၆၁။ ရဟန်းဖြစ်လင့် လူလိုမကျင့်နှင့်။
လူဖြစ်တုံလင့် ရဟန်းလိုမကျင့်နှင့်။
* လူဖြစ်တုံလင့်၊ လူလိုကျင့်လော့။
* ရဟန်းဖြစ်လင့်၊ ရဟန်းလိုကျင့်လော့။
၆၂။ ““သမဏေန သမဏော၊
ဂေါဏေန ဂေါဏော”” ဟု
ရှေးသောအခါတွင်၊ ပညာရှင်တို့၊
ဉာာဏ်စဉ်ထိမိ၊ ဆိုတုံဘိ၏။
* အဓိသီလာ၊ သိက္ခာကိုထမ်း၊
ရဟန်းချင်းချင်း၊ တွေ့ဆုံလျင်းသော်၊
သီတင်းလွေ့လွေ့၊ တူပျော်မွေ့၏။
* ရိုးဖြောင့်လိမ္မာ၊ သစ္စာရှိသော်၊
သူတော်ချင်းချင်း၊ တွေ့ဆုံလျင်းက၊
သီတင်းလွေ့လွေ့၊ တူပျော်မွေ့၏။
သိရှာကြငြား၊ နွားအချင်းချင်း၊
စားကျက်တွင်း၌၊ စားရင်းမြင်တွေ့၊
တူပျော်မွေ့၏။
* ယုတ်မာဆိုးသွမ်း၊ ရမ်းကားစွာလှ၊
ကျင့်ပါပနှင့်၊ လူဗာလချင်း၊
တွေ့ဆုံလျင်းသော်၊ သင်းပင်ဖွဲ့၍
တူပျော်မွေ့၏။
* ပညာရှိပေ၊ စိတ်နေဖြောင့်ကောင်း၊
သူတော်ကောင်းကား၊
သူကောင်းချင်းသာ၊ ပေါင်းဖက်ရာ၏။
၆၃။ မိတ်ပျက်ကိုပေါင်း၊ မိတ်ကောင်းကိုပစ်၊
ထိုသူညစ်ကား၊ ကျိုးပြစ်ဒုက္ခံ၊
တွေ့ကြုံပြန်သော်၊ ရှေးကံဟောင်းကို မရိုးနှင့်။
* ကိုယ်၏ပြစ်ချက်၊ ဖုံကွယ်ဝှက်ထား၊
သူတစ်ပါး၏၊ သေးမွှားလှစွာ၊
ပြစ်အနာကို၊ ဋီကာချဲ့လျက်၊
မိန့်ဆိုမြက်သည်၊
သူပျက်သူယုတ်မှတ်ယူသင့်။
၆၄။ မတူ၍တု၊ တူမတုတည့်၊
ရှိမှုပညာ၊ ကင်းပညာဟု၊
နှစ်ဖြာကွဲပြား၊ ရှိပေငြား၏။
* ထင်းရှားပညာ၊ မရှိပါလျှင်၊
ပညာရှိတွင်၊ တုပြိုင်ချင်၏။
* ပညာရှိချင်း၊ တူတုံလျင်းသော်၊
မိတ်သင်းဖွဲ့ခိုင်၊ တုမပြိုင်တည်း။
* ဂုဏ်ဝါမြင့်ကြား၊ သူအများကား၊
နွမ်းပါးဂုဏ်ရှိ၊ လူတုံးတိကို၊
မည်သည့်အခါမျှ၊ မပြိုင်ကြတည့်။
* ကင်းဘိဂုဏ်ပေါင်း၊ လူဗူးတောင်းကား၊
စုဆောင်းငယ်သေး၊ ဉာဏ်တစ်ရွေးနှင့်၊
ဉာဏ်ဌေးသူကို၊ တုပြိုင်လို၏။
၆၅။ ရဟန်းကောင်းလျက်၊ လောဘဖျက်၏။
မင်းပင်ကောင်းလျက်၊ မင်းမာန်ဖျက်၏။
ပညာရှိလျက်၊ ဒေါသဖျက်၏။
ဉာဏ်လျှင်ကောင်းလျက်၊ အပျင်းဖျက်၏။
အမျိုးကောင်းလျက်၊ အပေါင်းဖျက်၏။
အမျိုးသမီးကောင်းလျက်၊ ရာဂဖျက်၏။
ကွမ်းလျှင်ကောင်းလျက်၊ ထုံးကဖျက်၏။
ဟင်းလျှင်ကောင်းလျက်၊ ဆားကဖျက်၏။
မြင်းလျှင်ကောင်းလျက်၊ စီးသူဖျက်၏။
၆၆။ ရဟန်းဖြစ်လျက်၊ ဂုဏ်ဝါကျော်ကြား၊
ဝတ်စားလာဘ်မက်၊ အကျင့်ပျက်၏။
* မင်းဖြစ်တုံလျက်၊ မတည်သစ္စာ၊
လျင်စွာပယ်ဖျက်၊ အကျင့်ပျက်၏။
* သူတော်ကောင်းလျက်၊
ကုန်းတိုက် စကား၊
ယုံမှားမိလျင်၊ အကျင့်ပျက်၏။
* တပည့်ကောင်းလျက်၊ မြှောက်ပင့်စကား၊
ပြောမှားဆိုထွက်၊ အကျင့်ပျက်၏။
* လူရည်ကောင်းလျက်၊
သေစာ သောက်စား၊
ကစားမှုဖက်၊ အကျင့်ပျက်၏။
* လယ်မြေကောင်းလျက်၊
ကန်သင်း ရေမြောင်း၊
မကောင်းသည့်တွက်၊
ယင်းလယ်ပျက်၏။*
ဝိပတ္တိခေတ်အခါကို
စိတ်နာစွာနှင့် ရေးစပ်သော
““တေးထပ်””
** လူရိုးကို သူခိုးမှတ်၊
အဆိုးဓာတ် အကောင်းထင်၊
အမျိုးမြတ် မပေါင်းးချင်သည်၊
သူကောင်းတွင် သူယုတ်။
လူအရှုတ် လူပလီကို၊
လူတည်ကြည် စွဲမှတ်သမုတ်၊
** မှန်သဘော ပြောသူကို၊
မနောငြူ ရန်လုပ်၊
ဇောမဖြူ အကြံနုတ်ကိုလှ၊
မှန်အဟုတ် ဆက်နွယ်။
ကေ၀ဋ်လို လူငနဲကိုတော့၊
သူ့စိတ်စွဲ ၀ိဓူရနှယ်။
* မြင်အသိ ဉာဏ်မကြွယ်သည်၊
အသွယ်သွယ် လူရဟန်းတို့၊
မှုငြမ်းက ရှုတ်စွမှုပွေ၊
ဒုက္ခလူ့ပြေ၊
ဝိပတ္တိ ခေတ်အခြေကို၊
နင့်အမေ ဆဲချင်ပေါ့လေး။
* * * * *
နိဂုံးကမ္ပတ် - အဆုံးသတ်
** ထောင့်သုံးရာခြောက်ဆယ်ဖြစ်၊
သက္ကရာဇ်ခါတွင်။
ဆန်းတန်ဆောင် ဆယ်ရက်တွင်း၊
ကြွက်မင်းကွဲ့ ပျော်တဲ့နေတွင်။
တစ်ဆယ့်နှစ် နာရီတွင်၊
မင်္ဂလာ နေ့ချိန်တွင်း။
ဤစာစောင် ဖုံးကမ္ပတ်
ဆုံးသတ်အောင်ခြင်း။
* * * * *
ပတ္ထနာလောင်း ဆုတောင်း
** စကားပုံ နိတီစု၊
ရေးပြုသည့် ဤကုသိုလ်။
စိတ်ရွယ်ရည် အာသီလောင်း၊
တောင်းပန်ဆုဆို။
ခုဘ၀ ဤကိုယ်၊ မဂ်နှင့်ဖိုလ် လျင်ဆော။
မသေရာ ဓာတ်အထူးသို့၊ ကူးရစေသော။
** မဂ်နှင့်ဖိုလ် ဤဘ၀၊
မရခဲ့လေလျှင်။
ဝတိံသာ နန်းပြသာဒ်၊
သမ္မာနတ် ဖြစ်ရစေချင်။
ထူးမြတ်သည့် သုဓမ္မာသဘင်တွင်၊
ပျော်ရွှင်ရွှင်မြတ်တရား။
နာပွားလို့ ကျွတ်တမ်းဝင်၊
ဝဋ်လမ်းစဉ် ဖြတ်ရစေသား။
** ပါရမီ နုလှလို့၊ ဒုတိယဘ၀တွင်။
မဂ်နှင့်ဖိုလ် နိဗ္ဗာန်နန်း၊ လှမ်းကွာခဲ့လျှင်။
ဘိက္ခုဖြစ် သီလစင်၊
ကျင့်ဓုတင် အရညော။
ကာမဂုဏ် အပုပ်တုံးကို၊
မုန်းရစေသော။
နီတိစကားပုံများ ပြီးပြီ။