀ါသနာကောင်း ပါလာခြင်းကြောင့် ဖြစ်ပါသည်။
ကြုံခဲသောသာသနာ
ဗုဒ္ဓမြတ်စွာ တစ်ဆူ တစ်ဆူ၏ သာသနာသည် အလွန်
ပေါ်လာဖို့ ခဲ ယဉ်း၏၊ ဘုန်းကြိးတို့၏ ဘုရားအလောင်းတော် ပါရမီဖြည့်ရာဝယ် လေး အသင်္ချေနှင့်
ကမ္ဘာတစ်သိန်း၏အတွင်းမှာ (ဘုရားရှင်ပေါင်း နှစ်ကျိပ် လေးဆူသာပွင့်ခဲ့သောကြောင့်) ဤသာသနာမျိုးမှာ
နှစ်ဆယ့်လေးကြိမ်သာ ကြုံခဲ့ရဖူးသည်၊ ထိုမျှလောက် ခဲယဉ်းသော သာသနာ တော်ကြိး ထွန်းပေါ်ချိန်ဝယ် မိမိက လူ့ဘ၀ကို ရနေဖို့လည်း တစ်ဆင့်
ခဲယဉ်းပြန်၏၊
လူ့ဘ၀ ရပြန်ပါလည်း ဗုဒ္ဓသာသနာကို ယုံကြည်သော
လူ့ဘ၀ရဖို့ကား ထပ်မံ၍ ခဲယဉ်းပြန်၏၊ ဗုဒ္ဓသာသနာကို ယုံကြည်သော လူ့ဘ၀ကို ရပြန်ပါလည်း သာသနာတော်ကို
ပြုစုသော သဒ္ဓါ ဆန္ဒနှင့်သီလ သမာဓိ ပညာ, ဥစ္စာဓန
ပြည့်စုံသူ ဖြစ်ဖို့ရန် ထပ်မံ၍ ခယဉ်းပြန်၏၊