၅၁။ ပျိုသောကာလ၊ စုရမည်မှာ၊
ရွှေငွေရတနာတည်း၊
သို့မှသာ ခုဘ၀ ချမ်းသာမည်။
* အိုသောကာလ၊ ပြုရမည်မှာ၊
အထွေထွေ ဘာဝနာတည်း၊
သို့မှသာ ခေမာစခန်း လမ်းသာမည်။
၅၂။ တရားအလုပ်၊ အားထုတ်ထက်သန်၊
ရှိသူမှန်လျက်-
* ရုပ်နာမ်အသိ၊ မမြင်ဘိ၊
ဒွိဟိတ်ပုဂ္ဂိုလ်တည်း။
* ရုပ်နာမ်အသိ မြင်တုံဘိ၊
တိဟိတ်ပုဂ္ဂိုလ်တည်း။
၅၃။ ““ခွေး တွေ့စ၊ လူ ကြာမှ””
ဆိုတုံကြ၏။
* ခွေးချင်းတွေ့စ၊ ခါကာလတွင်
ဟောင်ကြဟိန်းကြ၊ ကိုက်ခဲကြ၏။
ရက်လကြာလျှင်၊ ချစ်ကျွမ်းဝင်၍
တူယှဉ်ပြေးသွား၊ တူအိပ်စား၏။
* လူချင်းတွေ့စ၊ ခါကာလတွင်
ဆိုကြပြောကြ၊ ခင်မင်ကြ၏။
ရက်လကြလျှင်၊ နင်နင်ငါငါ
ပြောကာငြီးငွေ့၊ ရန်စောင်တွေ့၏။
၅၄။ တတောင်ကမေ့၊ ကျောမမေ့
ဆိုလေ့စကား၊ အရှိသားကြောင့်
မှောက်မှားတုံဘိ၊ ကြံအသိနှင့်
မိမိနိုင်ဆဲ၊ အားမာန်ခဲ၍
ကိုင်ဆွဲထောင်းလျှင်၊ တတောင်ရှင်ကား
လူ့ခွင်ဓလေ့၊ ကြာသော်မေ့၏။
* ရက်နေ့ဖုံဖုံ၊ လွန်ခဲ့တုံလည်း
အာရုံစိတ်တွင်၊ စွဲမြဲထင်၍
ကျောရှင်ဖြစ်ငြား၊ လူအများကား၊
ထင်ရှားစုံစေ့၊ သူမမေ့တည်း။
၅၅။ ပန်းသတင်း၊ လေညင်းဆောင်
လူ့သတင်း၊ လူချင်းဆောင်ဟု
လူ့ဘောင်အလီလီ၊ ပြောကြသည်တည့်။
* သရဖီအင်ကြင်း၊ မွှေးနံ့သင်းကို
လေညင်းသုတ်လျှင်၊ လေအောက်ခွင်၌
အစဉ်ရနံ့၊ မွှေးထုံပျံ့၏။
ခြားသန့်တုံလျက်၊ လေညာထက်သို့
ဆန်တက်ပိုင်ပိုင်၊ မမွှေးနိုင်တည့်။
* တတ်သိပညာ၊ ရိုးဖြောင့်စွာဟု
ဂုဏ်ဝါကြိုင်သင်း၊ လူ့သတင်းကား၊
လူချင်းဆောင်၍၊ လူချင်းတွေ့သော်
ပြော၍မကုန်၊ မွှေးနံ့ထုံသည်၊
ဆန်စုန်မရွေး၊ သင်းပျံ့မွှေး၏။
၅၆။ ဆိတ်သေကို ဆင်ရေနှင့်ဖုံးသော်
လုံ၏။
ဆင်သေကိုဆိတ်ရေနှင့်ဖုံးသော် မလုံနိုင်။
၅၇။ အမျိုးမြတ်သော်လည်း
မိမိက ရိုးမတ်မှ၊ သူမြတ်ဖြစ်မည်။
* အမျိုးမမြတ်သော်လည်း၊
မိမိက ရိုးမတ်လျှင်
သူမြတ်ဖြစ်၏။
၅၈။ ငါသာလျှင် ထင်းမင်းစားနေ၏။
သူတို့သည် ထမင်းစားမနေကြဟု
မမှတ်လင့်။
* လူတိုင်းလူတိုင်း ထမင်းစားနေကြသည်။
၅၉။ လာဘ်ကိုလို၍ လူကိုကပ်၊
လူကိုကပ်၍ လာဘ်ကိုယူ၊
ထိုသို့သောသူ သတိမူလော့။
၆၀။ လောကတွင် အမိကို တိကျစွာ
သိသောသားကား လောကတစ်လွှားတွင်
အပြည့်သားပင်။
* အဖကို အတိအကျ မသိသောသားကား
အနည်းအပါး ရှိတတ်ကြ၏။
* ထို့သို့သောသားသည် စကားမတည်ရာ၊
ပလီပလာ များတတ်စွာ၏။