ဆရာကောင်းထံ နည်းခံပါ
ဆရာကင်း၍ ဘာသန္တရသင်ယူခြင်း၌ ပျက်စီးဖွယ်များကြောင်းကို
ပြ၍ ဆရာကောင်းများ၏ သြ၀ါဒမကင်းသော ဘာသန္တရသင် ပုဂ္ဂိုလ်များမပျက်စီးကြောင်းကို ပြခဲ့ပါပြီ၊
ထို့ကြောင့်“ဂဏန်းသင်္ချာနှင့် ဘာသန္တရတို့ကို (သာသနာထိန်းသိမ်းမည်ဟူသော သမ္မာဆန္ဆဖြင့်)
သင်ယူကြသော ပုဂ္ဂိုလ်များသည် အလေးပြုလောက်သော ဆရာ သမားများ အထံ၌ နည်းခံ သင်ယူမှသာ ရည်ရွယ်ချက်
အထမြောက် စရာရှိသည်”ဟု မှတ်ချက်တစ်ခု ရနေပါသည်၊ ထိုမှတ်ချက်သည် မှန်လှပေ၏၊
မိမိသည်ပင် အလေးပြုလောက်သော ဆရာအဆက်ဆက်အထံ၌
နည်းခံသင်ယူ၍ ဆုံးမသြ၀ါဒနှင့် အုပ်ချုပ်နည်းကိုပါ လက်တွေ့ ရခဲ့သောကြောင့် ယခုအခါ စာရေးစာချ၍
တိုက်တာအုပ်ချုပ်မှုတာဝန်ကို ဆရာများ၏ နည်းကိုမှီး၍ သိပ်သည်စွာ ဆောင်နိုင်ပါသည်၊ ထို့ကြောင့်
မိမိ၏ ဆရာသမားများထံမှ နည်းရခဲ့ပုံကို အကျဉ်းမျှ ပြပါဦးမည်။
မိမိသည် ငယ်စဉ်ကစ၍ အနေအထိုင်ကောင်းသော ဆရာသမား များနှင့် အဆင့်ဆင့် ကြီးပွားခဲ့ရ၏၊ ရွှေကျင်ဂိုဏ်းကြီး၏
ဒုတိယ သာသနာပိုင်သည် ဘေးတော် တော်စပ်၏၊ ပြခဲ့သော ဥက္ကဋ္ဌ မဟာ နာယကဆရာတော်များသည် စာသင်ပေးသောဆရာ
သြ၀ါဒပေးသော ဆရာများ ဖြစ်ကြ၏၊ စာသင်သားဘ၀ဖြင့် ပခုက္ကူသို့ ရောက်သောအခါ မဟာဝိသုတာရာမတိုက်ကြီး၏
ဥက္ကဋ္ဌ မဟာနာယက ဆရာတော် သုံးပါးလုံးအထံ၌ကိုယ်တိုင် သုံးနှစ်ခန့်မျှ စာဆိုခဲ့ရ၏၊ ရဟန်းသုံးဝါ
အရတွင် စာချအဖြစ်ဖြင့် ဆရာတော်များက ချီးမြှောက် တော်မူကြ၏၊
ထိုစဉ်က သံဃာခြောက်ရာကျော်ကို ဆယ်ပါးလောက်က
တာဝန်ယူ၍ စာချရာတွင် အငယ်ဆုံးစာချ ဖြစ်ခဲ့၏၊ ထိုပခုက္ကူ ဆရာတော်များ အထံဝယ် (မန္တလေး၌
ပို့ချလေ့မရှိသော) အထက် နိကာယ်ကြီးများကို ကိုယ်တိုင်ဆိုရစဉ်က ဘုရားရှင်နှင့်တရားတော်များကို
အလွန် ကြည်ညိုခဲ့၏၊ ပခုက္ကူတိုက်ကြီးဝယ် စာချဘုန်းကြီး အချင်းချင်း မေတ္တာအားကြီးပုံကို
ကိုယ်တွေ့ သိခဲ့ရ၏၊ မိမိကိုကား အငယ်ဆုံးဖြစ်၍ အားလုံးကပင် အရေးပေးကြပါသည်။
မဟာဂန္ဓာရုံ ဆရာတော်အထံ
(၁၄)နှစ်သားလောက်က စ၍ စစ်ကိုင်းတောင်ရိုး ပထမ
မဟာဂန္ဓာရုံဆရာတော်, ဒုတိယ မဟာဂန္ဓာရုံဆရာတော်တို့၏ အရိပ်အောက်သို့ မကြာခဏ ရောက်ခဲ့၏၊
ပထမ ရောက်ချိန်ကား မဟာဂန္ဓာရုံဆရာတော်ဘုရားသည် လူတွေ့မခံဘဲ သုံးနှစ်ခန့်မျှ တစ်ပါးတည်း
တရားကျင့်ခိုက် ဖြစ်၏၊
ဆရာတော်ကြီးသည် ပတ်ဝန်းကျင် ကာရံထားသော မဟာသုခချောင်အတွင်းဝယ်
တစ်ပါးတည်း သီတင်းသုံး တော်မူ၏၊ (၈)နာရီလောက် ဆွမ်းပို့သွားသော ဆရာတော်သည် မိမိကို
ခေါ်သွား၏၊ ခြေသံမကြားစေနှင့်ဟု သတိပေးတော်မူ၏၊ ချောင်အ၀သို့ ရောက်သောအခါ သော့ခလောက်ကို
အသာဖွင့်၍ ၀င်သွားကြ၏၊
ဆရာတော် ဆွမ်းဘုဉ်းပေးနေကျ နေရာ၌ ယူလာသောဆွမ်းချိုင့်ကို အသာချ၍ မနေ့က ထားခဲ့သော
ဆေးကြောပြီးသား ဆွမ်းချိုင့်ကို ယူကာ ပြန်ထွက်ခဲ့ကြ၏၊ ဆရာတော်ကိုကား မတွေ့ခဲ့ရပေ၊
ချောင်အ၀ ပြန်ရောက်သော် (ဆွမ်းပို့ထားခဲ့ပါကြောင်း အထိမ်းအမှတ်ဖြင့်) ဆွဲထားသော တုံးကလေးကို
သုံးချက်ခေါက်၍ တံခါးကိုသော့ခတ်ပြီး ပြန်ခဲ့ရပါသည်။
တိတ်ဆိတ်သော တောကျောင်း
ထိုအချိန်၌ ပတ်ဝန်းကျင်နှင့်တကွ မဟာဂန္ဓာရုံ
ချောင်ကြီးသည် တောကျောင်းပီသစွာ သာယာတိတ်ဆိတ်လှပါ၏၊ သကျသီဟ အားထုတ်ခိုက်ဖြစ်သော မြောင်းမြဆရာတော်တို့သည်
တိတ်ဆိတ်စွာ စာကြည့်တော်မူကြသကဲ့သို့ မိမိလည်း မြေဇလုံကြီးဝယ် သက်သတ်လွတ်ဟင်းများကို
ထည့်၍ သံဃာတော်များ စားသကဲ့သို့ တင်ပလ’င်ခွေ၍ စားရ၏၊ ဆွမ်းလုတ်ပြင်ပုံကို အနားမှ ဒန်ပူစားနေသော
(ဒုတိယ မဟာဂန္ဓာရုံ) ချမ်းအေးဆရာတော်ဘုရားက အမြဲ သင်ပြတော်မူ၏။
မဟာဂန္ဓာရုံဆရာတော်ဘုရားသည် မိမိရဟန်းဖြစ်ခါနီးအချိန်ဝယ်
တစ်ပါးတည်း နေရာမှ ထွက်တော်မူခဲ့၍ အတော်ကြာပေပြီ၊ ထိုအခါ၌ မိမိ၏ ရဟန်းဖြစ်ရေးကို မဟာဂန္ဓာရုံဆရာတော်နှင့်
ချမ်းအေး ဆရာတော်ကြီး နှစ်ပါးလုံးပင် ကြောင့်ကြစိုက်တော်မူကြပါသည်၊ ပထမ မဟာဂန္ဓာရုံဆရာတော်
ဘုရားသည် မိမိအား နောက်ဆုံး ဥပဇ္ဈာယ်ပြု၍ ထိုနှစ်မှာပင် ပျံလွန်တော်မူပါသည်၊ ဒုတိယမဟာဂန္ဓာရုံ
ချမ်းအေးဆရာတော်ဘုရား ကြီးကား မိမိ၏ နေရာမှာပင် မိမိသံဃာများ၏ အပြုအစုကိုခံတော်မူကာ
သက်တော် (၉၁)နှစ်မှာပျံလွန်တော်မူပါသည်။
ဆရာများထံမှ အကျိုးရ
မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်မှ အခြေခံစာသင်နည်းနှင့်
ပါဠိအဋ္ဌကထာ သွားလာနည်းကို ရခဲ့၍ ပခုက္ကူတိုက်ကြီးမှ နိကာယ်များစွာ မဟာသမုဒ္ဒရာကူးခတ်နည်းကို
ရခဲ့ပါသည်၊ ထိုပခုက္ကူတိုက်ကြီး၌ မပျင်မရိ စာချခြင်း, လက်အောက်စာချအချင်းချင်း မေတ္တာအားကြီးခြင်း
အလေ့အထကိုလည်း ဓာတ်ခံတစ်ခုအနေအားဖြင့် ရခဲ့ပါသည်၊
မဟာဝိသုဒ္ဓါရုံတိုက်ဝယ် သူငယ်ဘ၀မှ စ၍ စီမံအုပ်
ချုပ်သမျှကို လိုက်နာခဲ့ခြင်း, ပခုက္ကူနေစဉ် အုပ်ချုပ်သော စာချပုဂ္ဂိုလ်တို့တွင် ကိုယ်တိုင်
ပါဝင်ခဲ့ခြင်း တို့ကြောင့် တိုက်ကြီးနှစ်တိုက်မှ တိုက်တာအုပ်ချုပ်နည်းကိုလည်း ရခဲ့ပါသည်၊
မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး၏ ယောဂီသံဃာတော်များမှလည်းကောင်း,
မြောင်းမြ ဆရာတော်များ အထံမှလည်းကောင်း သင်္ကန်းအသွေးရောင် ရင့်ရင့်ဝတ်ခြင်း, မတိုမရှည်
ညီညီဝတ်ခြင်း, အသံကျယ်ကျယ် မပြောဆိုရခြင်းဟူသော အလေ့အကျင့်များကို ၀ါသနာပါအောင် ရခဲ့ပါသည်၊
ထိုဆရာတော်အားလုံးအထံမှ ဒါယကာ ဒါယိကာမတို့ကို
မြှောက်လည်းမမြှောက်, နှိပ်လည်း မနှိပ်ဘဲ မေတ္တာ ကရုဏာမှန်မှန်ဖြင့် ဟောပြောဆုံးမခြင်း
အလေ့အထကို ရခဲ့ပါသည်၊ ရရှိသော ပစ္စည်းလာဘ်များကို““မိမိဖို့””ဟု သဘောမထားဘဲ တိုက်တာသံဃာ
အားလုံး, ကျေးဇူးများသူအားလုံးကို ဝေငှသုံးစွဲခြင်း အလေ့အထကိုလည်း ထိုဆရာသမားအားလုံးအထံမှပင်
ရခဲ့ပါသည်၊
တိုက်တာ-ကျောင်းများကို ဆရာလုပ်၍ အုပ်ချုပ်မည့်
ပုဂ္ဂိုလ်တိုင်း ဆရာသမားများ၏အထံမှ အလားတူ နည်းကောင်းများ ရအောင် ကြိုးစားထိုက်ကြသည်
မဟုတ်ပါလော။
မိမိ၏ ဆန္ဒ
ဤသို့လျှင် မိမိသည် ၀ိပဿနာကမ္မဋ္ဌာန်းဆရာတော်
ဘုရားများ၏ အရိပ်အာဝါသ, ရွှေကျင်ဂိုဏ်းဆရာတော်များ၏ အရိပ်အာဝါသ, ပခုက္ကူ မဟာဝိသုတာရာမတိုက်ကြီး၏
အရိပ်အာဝါသ၀ယ် အေးမြပျော်ရွှင်စွာ အကျင့်စာရိတ္တနှင့် အထက်တန်း နိကာယ်ကြီးများကို လက်တွေ့ရခဲ့သော
ကြောင့် ““မိမိအမြင်မှာ နိုင်ငံရေး ဘာသာရေးအတွက် တစ်မျိုးကြီး ဖြစ်နေလေသလား””ဟု မပြောတတ်ပါ၊
ပြုပြင်လိုသော ဆန္ဒကား အလွန်ပြင်းပြလျက် ရှိပါသည်၊ ပြုပြင်လိုသော ဆန္ဒ ပြင်းပြလှသော
ကြောင့်ပင် တစ်ပါးတည်း စွမ်းနိုင်သမျှ၊ ရေးသားပို့ချ အုပ်ချုပ်ခြင်းဖြင့် ပြုပြင်ခဲ့သည်မှာ
အတော်ကြာ၍ အတော်လည်း အရာထင်ပါပြီ၊
မိမိ၏ကျောင်းတိုက်သံဃာသည် များသောအားဖြင့်(ခေတ်အလိုက်)
ကျေနပ်ဖွယ် အနေအထိုင်ဖြင့် ညွှန်ပြသမျှကို လိုက်နာကြပါသည်၊ မိမိ၏ ကျမ်းစာကိုလည်း လူရော
ရှင်ပါ အတော်များစွာက လက္ခံကြသည်၊
ထိုကြောင့်““ယခု အခြေအနေထက် တိုးချဲ့၍ နိုင်ငံအကျိုး,
သာသနာတော် အကျိုးကို ရွက်ဆောင်နိုင်လျှင် ကောင်းလေစွ””ဟု အကြံဖြစ်နေသည်မှာ ကြာခဲ့ပါပြီ၊
ဘာ့ကြောင့်နည်း?၊ လေးဖက် လေးဌာန ကြိုးစားကြပါလျက် သာသနာမတိုးတက်သောကြောင့်တည်း။