Friday, April 18, 2014

ဘာသာသွေး အပိုင်း (၃၀) ကြိုးစားပါလျက်အထင်သေး




ကြိုးစားပါလျက်အထင်သေး

ယခုအခါ စာချပုဂ္ဂိုလ်, စာသင်သား, တိုင်းသူပြည်သား, အစိုးရဟု သာသနာ့တာဝန်ဆောင် လေးမျိုးကို တွေ့ရ၏၊ စာချပုဂ္ဂိုလ်များသည် အချိန်အားလျော်စွာ စာချနေကြရ၏၊ တချို့ကား အတော် ပင်ပင်ပန်းပန်း စာချတော်မူကြ၏၊ စာသင်သားတို့လည်း စာမေးပွဲဝင်ဖို့ရန် အတော် ပင်ပင်ပန်းပန်း သင်ယူလေ့ကျက်နေကြ၏၊ တချို့မှာ စာသင်ရာမှ လူစဉ်မမီအောင် ရောဂါရကြ၏၊

တိုင်းသူပြည်သားတို့လည်း နေ့စဉ် ဆွမ်းလောင်းခြင်း, နေ့ကြီး ရက်ကြီးများ၌ အထူးဆက်ကပ် လှူဒါန်းခြင်း, သားရှင်ပြု, ဘုရားပွဲ, ဘုန်းကြီးပျံစသေကြိစ္စအတွက် များစွာ အကုန် အကျခံ၍ လှူဒါန်းခြင်း ဤသို့အားဖြင့် သာသနာနှင့်စပ်၍ အကုန်စရိတ် ကို များစွာ အသုံးပြုနေကြ၏၊

အစိုးရကလည်း တိုင်းသူပြည်သားတို့အထံ မှ ကောက်ခံရရှိသော ဘဏ္ဍာတော်ဖြင့် ဗုဒ္ဓသာသနာတော်အတွက် စာမေးပွဲ ပြုလုပ်ပေးခြင်းစသည်ဖြင့် နှစ်စဉ် လစဉ် ဘဏ္ဍာတော်ကို အသုံးပြုနေ၏၊

ဤသို့ လေးဖက် လေးတန် သာသနာ့အလုပ်ကို အားထုတ်နေကြပါလျက် တိုင်းသူပြည်သားတို့က သာသနာတိုးတက်လာ သည်ကို မမြင်ရဘဲ သာသနာဆုတ်ယုတ်နေပြီဟု အယူရှိရုံမက, တချို့ကမူ သာသနာရေး၌ အထင်သေး အမြင်သေးပင် ဖြစ်နေပါသည်။

စာချပုဂ္ဂိုလ်များ သြဇာနည်းခြင်း

စာချပုဂ္ဂိုလ်သည် စာသင်သားတို့အပေါ်၌ သြဇာရှိသင့်၏၊ သြဇာရှိအောင်လည်း ဆရာ့ဂုဏ်အင်္ဂါနှင့် ပြည့်စုံရပေလိမ့်မည်၊ ယခုသော် နာမည်ကြီးသော စာချပုဂ္ဂိုလ်အထံ၌ ကျောင်းတိုက်အမျိုးမျိုးမှ စာသင်သားများ လာရောက်၍ ခေတ္တခဏမျှ နားထောင်ကြ စာလိုက်ကြ၏၊ စာလိုက်ပြီးလျှင် ဆိုင်ရာကျောင်းသို့ ပြန်ကြ၏၊

ထို့ကြောင့် မြို့ကြီးများ၌ စာချဘုန်းကြီးသည် ၀တ္တရားအတိုင်း စာချရသော်လည်း စာသင်သားတို့ အပေါ်မှာ ငါ၏ သြဇာခံ တပည့်များဟု သဘောမထားနိုင်ကြတော့ပေ၊ ဤသို့ ဆရာ တပည့် ရင်းရင်းနှီးနှီး မရှိကြသဖြင့် ဆရာလည်း ဆရာ့ဘာသာ နေ, တပည့်လည်း တပည့်ဘာသာ နေရခြင်းသည် တိုးတက်လမ်း ပိတ်နေသော ဖြစ်ပုံတစ်ရပ်တည်း။

စာသင်သားများရည်ရွယ်ချက်

ထို့ပြင် စာသင်သားတို့သည် များသောအားဖြင့် စာမေးပွဲ  အောင်ဖို့ကို ရည်ရွယ်၍ စာသင်ကြ၏၊ စာမေးပွဲ အောင်ခြင်းကြောင့်  ဂုဏ်ရှိခြင်း, ဆရာ မိဘ ဒကာ ဒကာမတို့က အရေးပေးခြင်း, ဆုလာဘ်ရခြင်းဟူသော အကျိုးများသည် များစွာသော စာသင်သားတို့ စိတ်တွင် ပေါ်ထင်နေသော အကျိုးများ ဖြစ်၏၊ များစွာသော ဆရာတို့ ကလည်း စာမေးပွဲကို အားပေးကြ၏၊

မိမိကျောင်းတိုက်မှ စာမေးပွဲမည်မျှ အောင်သည်ဟု ဂုဏ်ယူလိုကြ၏၊ စာတတ်အောင်, စာတတ်လျှင် သာသနာ့တာဝန် ဆောင်ရွက်ရအောင် ရည်ရွယ်မည့်အစား စာမေးပွဲ အောင်ဖို့ကို ရည်ရွယ်ခြင်းဖြစ်သည်၊ (မြတ်စွာဘုရား ဟောတော်မူအပ်သော စာသင်နည်းသုံးမျိုးတ၀င်) မြွေဖမ်းမတတ်ဘဲ ဖမ်းသော အလမ္ပာယ်ဆရာ၏ မြေကိုက်ခံရသောနည်းတည်း၊ ယခုအခါ စာချတန်း အောင်ပြီး ပုဂ္ဂိုလ်တော်တော်များများသည် ဆရာနှင့် ကင်း၍ အင်္ဂလိပ်စာကို  သင်နေကြ၏၊ ဤသို့  ဖြစ်ခြင်းလည်း ပျက်စီးဖို့ရာ နီးကပ်လာသော  အဖြစ် တစ်ရပ်တည်း။

ဒကာများ၏ ပကာသနများခြင်း

ဒကာများ၏ အလှူဒါနပြုရာဝယ် နေ့စဉ် ဆွမ်းလောင်း ကိစ္စမှတစ် ပါး များစွာသော ဒါနတို့၌ အတုအပပြုခြင်း, ဂုဏ်ရှိအောင်ပြုခြင်း (ဤပြု ခြင်းကို ပကာသန ဒါနဟုဆို၏၊) နောက်ဘ၀ စည်းစိမ်ကို တောင့်တပြု ခြင်းတို့ကြောင့် ငွေကုန်သလောက် သာသနာအကျိုး မသက်ရောက်ဘဲ ရှိရသည်၊

သာသနာရေးနှင့်စပ်သော ဒါနမှန်လျှင် သာသနာအကျိုးသက် ရောက်မှသာ သာသနာပြုရာရောက်မည်၊ မန္တလေး၌ ဒါယကာ ဒါယိကာမတို့သည် သာသနာဒါနကိုသာ ပြုကြမည်ဆိုလျှင် ကထိန်ခေတ် အတွင်း ကုန်ကျစရိတ်မျှဖြင့် မန္တလေးအတွက် သာသနာ့ဝန်ဆောင်တက္ကသိုလ်ကြိး ဖြစ်လာစရာ ရှိ၏၊

ရန်ကုန်, မော်လမြိုင်, ပုသိမ်စသော မြို့ ကြိးများ၌လည် ထို့အတူတည်း၊ ထို့ကြောင့် သာသနာကို တိုးတတ်စေလို သော ဘာသာသွေးရှိသူ မှန်သမျှ သာသနပြုဒါနကို ပြုသင့်ကြပါသည။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ